Tuesday, January 30, 2018

မြန်မာက မြင်ရမယ့် လကြတ်မှုဖြစ်စဉ်



ဒီနေ့ ဇန်နဝါရီ ၃၁ ညနေပိုင်းမှာ လအပြည့်အဝ ကြတ်တဲ့ ဖြစ်စဉ်ကို မြန်မာကနေ မြင်တွေ့ရတော့မှာပါ။

ရှေးနက္ခတ်ကျမ်းတွေ အလိုအရ နေကြတ်လကြတ်တာကို မြင်တွေ့ရတဲ့ တိုင်းနိုင်ငံတွေမှာ အကျိုးသက်ရောက်မှု ပိုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူတစ်ဦးချင်းအပေါ်မှာလည်း သက်ရောက်မှု အနည်းနဲ့အများ ဖြစ်လေ့ ရှိပြီး အကောင်းနဲ့အဆိုးလည်း ကွဲပြားတတ်ပါတယ်။ 

လကြတ်မယ့် ဖြစ်စဉ်ကို အနှစ်ချုပ် ပြောရရင်…

၁။ ဒီတခါ လကြတ်တာဟာ Super Moon ( ကမ္ဘာနဲ့ ပိုနီးကပ်တဲ့လ) လည်း ဖြစ်၊ အနီရောင်သန်းတဲ့ Blood Moon လည်း ဖြစ်တာမို့ ပုံမှန် လကြတ်တာထက် ပိုပြီး ထူးခြားနေပါလိမ့်မယ်။ မြန်မာ အပါအဝင် အရှေ့တောင် အာရှ၊ အိန္ဒိယ၊ အာရှအလယ်ပိုင်း၊ မြောက်အမေရိကနဲ့ ဥရောပတွေ ကလည်း မြင်တွေ့ရပါမယ်။

၂။ ညနေ ၆ နာရီကျော် လထွက်လာတာနဲ့ အနီရောင်သန်းတဲ့ လကြတ်မှု စတင်ပါမယ်။ ၇ ခွဲနဲ့ ၈ နာရီအတွင်းမှာ အလုံးစုံ အမှောင်ရိပ် ဖုံးလွှမ်းလာပြီး ၈ ခွဲကျော်မှာ လကြတ်မှု ပြီးဆုံးမှာ ဖြစ်ပါတယ်။

၃။ ခုလို လအပြည့်အဝ ကြတ်တာကို မြင်တွေ့ရတဲ့ မြန်မာနိုင်ငံမှာ ရက်ပိုင်းကနေ လပိုင်းအထိ သက်ရောက်မှု ဖြစ်လာနိုင်ပါတယ်။ နိုင်ငံမှာ အကောင်းထက် အဆိုးက ပိုပြီး အဖြစ်များမယ်လို့ ခန့်မှန်းရပါတယ်။

၎။ လပေါ် ကမ္ဘာရဲ့ အရိပ်ထိုးကျတဲ့ လကြတ်မှု ဖြစ်စဉ်ဟာ နှစ်စဉ် ဖြစ်နေကျ ဆိုပေမယ့် ဒီနှစ်မှာ မြန်မာကနေ အပြည့်အဝ မြင်ရမှာမို့ ထွက်ကြည့် လေ့လာချင်သူတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဇာတာအခံနဲ့ မကိုက်ရင် ထွက်ကြည့်မိသူမှာ မကောင်းကျိုးရလဒ်တွေ ဖြစ်လာမယ်လို့ အိန္ဒိယနက္ခတ်ကျမ်းတွေမှာ သတိပေးထားပါတယ်။

အနောက်တိုင်း နက္ခတ်ဗေဒင်အရ ဒီလကြတ်မှုကြောင့် ရာသီဖွား ၃ ခုမှာ ထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာပါလိမ့်မယ်။

၁။ ပြိဿရာသီဖွား 

ပြန်တွေးလိုက်တိုင်း နာကျင်ခံစားရတဲ့ အတိတ်ရဲ့ အရိပ်တွေကို ပြန်မြင်ရမယ်။ မေ့ပစ်ထားချင်တဲ့ ဒဏ်ရာအနာ ဟောင်းတွေကို တမြေ့မြေ့နဲ့ ပြန်ခံစားရမယ်။ ဆွေးမြေ့ နာကျင် ခံစားမှုတွေ အရမ်းကို ပြင်းထန်လာနိုင်ပါတယ်။

၂။ သိဟ်ရာသီဖွား 

စိတ်ကူးမျှော်မှန်းသမျှကို လက်တွေ့ကျကျ အကောင်အထည် ဖော်လာနိုင်ပါတယ်။ မျိုသိပ်ထားရ သမျှတွေကို ပေါက်ကွဲ ပွင့်အန်လာနိုင်မယ်။ သူတပါးက မသိတဲ့ ကိုယ့်အစွမ်းအစတွေကို ဖော်ထုတ်ပြသနိုင်ပါလိမ့်မယ်။

၃။ ဗြိစ္ဆာရာသီဖွား
အလုပ်အကိုင် နေရာဌာန အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်လာမယ်။ ပုံမှန်လေး သွားနေလို့ ဘာမှ မထူးခြားဘဲ ကိုယ့်အစွမ်းအစ ဘာလဲ ဆိုတာ ပြသရမယ့် အချိန် ဖြစ်ပါတယ်။ ကြိုးစားသမျှ အရာထင်လာဖို့ ရှိပါတယ်။

Saturday, January 13, 2018

ငလျင်ရှေ့ပြေးနိမိတ်များ


အခုတစ်လောက ငလျင်တွေ ခပ်စိတ်စိတ် လှုပ်လာလို့ ရှေ့အရင် ငလျင်တွေ လှုပ်စဉ်က ဖြစ်ပေါ်ခဲ့ဖူးတဲ့ နိမိတ်နဲ့ သင်္ကေတတွေကို စုစည်း ဖော်ပြလိုက်ပါတယ်။

၂ဝ၁၁ တာလေ ငလျင် မဖြစ်ခင် နာရီဝက်အလို တာလေမြို့ထဲက ငါးကန်တစ်ခုမှာ ငါးတွေ ထပွက် ခုန်ပျံ၊ 

၂ဝဝ၃ တောင်တွင်းကြီး ငလျင် မဖြစ်ခင် နာရီပိုင်းအလို နွားများ ခွာယက်၊ ချည်တိုင်မှ ရုန်းကန်၊ 

၂ဝဝ၄ ဒီဇင်ဘာ အင်ဒိုနီးရှား ဆူနာမီ မဖြစ်ခင် တနင်္လာရီဘက်က ငါးဖမ်း ပိုက်ကွန်တွေမှာ နှစ်ရက်လောက် ကြိုပြီး ငါးတွေ အလျှံပယ် စုပြုံ ဝင်တိုး၊

၂ဝဝ၈ မေလ တရုတ် စီချွမ်ငလျင် မဖြစ်ခင် တစ်ရက်အလို တွင်းအောင်း ဖား ထောင်သောင်းချီပြီး အပြင်ထွက်လာ၊ ငလျင်မဖြစ်ခင် နှစ်ရက်အလို ရှန်တုံပြည်နယ် ကောင်းကင်ယံမှာ ထူးဆန်းတဲ့ တိမ်ပုံစံတွေကို မြင်တွေ့ခဲ့ရ။

ကုန်းနေ ရေနေ တိရိစ္ဆာန်တွေဟာ ငလျင်ကြီးတွေ မလှုပ်ခင် အရင် ရှေ့ပြေးလာတဲ့ ငလျင်လှိုင်းလေးတွေကို ခံစား သိရှိနိုင်တဲ့အတွက် သူတို့ရဲ့ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေကို သတိထားနိုင်ရင် အကျိုးရှိမှာပါ။

ငလျင်ကို ကြိုတင် အချက်ပြတတ်တဲ့ တိမ်တွေ သရုပ်သဏ္ဍာန်ကို လေ့လာဖို့နဲ့ အဆင့်မြင့် နက္ခတ္တဝေဒက သုံးတဲ့ သရောဒယ ကျမ်းလာ သတ္တနာဋီစက်လို ဘာစက် ညာစက်တွေကိုတော့ ... ဆြာ့ ဆြာကြီးများပဲ တတ်ကျွမ်းကြပါတယ်။

ဘာပဲဖြစ်ဖြစ် သိသလောက်လေးတော့ မျှဝေလိုက်ပါတယ်။ အကြားအမြင် သုတ များပြားခြင်းဟာလည်း မင်္ဂလာတစ်ပါး မဟုတ်ပါလားဗျာ။

Sources: MOTTA Astrology, Others

Tuesday, January 9, 2018

ဗေဒင်ယတြာ ဘုရားထီးတင် အယူသည်းခြင်း

( ၁ )

၁၉၉၀ ခုနှစ်တုန်းက ထောင်ထဲမှာရောက်နေတဲ့ ဗေဒင်ဆရာစံဇာဏီဘိုကို ဆရာမင်းသိင်္ခက သူ့ရဲ့ဗေဒင်ပညာစွမ်း မကြာခဏပြလေ့ရှိသတဲ့။ ဒါကို ထောင်ကျသူတွေ အများကလည်း ကြားရတယ်။ သူပြောတာတွေ အများကြီးပေါ့။ အမှားအမှန်ကိုတော့ ဝေဖန်နိုင်ပါတယ်။ ဒါပေမဲ့ မှန်တဲ့အချက်တစ်ချက်ကို မင်းသိင်္ခက စံဇာဏီဘိုကို ပြောသွားတယ်။

`၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့အကြီးအကဲ ဖြစ်မယ်´ တဲ့။
`ဟာဗျာ၊ ခု ရွေးကောက်ပွဲမှာ NLD က မဲနိုင်ထားတယ်။ ဒေါ်စု သမ္မတ ဖြစ်မှာပေါ့´
စံဇာဏီဘိုက ၉၀ ရွေးကောက်ပွဲနိုင်တာကို ပြောတာပါ။
`မဖြစ်ဘူး။ ၂၀၁၅ ဒီဇင်ဘာလထိကို စောင့်ရမယ်´

ထောင်ကျအများက စိတ်မရှည်ကြပါဘူး။ `ကိုအောင်ထွန်း (မင်းသိင်္ခ မဟုတ်တာတွေပြောတယ်လို့ ဆိုကြတယ်) ဒီအကြောင်းကို စံဇာဏီဘိုက ထုတ်ဖော်ပြောနေတဲ့အတွက် လူတွေက ဗေဒင်ကို ပိုပြီးစိတ်ဝင်စားလာကြတယ်။ တကယ်တော့ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း လူတွေရဲ့ ကိုယ်တွင်းဗီဇ စိတ်ဓာတ်ကတော့ မပြောင်းဘူး။

( ၂ )

ယနေ့မှာ အဆင့်မြင့်ပညာတွေကို သင်ကြားနေကြတယ်။

အာကာသကိုသွားကြတယ်။ ဒုံးပျံတွေ၊ ဂြိုဟ်တုတွေ လွှတ်ကြတယ်။ အဏုမြူဗုံးတွေကို လုပ်နိုင်တယ်။ အဏုမြူဓာတ်ပေါင်းဖိုတွေ တည်ဆောက်လာတယ်။ ကျည်ဆံ ရထားတွေ၊ မောင်းသူမဲ့ လေယာဉ်တွေ၊ မြေမထိ ရထား (သံလိုက် အသံလှိုင်းရထား) တွေ ပေါ်လာတယ်။
ဆက်သွယ်ရေးမှာ ကြေးနန်း တယ်လီဖုန်းတွေအပြင် မိုဘိုင်းဖုန်းတွေပါ တီထွင်လာတယ်။ 

အီလက်ထရွန်းနစ်ဆိုတဲ့ အီလက်ထရွန်တွေကို ခိုင်းလာနိုင်တယ်။ ကမ္ဘာ့နေရာ အနှံ့ လူတွေဟာ ခေတ်မီတိုးတက်တဲ့ ရလဒ်တွေကို ခံစား စံစားလာကြတယ်။

ကွန်ပျူတာတွေကို အသုံးချလို့တတ်လာကြတယ်။ အင်တာနက်၊ အင်ထရာနက် စတဲ့ ကွန်ရက်တွေမှာ လေလှိုင်းစီးကာ surf လုပ်လာနိုင်ကြတယ်။ အီးမေးလ်ဆက်သွယ်မှုဟာ လွယ်ကူလွန်းလို့ လူတိုင်းလိုလို ထိတွေ့မှုအတွက် ဘာမှပြသနာမရှိဘူး။ 

အာရှတိုက်ကနေ ဥရောပ၊ အမေရိကတိုက်အထိ အလုပ်လှမ်းလုပ်လို့ရတယ်။

ပစိဖိတ်ကျွန်းထဲကနေလည်း ကနေဒါနိုင်ငံကို ဖြစ်ဖြစ်၊ အင်္ဂလန်ကိုဖြစ်ဖြစ် စဉ်ဆက်မပြတ် ဆက်သွယ် အလုပ်လုပ်လို့ ရတယ်။ စရိတ်စက ဘာမှသိပ်မကုန်ပါဘူး။

အထူးသဖြင့် အင်တာနက် ဆက်သွယ်မှုဟာ ပညာရေး၊ စီးပွားရေးနဲ့ လူမှုရေးတွေမှာ အတော်လေး အရာရောက်တာ ဖြစ်တယ်။ ဆိုလိုတာက ၂၁ ရာစု လူသားတွေဟာ ခေတ်မီတိုးတက်ဖွံ့ဖြိုးတဲ့ ပညာရပ်တွေကို အသုံးတည့်နေပြီ ဖြစ်တယ်။

သို့သော် လူအများစုဟာ အင်တာနက်ထဲမှာ ဘာလုပ်ကြလဲ။ ဖေ့စ်ဘုတ်လို လူမှုရေးကွန်ရက်တွေကို ၀င်ကြသလို `ဟော်ရိုစကုပ်ဗေဒင် (ရာသီခွင်ဗေဒင်´ ကိုလည်း ကြည့်ကြသတဲ့။ အင်တာနက် အသုံးပြုသူတွေထဲမှာ နေ့စဉ် ရာသီခွင်ဗေဒင် ဖတ်သူတွေ အမြောက်အမြားရှိသတဲ့။ လူအများစုဟာ ဖေ့စ်ဘုတ်စာမျက်နှာတွေကို ဖွင့်ထားကြသလို ရာသီခွင်ဗေဒင်ပါတဲ့ ကွန်ရက်တွေကို အမြဲလိုလိုဖွင့်လေ့ရှိသတဲ့။

( ၃ )

နိုင်ငံတကာမှာ ဗေဒင်တွေကို ယုံကြည်သူတွေ (စိတ်ဝင်စားသူတွေ) တစ်နေ့တခြား ပေါများလာတယ်လို့ ဆိုတယ်။ သူတို့တစ်တွေဟာ စိတ်ရောဂါကု ဆရာဝန်တွေနဲ့အတူ စိတ်လွန်နယ်ကို ကျင့်ကြံအားထုတ်သူ Psychic တွေနဲ့လည်း တွေ့ဆုံမေးမြန်းတတ်တယ်။

ဗေဒင်ဟောတဲ့ ဂျစ်ပစီတွေကိုလည်း ဗေဒင်မေးတာပဲ။

ဂျပန်လို အင်မတန်တိုးတက်တဲ့ နိုင်ငံတွေမှာ လမ်းဘေးဗေဒင်ဆရာတွေ မှိုလိုပေါက်နေသတဲ့။ ကျွန်တော်တို့ဆီမှာရော လက္ခဏာဆရာတွေ၊ ဗေဒင်ဆရာတွေကို အားကိုးအားထားကြသူတွေ အများကြီးရှိတာပါပဲ။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ စာစောင်တွေထဲမှာ ၇ ရက်သားသမီးဗေဒင်၊ လအလိုက် ဖော်ပြတဲ့ဗေဒင်၊ ဟော်ရိုစကုပ်ဗေဒင် (ရာသီခွင်ဗေဒင်) စတဲ့ ဗေဒင်မျိုးကို ဖတ်ရှုနေကြဆဲပဲ။ ခုလို ဒီဇင်ဘာလရောက်ရင် စံဇာဏီဘိုရဲ့ ရာသီခွင်ဗေဒင်ဟာ သောက်သောက်လဲ ရောင်းချနေရတယ်။

အနောက်တိုင်းသားတွေဟာ `ဟော်ရိုစကုပ်ဗေဒင် (ရာသီခွင်ဗေဒင်) ကို ပိုပြီး စိတ်ဝင်စားကြတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့ဟာ မွေးနေ့ကိုသိကြတယ်။ အဲဒီမှာ (နေ့၊ လ၊ နှစ်) ကို သိကြပေမယ့် အများအားဖြင့် မွေးရက် (စနေ၊ တနင်္ဂနွေ၊ စသည် )တို့ကိုတော့ အမှတ်မထားကြဘူး။ အနောက်တိုင်းသား တစ်ယောက်ကို မင်း ဘာနေ့သားလဲဆိုတာ မေးလို့မရဘူး။

`ဟော်ရိုစကုပ်ဗေဒင် (ရာသီခွင်ဗေဒင်)´ ကြည့်ရတဲ့ အကြောင်းအရင်း နောက်အချက်တစ်ချက် ကတော့ ဗေဒင်ကြည့်သူဟာ မိမိရဲ့အသက် (မွေးသက္ကရာဇ်)ကို ပြောစရာမလိုလို့ပါပဲ။ ဒါဟာ မိမိအသက်ကို ထုတ်ဖော်မပြောလိုကြတဲ့ အမျိုးသမီးတွေအတွက် အင်မတန် အဆင်ပြေတယ်။ ရွှေရင်အေးဖို့ ဗေဒင်မေးချင်တဲ့အခါ ဟော်ရိုစကုပ် (ရာသီခွင်ဗေဒင်) နဲ့ဟောတဲ့ ဗေဒင်ဆရာထံကို သွားကြည့်ရင် အသက်ပြောဖို့ ကင်းလွတ်ခွင့်ရတာပေါ့။ (တဲရော့ကတ်ဗေဒင်လည်း ဒီပုံစံပါပဲ)။

ဒီအတိုင်းဆို ရိုးရာဗေဒင်တွေ ပျောက်ပျက်သွားမလားလို့ ထင်နိုင်တယ်။ မပျောက်ပါဘူး။ ဗေဒင်ပညာကတော့ မတိမ်ကောဘူးလို့ ပညာရှင်တွေက ယူဆကြတယ်တဲ့။ အကြောင်းကတော့ ဗေဒင်ဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်နေလို့ပဲတဲ့။ တစ်ချိန်မှာ မြန်မာတို့ရဲ့ မဟာဘုတ်တို့၊ ဗေဒင်ဟောစာတမ်းတို့၊ ဇာတာခွင်တို့ဟာ အင်တာနက်ကို ရောက်လာမှာမလွဲဘူးလို့ ယူဆသူတွေ များစွာရှိတယ်။

( ၄ )

မြန်မာရာဇ၀င်ကို ပြန်ကြည့်ရင် အိမ်ဆောက်၊ ခရီးထွက်၊ နန်းတက်၊ မြို့တည်နန်းတည် စတာတွေ အားလုံးအတွက် အခါပေးဗေဒင်တွေ ရှိတယ်။ သာမန်လူတွေအတွက်တော့ သင်္ကြန်စာတွေ ရှိတယ်။

အချို့လယ်သမားတွေကတော့ သင်္ကြန်စာကို ကြည့်ကာ ထွန်ယက်စိုက်ပျိုးကြတာတွေ ရှိတယ်။ အရောင်းအ၀ယ်တွေ၊ ခရီးထွက်တာတွေဟာ သင်္ကြန်စာကို အတော်လေးမှီပြီး ဆောင်ရွက်ကြတဲ့ဓလေ့ ရှိတယ်။ ဗေဒင်ဟောစာတမ်းတို့၊ ဇာတာဖွဲ့တာတို့ဆိုတာ မြန်မာတို့ရဲ့ ယဉ်ကျေးမှုထဲမှာ အစဉ်အလာတစ်ခု အနေနဲ့ ပါဝင်နေတာကို တွေ့ရမယ်။ ဇာတာခွင်ကို ကြည့်ရုံနဲ့ လူတစ်ယောက်ရဲ့ ဘ၀ပုံကြမ်းကို ကောက်ချက်ချနိုင်တယ်။ ဒါပေမဲ့ ဒီလို တွက်ချက်တာဟာ အမြဲတမ်းတော့ မှန်တာမဟုတ်ပါဘူး။ ဒီအခါမှာ မြန်မာတွေတော့ ခွင့်လွှတ်ကြတယ်။ `ဘုရားဟောမှ မဟုတ်တာ´ လို့ သဘောထားကြီးကြီး ထားကာ ဗေဒင်ဆရကို မငြိုငြင်ကြပါဘူး။

မြန်မာ့သမိုင်းထဲမှာ ဗေဒင် အင်မတန်မှန်တယ်ဆိုတဲ့ ငမှန်ကန်းဆိုတာ ရှိတယ်။ သူ့အကြောင်းဟာ ပုဂံရာဇ၀င်ထဲမှာ ပါတယ်။ သူဟာ အတော်မှန်ပေမယ့် အားလုံးတော့လည်း မမှန်နိုင်ဘူးပေါ့။ သူက သာသနာပိုင် ကွယ်လွန်မယ့်နေ့ရက်ကို အတိအကျ ဟောနိုင်တယ်။ အခါပေးလုပ်တဲ့ နေရာတွေမှာလည်း အတိအကျ ဟောနိုင်တယ်။ စာဆိုတော်ကြီး ဦးပုညလည်း ကနောင်မင်းသား လုပ်ကြံတဲ့နေရာမှာ အခါပေးတယ်လို့ ဆိုတယ်။ သူ အသတ်ခံရပါတယ်။ ဆိုလိုတာက အဲဒီခေတ်ကာလ ကတည်းက ဗေဒင်ကိုယုံသူတွေ များစွာရှိခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။

အနောက်တိုင်းမှာလည်း ၁၅ ရာစုနှစ် ဗေဒင်ဆရာ နော်စထရာဒေးမတ်စ် ဆိုသူဟာ အင်မတန် နာမည်ကြီးတယ်။ သူက ပြင်သစ်နိုင်ငံသားဖြစ်ပြီး နန်းတွင်းသမားတော်လည်း ဖြစ်တယ်။ သူ့ရဲ့ဟောစာတမ်းဟာ ဝေ့လည်ကြောင်ပတ် ရေးထားပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်လို့ရတယ်။ သူ့ရဲ့ ဟောစာတမ်းထဲမှာ ဒုတိယကမ္ဘာစစ်အကြောင်းလည်း ပါတယ်။ အဲဒီမှာ ဟစ်စလာ (Hisler) ကြောင့် စစ်ပွဲဖြစ်ရမယ်လို့ ဆိုတယ်။ လက်တွေ့မှာ ဟစ်တလာ (Hitler) ကြောင့် စစ်ဖြစ်ရတာပါပဲ။ နာမည် အတော်နီးစပ်တယ်။ အခြားဟောတာတွေလည်း အကြမ်းအားဖြင့် မှန်တာတွေရှိတယ်။

ဒါပေမဲ့ ဒီဟောစာတမ်းတွေကို ပြုပြင်ပြောင်းလဲပြီး နာဇီ ဂျာမနီတွေဟာ ၀ါဒဖြန့် ခဲ့ကြသေးတယ်။ ဗေဒင်ဟောစာတမ်းဆိုတော့ ယုံသူတွေ များတာပေါ့။ တကယ်တော့ လူတွေရဲ့ အယူသီးမှုတွေဟာ ယုံလွယ်တဲ့သူတွေအပေါ် အတော့ကို လွှမ်းမိုးသလို တစ်ခါတစ်ရံလည်း လူတွေကို အတော်လေး ဒုက္ခပေးနိုင်တယ်။ ဗေဒင်နဲ့ ၀ါဒဖြန့်မှုတွေဟာ ယနေ့တိုင်အောင် ထိရောက်နေဆဲပဲ။
( ၅ )

သိပ္ပံဆရာ အတော်များများဟာ ဗေဒင်ကိုမယုံပါဘူး။ သူတို့ယုံတာ၊ မယုံတာ အရေးမကြီးပါဘူး။ သူတို့ အမေတွေနဲ့ သူတို့ဇနီးတွေရဲ့ ဆန္ဒက အရေးကြီးတယ်´ လို့ အပြည်ပြည်ဆိုင်ရာ ဗေဒင်ပညာရှင် အသင်းချုပ် ဥက္ကဋ္ဌ မက္ကင်တော့ခ်ျ (Mechantosh) က ပြောသွားဖူးတယ်။ ဆက်လက်ပြီး သူက `လုပ်ငန်းကြီးတွေ လုပ်နေတဲ့သူတွေအတွက် ယုံကြည်မှု (confidence and trust) တွေ ရယူဖို့လိုတယ်။ ဗေဒင်ဟာ အတိအကျမဟုတ်တောင် ယုံကြည်မှုကို တစ်ပိုင်းတစ်စကို တည်ဆောက်ပေးနိုင်တယ်´ လို့ ပြောသွားတယ်။

ယနေ့ အရှေ့တိုင်းမှာရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတိုင်း လိုဟာ ပန္နက်ရိုက်တယ်ဆိုရင် (Ground breaking Ceremony) မှာ ကန်တော့ပွဲပေးတာမျိုးတွေ အမြဲပြုလုပ်တာပဲ။ အဆောက်အအုံနဲ့ မလွတ်တဲ့ သစ်ပင်တွေ ခုတ်ထွင်ရှင်းလင်းဖို့ အတွက်လည်း သတိကြီးစွာထားတတ်ကြတယ်။ အစဉ်အလာကို လေးစားတယ်။ ဒါ့အပြင် အရှေ့တိုင်းသားတွေဟာ အင်းအိုင်လက်ဖွဲ့ အဆောင် (charm) တွေကိုလည်း ယုံကြည်ကြတယ်။

လက်ဝှေ့ပွဲမှာ ထုံးမန်းဟာ သွေးတိတ်စေတယ်လို့ ဆိုတယ်။
အချို့အဆောင်တွေဆိုရင် သေနတ်မီးမကူးဘူးလို့ ဆိုတယ်။

`ဈေးရောင်းကောင်းဖို့ ဂျပန်ဆိုင်တွေမှာ အဆောင်တွေ ထားတာဟာ အင်မတန်ခေတ်စားတယ်´ လို့ အဆောင်ပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီအဖွဲ့ ဥက္ကဋ္ဌ ယာမငုချိက ဆိုတယ်။ သူတို့ဟာ ပြည်သူလူထုတွေ ယုံကြည်စေဖို့ အဆောင်တွေကို သတိကြီးစွာထားပြီး စီရင်ကြတယ်။

ဒီအဆောင်တွေ စွမ်းမစွမ်းတော့ မသိဘူး။ ဒီအဆောင်တွေကို ရောင်းဝယ်တဲ့ ကုမ္ပဏီတွေကတော့ ချမ်းသာသွားတာပါပဲ။ တစ်နေ့မှာ ဂျပန်ရဲ့ အဲဒီလို အဆောင်ရောင်းဝယ်တဲ့ ကုမ္ပဏီတွေဟာ ကွန်ပျူတာ ကုမ္ပဏီတွေကို အမှီလိုက်သွားနိုင်တယ်လို့ ဆိုတယ်။

