Saturday, April 26, 2008

ရာဟုဂြိုဟ်အပြောင်းနဲ့ အင်္ဂါအမြင်အယှဉ်


ရာဟုဂြိုဟ်အပြောင်းနဲ့ အင်္ဂါအမြင်အယှဉ်

လာမယ့် ၃၀.၄.၂၀၀၈ ဗုဒ္ဓဟူးနေ့ မနက် ၂.၃၀ မိနစ်မှာ ကောင်းကင်က ရာဟုဂြိုဟ်ဟာ ယခုကုမ်ရာသီကနေ မကာရရာသီကို ကူးပြောင်းတော့မှာဖြစ်ပါတယ်။ မကာရမှာ ၁၈ လနေထိုင်မှာဖြစ်ပါတယ်။ ရာဟုဂြိုဟ်ဆိုပြီးဗေဒင်အရ ခေါ်ရပေမယ့် အခြားဂြိုဟ်တွေလို ရုပ်ဒြပ်အကောင်အထည်တော့ မရှိပါဘူး။ ကမ္ဘာနဲ့နေလအကြားဆုံတွေ့ဖြတ်သန်းရာ အရိပ်အမှတ်တစ်ခုသာဖြစ်ပါတယ်။ ရာဟုဟာ ရုပ်ဒြပ်မရှိပေမယ့် အခြားဂြိုဟ်တွေလိုပဲ ကောင်းကျိုးဆိုးပြစ်ကို ပီပြင်စွာ ဖန်တီးပေးပါတယ်။ ရှေးနက္ခတ်ဗေဒင်ကျမ်းကြီးတွေမှာ ရာဟုကို နဂါးခေါင်းနဲ့သူ့တွဲဖက် ကိတ်ကို နဂါးအမြီးအဖြစ်ရေးသားဖော်ပြကြပါတယ်။ တကယ်လည်းရာဟုနဲ့အတူကိတ်ဟာ ၀င်ရိုးတန်းသဖွယ် လိုက်ပါပြောင်းလဲနေပါတယ်။

ဘာပဲဖြစ်ဖြစ်ဂြိုဟ်နှေးကြီးတစ်လုံးဖြစ်တဲ့ ရာဟုရဲ့ အပြောင်းအလဲမှာသက်ဆိုင်ရာ ရာသီခွင်တွေကို မြင်ယှဉ်တော့မှာမို့လို့ သက်ဆိုင်ရာ လဂ်၊ ရာသီဖွားတွေကို ကောင်းဆိုးတွေ ဖန်တီးတော့မှာဖြစ်ပါတယ်။

နက္ခတ်ဗေဒင်ပရိယာယ်အရဆိုရင် ရာဟုဟာ အဆိပ်တောက်၊ အောက်လမ်းပညာ၊ ကောက်ကျစ်ယုတ်မာခြင်း၊ အဆင့်အတန်းနိမ့်သူများ၊ လောင်းကစားခြင်း၊ နိုင်ငံခြားခရီး၊ ကာမအမှောင်တိုက်တွေကို ကိုယ်စားပြုနေပါတယ်။ ပြီးတော့ဂြိုဟ်မြင်အရဆိုရင် ၂.၅.၇.၉ တန့်တွေကို မြင်မှာဖြစ်ပါတယ်။

ဒါကြောင့်ပထမဆုံးရာဟုရပ်တည်ရာ မကာရရာသီဖွားတွေအနေနဲ့ လူရောစိတ်ပါဂဏှမငြိမ်တာ၊ ပင်ပန်းလှုပ်ရှားသွားလာရတာ၊ စိတ်ညစ်ညူးတာ၊ မကောင်းမှုမှာ ပျော်မွေ့တာ၊ အမှန်ကိုမမြင်နိုင်တာမျိုးတွေဖြစ်လာတတ်ပါတယ်။ အပျော်အပါးများလွန်းလို့ ဘ၀တိုးတက်ရေးနှောင့်နှေးသွားတတ်ပါတယ်။ မကာရလိုပဲ ပြိသာနဲ့ ကန်ရာသီဖွားတွေလည်း ဒီလိုမျိုးတွေဖြစ်လာတတ်ပါတယ်။ အနည်းနဲ့အများပဲကွာမှာပါ။ မကာရသမားတွေဟာရာဟုကြောင့်ကောင်းကျိုးရစရာတော့ရှိပါသေးတယ်။ ဒါကတော့နိုင်ငံခြားဘာသာစကားလေ့လာရင်တတ်မြောက်လွယ်တာပါပဲ။ စကားကိုလည်း ပရိယာယ်ပေါင်းများစွာနဲ့ပြောတတ်လာပါမယ်။

နောက်ရာဟု ၇ တန့်အားနဲ့မြင်မယ့် ကရကဋ်ရာသီဖွားတွေကျတော့ လူမှုဆက်ဆံေ၇း၊ အချစ်ရေး၊ အိမ်ထောင်ရေးတွေ အဆင်မပြေဖြစ်လာပါမယ်။ အရှုပ်အတွေးတွေလုပ်မိလာမယ်။ ခရီးတိုလေးတွေသွားလာချင်စိတ်များလာမယ်။

နောက်တူရာသီဖွားတွေကျတော့အိမ်ပြောင်း၊အလုပ်ပြောင်းရတာ၊ မိသားစုနဲ့ခွဲခွာရတာတွေဖြစ်လာတတ်ပါတယ်။ အဲကုမ်ရာသီဖွားတွေကျတော့နိုင်ငံရပ်ခြားခရီးတွေ ပေါ်လာတတ်ပါတယ်။

ထူးခြားတာကတော့ ရာဟုဂြိုဟ်မပြောင်းခင်လေးမှာ မေထုန်ရာသီက အင်္ဂါက ၂၈ ရက်နေ့မှာ ကရကဋ်ဆိုတဲ့ သူ့ နိစ်ရာသီခွင်ကို ပြောင်းမှာဖြစ်ပါတယ်။ ပြီးတော့ ရာဟုရဲ့အမွှာကိတ်ဂြိုဟ်နဲ့ ပူးယှဉ်မှာဖြစ်ပါတယ်။ ရာဟုနဲ့ကိတ်ဟာ သူတို့ကို မြင်ယှဉ်ရာ၊ ပူးကပ်ရာဂြိုဟ်တွေရဲ့ စရိုက်အတိုင်းလိုက်လုပ်တတ်ပါတယ်။ အနည်းဆုံးအိမ်ပိုင်ရာသီဂြိုဟ်ရဲ့ ကိုယ်စားလုပ်ပေးပါတယ်။ အခုကိတ်ဟာ အင်္ဂါနဲ့ပူးသလို အင်္ဂါကို ရာဟုကလည်း ၃၀.၄.၂၀၀၈ ကနေ ၂၅.၅.၂၀၀၈ အထိကြားမှာသမရာသီတူ၊ဟောရာချင်းလည်းတူစွာနဲ့ အားအပြည့်မြင်တော့မှာဖြစ်ပါတယ်။ ကရကဋ်နဲ့မကာရဟာမြောက်နဲ့တောင်ဝင်ရိုးစွန်း အမှတ်အသားရာသီတွေဖြစ်ပါတယ်။ ဒီတော့ကာ ဒီကမ္ဘာကြီးမှာ ဘယ်လိုအကြမ်းဖက်ရက်စက်တဲ့ လုပ်ရပ်တွေဖြစ်လာဦးမလဲလို့ ရင်တဖိုဖို စောင့်ကြည့်ကြပါစို့ဗျာ။


No comments: