Saturday, April 5, 2008


၂၀၀၈ ကောင်းကင်ဂြိုဟ်တွေရဲ့စွမ်းအားများတဲ့..

၂၀၀၈ ကောင်းကင်ဂြိုဟ်ွဖွဲ့စည်းမှု၏ စွမ်းအားများ ဆိုပြီး မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့ထုတ်တဲ့ ပြက္ခဒိန်မှာ ၂၀၀၈ ကို စိုးမိုးမယ့်ဂြိုဟ်တွေကို ရေးသားတင်ပြထားတာတွေ့ရပါတယ်။

ပညာရပ်စကားလုံးတွေနဲ့ရေးရရင် ငပြူးငပြဲတွေဖြစ်နေပါလိမ့်မယ်။ အကျဉ်းချုံးဆိုရရင်တော့ ကောဇာတနင်္ဂနွေ (နေမင်း)ဟာ မြန်မာတန်ခူးလဆန်း ၁ ရက်နဲ့ မိသာ၊ ကရကဋ်၊ တူ၊ မကာရရာသီတွေရဲ့ အစမှတ်တွေကို ဖြတ်သန်းသွားချိန်မှာ ဘယ်နေ့သခင်နဲ့တိုက်ဆိုင်သလဲဆိုတာကြည့်ပြီး ဟောကိန်းထုတ်ရတာမျိုးပါ။နရဒသံဟိတကျမ်း၊ ဂြဟစရအခန်းမှာ အဲဒီစိုးမိုးတဲ့ရက်ကိုကြည့်ပြီး တစ်နှစ်စာ ဟောကိန်းထုတ်တယ်လို့ဆိုပါတယ်။ ဒီနှစ်မှာ အဲဒီရာသီအိမ်တွေကို ဖြတ်သန်းတဲ့ နေ့သခင်တွေကတော့ ၀သာပတိနဲ့ သေနာပတိဂြိုဟ်တနင်္ဂနွေ၊ သသာပတိနဲ့ နိရသပတိဂြိုဟ် ဗုဒ္ဓဟူး၊ ရသပတိဂြိုဟ် သောကြာတို့ဖြစ်ကြပါတယ်။

ဒီနှစ်အတွက် ကောင်းကင်ဂြိုဟ်ဖွဲ့စည်းမှုမှာ တင်္နလာ၊ အင်္ဂါ၊ကြာသပတေးနဲ့စနေဂြိုဟ်တွေ မပါဝင်ပါဘူး။

နှစ်လရက်သခင်ဂြိုဟ်ဟာ တနင်္ဂနွေဖြစ်တဲ့အတွက် ဆေးဝါးတွေအစွမ်းထက်မယ်။ ဆောင်းရာသီမှာ နေခြစ်ခြစ်တောက်ပူမယ်။ဆည်ရေသောက်လယ်ယာကောင်းမွန်မယ်။ ကောက်ပဲသီးနှံရောင်းဝယ်မှုအားကောင်းမယ်။ တိမ်ထူထပ်မယ်။ အအေးပေါ့မယ်။

နှစ်လရက်သခင်ဂြိုဟ်ဟာ ဗုဒ္ဓဟူးဖြစ်လို့ ပန်းချီ၊ ဂီတအနုပညာရှင်တွေကောင်းစားမယ်။ စာရင်းကိုင်အလုပ်လဲထွန်းကားမယ်။ ဝေဒပညာကျယ်ပြန့်ထွန်းကားမယ်။ တိုင်းရင်းဘယဆေးဝါးပေါများမယ်။ ပျော်ရွှင်ဝမ်းမြောက်ရမယ်။ ဆေးဆိုးပန်းရိုက်အလုပ်တွေ၊ ကျောက်မျက်ရတနာရောင်းဝယ်ရင်ကောင်းမယ်။

နှစ်လရက်သခင်ဂြိုဟ်ဟာ သောကြာဖြစ်တဲ့အတွက် လယ်ယာမြေတစ်ခွင် ရေဖုံးလွှမ်းမယ်။ ပျော်ရွှင်ကြရမယ်။ ပွဲလမ်းသဘင်မကြာခဏကျင်းပမယ်။ စားသောက်ဖွယ်ပြင်ဆင်ချက်ပြုတ်သူတွေ ထင်ရှားကျော်ကြားမယ်။ ကျောက်မျက်ရတနာ၊ ငွေေ၇ာင်းဝယ်သူတွေ အဆင်ပြေမယ်။

အဲဒီလို ဝေဒသုတေသနအဖွဲ့က အကောင်းတွေချည်းပဲ အကောင်းမြင်စိတ်ကလေးနဲ့ ဟောကိန်းထုတ်ထားပါတယ်။ ကျနော့်အမြင်တော့ ဒီနှစ်လရက်အရှင်ဂြိုဟ်တွေကို ဒီထက်ပို အသေးစိတ်ပြီးမြန်မာနိုင်ငံဇာတာနဲ့ ယှဉ်ထပ်ပြီး ဟောကိန်းထုတ်ရင် ပိုပြည့်စုံနိုင်မှာပါ။ ဝေဒအဖွဲ့က ဖန်ခွက်ထဲမှာ ရေတစ်ဝက်ကြီးများတောင်ပြည့်နေတယ်လို့ မြင်ပြီး ဟောကိန်းလှလှလေးတွေပဲထုတ်ထားပေမယ့် ဖန်ခွက်ထဲမှာ ရေတစ်ဝက်မက လျော့နေတာကိုတော့ မမြင်ချင်ယောင်ဆောင်တာလား၊ တကယ်ကို မမြင်တာလား ဝေခွဲမရနိုင်ဖြစ်မိကြောင်းပါ။ ဒီနှစ်မြန်မာနိုင်ငံသားအပေါင်းဟာ ဆရာလူအိမ်ရဲ့ ကဗျာတစ်ပုဒ်ထဲကလို

သေချာတာကတော့

ကမ္ဘာကြီးဟာ ဆုတောင်းနေရုံနဲ့

မပြီးတော့ဘူး

လို့ ပဲပြောလိုက်ချင်ပါတယ်။

1 comment:

Pan Nwe said...

လယ်ယာမြေတစ်ခွင် ရေဖုံးလွှမ်းမယ် ဆိုတာလေး ထည့်ပေးထားလို့ တော်သေးတာပေါ့။ သင်္ကြန်စာတွေလဲ လုံးဝမမှန်တော့ဘူး။