( ၆ )

အင်မတန် နိုးကြားတက်ကြွနေတဲ့ လူငယ်အချို့က အယူသီးမှုကြောင့် စိတ်ပျက်လက်ပျက်တွေရှိမှာပဲ။
ဒါဟာ ယနေ့မှ မဟုတ်ပါဘူး။
၁၅ ရာစု ဂယ်လီလီယိုတို့ ခေတ်ကလည်း ဒီလိုပါပဲ။ အဲဒီတုန်းက ဂယ်လီလီယိုက ကမ္ဘာကြီးဟာ နေကိုပတ်နေတယ်ပြောတော့ အားလုံးစိတ်ဆိုးတယ်။ သူ့ကို အကျယ်ချုပ်ချထားလိုက်တယ်။ ယနေ့မှာ သိပ္ပံပညာနဲ့ အယူသီးမှုဟာ ပူးကပ်နေတယ်။

အာရှနိုင်ငံအချို့ရဲ့ အင်တာနက်ကဖေးတွေရဲ့ အရှေ့မှာ နတ်ကွန်းတွေကို တွေ့ရတတ်တယ်။ ကွန်မြူနစ်နိုင်ငံအချို့ရဲ့ ဈေးဆိုင်တွေမှာ အမွှေးတိုင်နဲ့ ပူဇော်ထားတာတွေလည်း တွေ့ရမှာပဲ။ လူ့ဘောင်တည်စကတည်းက ကြောက်ရွှံ့မှုနဲ့ တွဲပြီး ပူဇော်မှုတွေ အကြားမှာ နေကြရတဲ့ လူသားတွေပါ။
ဒါကြောင့် အယူသီးမှုဟာ နက်ဖြန်မှာ ပျောက်မသွားနိုင်ပါဘူး။

ဗေဒင်မေးသူတွေ၊ ယတြာချေသူတွေ ရှိနေဦးမှာပဲ။
ဒီအတွက် ကမ္ဘာကြီး မတိုးတက်ဘူးလို့တော့ မပြောပါနဲ့။

နိုင်ငံ့အကြီးအကဲတွေ ဘုရားထီးတင်တာမျိုး လုပ်ရင်တော့ ယတြာချေတယ်လို့ ဆိုကြမှာပဲ။
အပြည်ပြည်ဆိုင်ရာ ဗေဒင်ပညာရှင် အသင်းချုပ်ဥက္ကဋ္ဌ မက္ကင်တော့ခ်ျက ပြောဖူးသလို `မိခင်တွေနဲ့ ဇနီးတွေရဲ့ စေ့ဆော်ချက်´ ကို သိပ္ပံပညာရှင်တွေ လိုက်နာနေကြဦးမှာပဲတဲ့။

ဒါဆို အကြီးအကဲကိုယ်တိုင် အမျိုးသမီး ဖြစ်နေရင်တော့ ဘယ်သူစေ့ဆော်တာလဲ ဆိုတဲ့ မေးခွန်းမေးစရာရှိပါတယ်။ တကယ်လည်း ဗေဒင်ယုံပြီး ယတြာလုပ်တဲ့အတွက် အန္တရာယ်ဘာမှ မရှိပါဘူး။

ယုံကြည်မှုနဲ့ ကိုးကွယ်မှုဟာ စိတ်သက်သာစေဖို့အတွက် အရေးပါနေဦးမှာဖြစ်ကြောင်း စိတ်ပညာဆရာတွေရဲ့ အယူအဆကို တင်ပြအပ်ပါတယ်။

Ref : The Believers, Fortune Tellers and the Internet Web Pages, by R.N. Mechantosh (e-mail letter)

 ဒေါက်တာခင်မောင်ညို

The Ladies News ဂျာနယ်မှ ကူးယူ၍ ပြန်လည် ဖော်ပြပါသည်။