Thursday, May 29, 2008

တားရော့ နောက်ကြောင်းပြန် အမှတ်တရ

ဟေ့ကောင် ငါ စင်ကာပူမှာ အလုပ်အဆင်ပြေ၊ မပြေ၊ အဲမှာ ကြာမကြာကြည့်ပေးပါဦးတဲ့။ အရမ်းကို စိတ်အားထက်သန်နေတဲ့ ကွန်ပြူတာသမားသူငယ်ချင်းက မေးလာတယ်။ တားရော့ ကတ်ပြားထုပ်လေးကို ချိုးတယ်။ တစ်ချပ်ကိုယူတယ်။ လှန်လိုက်တယ်။ The Death သေမင်းကတ်တဲ့။ သေမင်းဆိုလို့ ရှုံ့မဲ့သွားတဲ့ မယုံသင်္ကာနဲ့ ပြူးပြဲကြည့်သွားတဲ့ သူငယ်ချင်းကို သွားကိုသွားဖြစ်မယ်။ အဆင်ပြေမယ် လို့ ဟောခဲ့ပါတယ်။ ခု စင်ကာပူမှာ ကွန်ပြူတာသမားအဖြစ် အဆင်ပြေနေပါပြီ။
ငါတို့နှစ်ယောက်အချစ်ရေး ဘယ်လိုရှေ့ဆက်မလဲတဲ့။ ခုမှ ရည်းစားရခါစ ပူပူနွေးနွေး သူငယ်ချင်းက မေးလာတယ်။ကတ်ပြားကို ချိုးတယ်။ တစ်ချပ်ဆွဲထုတ်တယ်။ ထွက်လာတာက The Devil ကတ်တဲ့။ အားနာပါးနာနဲ့ပြောလိုက်ပါတယ်။ မင်းတို့နှစ်ယောက် သူများအနှောက်အယှက်ကြောင့် ကွဲကွာရတတ်တယ်လို့။ မကြာပါဘူး။ လပိုင်းလေးပဲ။ နှစ်ဖက်မိဘတွေ၊ ဆွေမျိုးတွေ ၀ိုင်းဖျက်လို့ ရိုမီယို၊ ဂျူးလိယက် လို လွမ်းချင်းချလိုက်ရတယ်။
တက္တသိုလ်ဝင်တန်းဖြေနေတဲ့ ညီငယ်လေးက မေးလာတယ်။ ဒီနေ့ ကျွန်တော် အပိုင်ဆုံး သင်္ချာနေ့တဲ့။ ဒါပေမယ့် သင်္ချာကို သေချာအောင် တားရော့လေ့းတော့ ကြည့်ချင်တယ် ဆိုတာနဲ့ ကတ်ပြားတစ်ချပ် လှမ်းယူခိုင်းလိုက်တယ်။ ပေါ်လာတယ်။ The Tower တဲ့။မတတ်နိုင်ဘူး။ တားရော့ကပြောတဲ့ အတိုင်း ပြန်ပြောရမှာပဲ။ မင်းဒီဘာသာ ထိလိမ့်မယ်ပေါ့။ အောင်စာရင်းတွေ ထွက်လာတော့ ညီလေးစာမေးပွဲကျတယ်။ အမှတ်စာရင်းတောင်းကြည့်တော့ သင်္ချာ ၃၇ တဲ့။သူကလည်း ပြောပါတယ်။ သင်္ချာဖြေတဲ့နေ့က ခေါင်းတွေထူပူပြိး ဘာမှမမှတ်မိသလို ဖြစ်သွားတယ်တဲ့။ တားရော့ကတ် Tower ပေါ်က ဇောက်ထိုးလိမ့်ကျလာတဲ့ လူပုံစံကို ကြည့်ရင်း ညီငယ် အဖြစ်ကို တွေးမိပါတယ်။
နှလုံး၊ လေးဖက်နာရောဂါသည် သူငယ်ချင်းတစ်ယောက် ရောဂါခဏခဏဖောက်လွန်းလို့ မြင်ရတာ စိတ်မချမ်းသာတာနဲ့ တားရော့ကတ်ပြားတွေထဲက The Strength ကားချပ်လေးကို စနစ်တကျ ဆောင်ခိုင်းလိုက်ပါတယ်။ သူ့ရောဂါအတွက် ဘယ်လိုအထောက်ကူပြုပြီး ဘယ်လိုသက်သာလာ လဲတော့ သေချာမသိပါဘူး။ နောင်ဆို အဲဒီတားရော့ကတ်လေးကို သွားလေရာဆောင်တော့တာပါပဲ။
ကြာပါပြီ...အသက်က ၂၀ ၀န်းကျင်လောက်က ၀ယ်ယူသုံးစွဲလေ့ကျင့်ဟောပြောခဲ့တဲ့ ရိုက်ဒါဝတ်တီးတားရော့ထုပ်လေးကို မနေ့က သတိတရနဲ့ ပြန်ကြည့်မိတော့ တားရော့ကတ်ပြားတွေက ဆေးသားရောင်စုံတွေက ခုထိရွှန်းစို တောက်ပနေတုန်းပါပဲ။ သူတို့ရဲ့ လျှို့ဝှက်နက်ရှိုင်းတဲ့ အတတ်ပညာ တွေကို ဖော်ထုတ်ဖို့ ဖိတ်ခေါ်နေသလို..To know, To dare, To trust, To be silent ဆိုတဲ့ ဂန္ဓာရီပညာရပ်ရဲ့ လက်သုံးစကားကြိးလေးရပ်ကို ညွှန်ပြနေသလိုလို...ဗေဒင်အဟောတင် မက..အဆောင်သဘောမျိုးပါ ဆောင်လို့ရ..ယတြာလည်းလုပ်လို့ရ..နောက် ကသိုဏ်းသဘောရှု မှတ်ဆင်ခြင်ရင်း..လမ်းတစ်ခုကိုပါ မြင်စေနိုင်တဲ့ တားရော့ကတ်ပြားလေးတွေကို တီထွင်ဖော်ဆောင်ခဲ့တဲ့ ဆရာသခင်တွေကို အခါခါ ပြန်လည် ဦးညွှတ်ဂါရ၀ပြုမိပါတော့တယ်။
တခါက လက်ပွန်းတတီး ရင်းနှီးခဲ့သော တားရော့ကတ်များသို့...အမှတ်တရ..

No comments: