Wednesday, March 26, 2008


လရောင်ချစ်တဲ့ ၂ နဲ့ ၇

လရောင်ဆမ်းတဲ့ညတွေမှာ အလန်းဆုံးသူတွေကိုပြပါဆိုရင် ၂.၁၁.၂၀.၂၉ ရက်မွေးသူတွေ၊ ၇.၁၆.၂၅ရက်နေ့မွေးသူတွေကို ညွှန်းရပါလိမ့်မယ်။ စိတ်ကူးယဉ်၊ ခံစားချက်ကြီး၊ ဖီလင်သမားတွေဖြစ်ကြပါတယ်။ ဂဏှာမငြိမ်တာ၊ အသွားအလာများတာ၊ စိတ်ဓာတ်တက်ကျလွယ်တာတွေကတော့ သူ့အားနည်းချက်မို့လို့ ခွင့်လွှတ်ရမှာပါပဲ။ နူးညံ့သိမ်မွေ့လွန်းတော့ ဆရာအကြည်တော်စကားနဲ့ ပြောရရင် နုဖက်ဥအက်နေသူတွေလို့ ဆိုရမယ်။ ၂ ဂဏန်းသမားလဲဖြစ်၊ ရေရာသီတစ်ခုခုမှာလဲမွေးမယ်။ နောက်ပြီး လက်ဖနောင့်ဝန်းကျင်က တင်္နလာဂြိုလ်ခုံမှာ အားနည်းချက်ရှိမယ် ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာပြသာနာတစ်ခုခုရှိတတ်ပါတယ်။ စေတနာထားတာ၊စိတ်နူးညံ့တာ၊ ပြုပြင်ပြောင်းလဲလွယ်တာတွေကတော့ ဒီဂဏန်းရဲ့ အားသာချက်ပါ။ အနုပညာရပ်နဲ့ ပက်သက်ရင်ခံစားတတ်ပေမယ့် လက်တွေ့အားသွန်ခွန်စိုက်လုပ်ဖို့တော့ မတတ်နိုင်ကြပါဘူး။

၂ ရဲ့စရိုက်တစ်ချို့ပါဝင်နေပေမယ့် သူနဲ့ သိပ်မတူတာက နက်ပကျွန်းဂြိုလ်ပိုင် ၇ သမားပါ။ သူကပိုကြံ့ခိုင်ပါတယ်။ (ကြံ့ဖွတ် မဟုတ်ပါ) အတွေးအခေါ်ကောင်းသူ၊ တီထွင်တတ်သူ၊ ထူးခြားဆန်းကြယ်တာဆို ရှေ့ဆုံးကပါသူ၊ စာအရေးအသားကောင်းသူ၊ နိုင်ငံရပ်ခြားပင်လယ်ခရီးစိတ်ဝင်စားသူတွေဖြစ်တတ်ကြပါတယ်။ ၇သမားတွေဟာ သူမတူတဲ့ စိတ်စွမ်းအားနဲ့ အတွေးမြင့်မားသူတွေလဲဖြစ်ပါတယ်။ ဆရာမင်းသိင်္ခဟာ ၂၅ ရက်မှာမွေး၊ ကရကဋ်ရာသီမှာဖွားပါတယ်။ သူ့စာတွေ အရေးအသားကောင်းမကောင်း၊ မြန်မာပြည်တစ်ဝှမ်းက သူ့စာဖတ်ပရိသတ်နဲ့ အကြိမ်ကြိမ်ပြန်ရိုက်နေရတဲ့ သူ့စာအုပ်တွေကြည့်ရင် သိသာမှာပါ။၂ ဆိုတဲ့ တင်္နလာဂြိုလ်စိုးမိုးသူနဲ့ ၇ ဆိုတဲ့ နက်ပကျွန်းစိုးမိုးသူတွေဟာ လမင်းနဲ့ ပင်လယ်ကို ကိုယ်စားပြုနေပါတယ်။ နားအေးပါးအေးနေချင်သူ၊ မိသားစု သံယောဇဉ်ကြီးမားသူ၊ စိတ်ပေါက်လာရင် အသည်းအသန်အလုပ်လုပ်ပြီး ပြီးတာနဲ့ လုံးဝအနားယူတတ်သူ၊ အအေးဓတ်နဲ့ ပင်လယ်ကိုကြိုက်သူတွေဖြစ်တတ်ပါတယ်။

၂ သို့မဟုတ် ၇ ဂဏန်းသမားကောင်မလေးကို ရည်းစားစကားပြောချင်ရင်တော့ လဆန်း ၈ ရက်ကနေ လပြည့်နေ့အတွင်းမှာ သာပြောပေတော့၊ တရိပ်ရိပ်ပြည့်ဝလာတဲ့ လမင်းနဲ့အတူ သူမရဲ့ချစ်စိတ်တွေကလည်း ဒီရေအလား တဖြည်းဖြည်း မြင့်တက်လာမှာမို့လို့ ခင်ဗျားအတွက် ကံကောင်းမှာပါ။ တကယ်လို့များ အဆင်မပြေရင်တော့ ဗေဒင်ကို အပြစ်မတင်ပါနဲ့၊ ကိုယ့်ဖာသာညံ့လို့ ပဲ မှတ်လိုက်ပါကုန်...

No comments: