Thursday, May 15, 2008

မုန်တိုင်းနာဂစ်မပါဝင်တဲ့ သင်္ကြန်စာဟောကိန်း သို့မဟုတ် ကျိန်စာသင့်မြစ်ဝကျွန်းပေါ်ဒေသ

ကိုယ့်မြို့လေးကိုယ်ပြန်ရောက်သွားတော့ မြင်ရက်စရာ မရှိဘူး၊ အားလုံးဟာအနိဌာရုံ၊ ကိုယ့်အိမ်လေးလည်း ကြေကွဲဖွယ်ပြိုလဲလို့၊ ရုပ်ပျက်ဆင်းပျက်သစ်ပင်တွေ၊ တခါကအိမ်လို့ခေါ်တဲ့ သစ်ပုံကြီးတွေ၊ ညစ်ထေးမှုန်မှိုင်းလမ်းတွေပေါ်မှာ သွားလာနေကြတဲ့ အသက်မဲ့ရုပ်နဲ့ သက်ရှိတွေ၊ ဆာလောင်ငတ်မွတ်ခြင်းက မြို့အနှံ့တောထလို့၊ ငိုကြွေးသံတွေက မြစ်ကမ်းပါးတွေမှာ တငွေ့ငွေ့ လောင်ကျွမ်းနေတယ်။ ခုဆို ပင်လယ်ထဲမျောချင်ရာမျောနေမယ့် သူငယ်ချင်းတွေ၊ သားချင်းတွေ ဒီရေတောပင်တွေကြားညပ်ပိတ်နေပြီလား၊ ဒိုက်သရိုက်တွေနဲ့အတူ လွင့်ချင်ရာလွင့်နေပြီလား၊ အတွေးတိုင်း၊ အမြင်တိုင်းဟာ သေခြင်းတရားကို ဖွဲ့ဆိုနေလေရဲ့။

မုန်တိုင်းလာနေတယ်လို့ သတင်းကြားတည်းက အဲဒီနေ့ဇာတာခွင်ကို အင်တာနက်ကနေ ဖွဲ့ယူလိုက်ပါတယ်။ ၂.၅.၂၀၀၈ မုန်တိုင်းတိုက်ခတ်ချိန် ကောင်းကင်ဂြိုဟ်အနေအထားတွေမှာ ထူးခြားတာက ရာဟု၊ကိတ်ဝင်ရိုးတန်းနဲ့အတူ အင်္ဂါဂြိုဟ်ကလည်း ပူးယှဉ်မြင်နေတယ်။ ပင်လယ်ဘုရင် နက်ပကျွန်းနဲ့လည်း ပူးယှဉ်တယ်။ ရေဂြိုဟ်တနင်္လာဟာ ပေါက်ကွဲပြင်းထန်စေတဲ့ ယူရေးနပ်စ်နဲ့ ပူးတယ်။ ဒါက အဲဒီနေ့ ကောဇာဂြိုဟ်တွေရဲ့ မြင်ယှဉ်ဆက်သွယ်ချက်တွေပါ၊ ဒီထူးခြားတဲ့ ဂြိုဟ်အမြင်အယှဉ်တွေကို မုန်တိုင်းကျမယ့်နေ့ညနေပိုင်းမှာ ချက်တင်ထဲက ဘော်ဒါတွေကို message လိုက်ဝေခဲ့ပါတယ်။ ဘာဖြစ်မလဲလို့အတိအကျကိုတော့ ပညာရှင်ကြီးမဟုတ်လို့ မမြင်နိုင်ခဲ့ပါဘူး၊ လေ့လာသူ၊သုတေသနလုပ်နေဆဲမျှသာဖြစ်လို့အသေးစိတ်မမြင်နိုင်ခဲ့ပါဘူး။ ပြန်သတိထားမိတာကတော့ ဖေဖော်ဝါရီလက တင်ခဲ့တဲ့ပို့စ်အဟောင်းမှာ နေကြတ်၊ လကြတ် တစ်လတည်းမှာဖြစ်အပြီး သုံးလနဲ့ခြောက်လအတွင်း ထူးခြားဖြစ်ရပ်တွေ ဖြစ်လာနိုင်တယ်ဆိုတာ ...ခုတော့ မြန်မာမှ လာထိရတယ်လို့၊ ပြီးတော့ မွေးရပ်မြေကို အပြင်းထန်ဆုံး...ကောင်းကင်ဂြိုဟ်တွေရဲ့ ဒီအမြင်အယှဉ်တွေတင်မကပါဘူး၊ နေပေါ်မှာ အကွက်တွေ Sunspot ထတဲ့အခါ ကမ္ဘာ့ရာသီဥတုကို ရိုက်ခတ်စေတဲ့ သီအိုရီအရ ပြန်ရှာကြည့်တော့ ...ဒီနှစ်ဇန်န၀ါရီ ၄ ရက် မြန်မာ့လွတ်လပ်ရေးနေ့မှာပဲ နေပေါ်မှာ အစက်ပြောက်တွေထခဲ့တယ်လို့ wikipedia မှာ သွားတွေ့တယ်။ အံ့သြစရာပါပဲ။ ဒီနေအကွက်ထတိုင်း အနှေးနဲ့အမြန်ဆိုသလို ကမ္ဘာ့ရာသီဥတုကို ကပြောင်းကပြန်ဆိုးရွားစေတယ်လို့ လေ့လာဖူးပါတယ်။ ဖြစ်ပြီးမှသာ သွားတွေ့တာပါ။

ပြီးခဲ့တာတွေကတော့ပြီးသွားပါပြီ၊ သေတဲ့သူကလည်း သေကုန်ပါပြီ မပြီးတာကတော့ မတရားမှုတွေ၊ ကြားဖြတ်ခုတ်တာတွေ၊ လူမဆန်တာတွေ၊ ကလိန်ကကျစ်ကျတာတွေပါပဲ။ ထားလိုက်ပါ လောကပါလ သစ္စာတရားက ဒီအတိုင်းကြည့်မနေလောက်ပါဘူး၊ ကျနော် စိတ်ထဲ ခံပြင်းမိတာလေး ပြောချင်ပါတယ်။ မိုးလေ၀သနဲ့ဇလဗေဒဌာနကို ခေါက်ထားလိုက်ပါဦး၊ ပြက်လုံးထဲရောက်နေတဲ့ သူတို့ ခန့်မှန်းချက်တွေကို ခဏဘေးဖယ်ထားပါမယ်။ ပြောချင်တာကတော့ နက္ခတ်ဗေဒင်ပညာရှင်၊ ဆရာ့ ဆရာကြီးတွေ၊ မြန်မာနိုင်ငံဝေဒသုတေသနက ပြက္ခဒိန်တော်ဆက်တဲ့ သင်္ကြန်စာထုတ်တဲ့ သူတွေကို ပါပဲ။ ဘယ့်နှယ်ဗျာ..ဒီလောက် အဆိုးဝါးဆုံးမုန်တိုင်းလာမယ်ဆိုတာ တကယ်ပဲ ဒီနှစ် ကောဇာအဟောမှာ မတွေ့ခဲ့တာလား..တကယ်ပဲမမြင်ကြတာလားဆိုတာ မေးခွန်းထုတ်လိုက်ချင်ပါရဲ့၊ သင်္ကြန်စာ ပြန်ကောက်လှန်ကြည့်တော့တွေ့ပါတယ်။ ဘာတဲ့ ..လေပြင်းမုန်တိုင်းများကျနိုင်သော်လည်း ကောက်ပဲသီးနှံများ ထိခိုက်ခြင်းမရှိ အားပျော့မုန်တိုင်းများသာဖြစ်သည် တဲ့၊ ကောင်းရော ..နက္ခတ်ပညာမှာ ကိုင်းခွဲများစွာရှိတဲ့ အထဲက weather astrology: Astrometerology ဆိုတာရှိနေပါတယ်။ Mundane Astrology ဆိုတဲ့ နိုင်ငံရေးဗေဒင်နဲ့ ဆက်နွယ်နေပါတယ်။ ဒါတွေသိရဲ့သားနဲ့ဘာလို့များ အဲဒီဆရာကြီးတွေ မဟောခဲ့တာလဲ ၊ နီးရာဓားကြောက်လို့လား၊ ပညာမပြည့်ဝတာလား၊ ဒါမှမဟုတ် ရာသီဥတုဟောကိန်းထုတ်လို့ ဘယ်က ငွေယားလေးရမှာလဲ၊ လူကိုဟောတာမှ ပိုက်ဆံလာဦးမယ် ယတြာအကြောင်းပြ ရိုက်လိုက်ရရင် ထောဦးမယ်၊ ရာသီဥတုကို မိုးလေ၀သသမားတွေပဲ လုပ်ပေရော့ဆိုပြီး သင်္ကြန်စာမှာ ဖြီးဖြန်းခဲ့လေသလား ... သူတို့ ကိုယ်တိုင်ပဲသိကြမှာပါ။ မိုးလေ၀သဗေဒင်ပညာဆိုတာ ရှေးဟိန္နူနက္ခတ်ပညာရော၊ အနောက်တိုင်းနက္ခတ်ပညာမှာပါ ဘယ်လိုဟောကိန်းထုတ်ရမယ်ဆိုတဲ့ ဥဒေသတွေ ရှိပါတယ်။ သုတေသနလုပ်သွားရင် အတော် ရာနူန်းများများမှန်တဲ့ဟောကိန်းတွေရရှိနိုင်ပါတယ်။ ဥပမာ..ရေရာသီတွေနဲ့ မကာရရာသီဒုတိယ ဟောရတ်ကို ကောဇာတနင်္လာစီးနင်းဖြတ်သန်းတဲ့အခါ မိုးအသည်းအသန်ရွာသွန်းတတ်တာမျိုးပါ။ ကျနော်တော့ မုန်တိုင်းအပြီး ကိုယ့်မြို့လေးကိုယ်ကြည့်ပြိးတည်းက အဲဒီ မိုးလေ၀သဗေဒင်ပညာကို အဆုံးတိုင်ပေါက်မြောက်အောင်လေ့လာ သုတေသနပြုသွားမယ်လို့ ဆုံးဖြတ်မိပါတယ်။ ခံစားချက်တွေ ဖောက်ခွဲပစ်လိုက်မှ ရင်ထဲပေါ့သွားပါတယ်။ လာရောက်ဖတ်ရှုသူတွေကို ကျေးဇူးတင်ပါတယ်။ အခုတော့ မုန်တိုင်းပြီးတာတောင် မတရားမှုမုန်တိုင်းကို ဆက်ရင်ဆိုင်နေရသူတွေအတွက် ကျနော်တို့အားလုံး ကူညီဖေးမကြဦးစို့ဗျာ

2 comments:

Apprenticeship said...

interesting!

ကိုပခန်း said...

ကပ္ပဝေဒင်္ဂစာအုပ်လေးမှာတော့ စုံစုံလင်ရေးထားတယ်ထင်ပါတယ်ခင်ဗျ ဒါပေမယ့်နားမလည်ခဲ့ပါဘူး စုစည်းဖြစ်ယင် ကျွန်တော့်ကိုလည်း လှမ်းတို့ဦးနော်