Tuesday, June 3, 2008

အချိန်သင့်၊ အခါသင့် နက္ခတ်သင့် အင်းတစ်ချပ်အကြောင်း

တခါတုန်းကပေါ့ ရှေးသရောအခါဆိုရင် ပိုမှန်မလားပဲ..ဗာရာဏသီလို့ပဲ ရမ်းအုပ်လိုက်တော့မယ်..ဒါက ပြသာနာမဟုတ်လောက်ပါဘူးနော်..ပြောချင်တာက ....တိုင်းပြည်နှစ်ခု စစ်ဖြစ်ကြတယ်။ စစ်ဖြစ်ပါတယ်ဆိုမှ ပျော်လို့တော့ မဟုတ်လောက်ဘူးပေါ့။




တိုင်းပြည်တစ်ခုက အရမ်းအင်အားကြီးမားတယ်။ လက်နက်လည်း စုံတယ်။ တိုက်ရည်ခိုက်ရည်မှာ play station 2 ဂိမ်းတွေထဲက သူရဲကောင်းတွေထက်တောင် စွမ်းသေးတယ်။ နောက်တိုင်းပြည်ကတော့ ပိစိညှက်လေးပါ။ လူအင်အား၊လက်နက်အင်အားလည်း ပျော့စိနေတာပါပဲ။ ဒါပေမယ့် ဒါပေမယ့်ပေါ့..အဲဒီ ဇင်ဂလယ်လောက်သာရှိတဲ့တိုင်းပြည်လေးမှာ ပညာရှင်ကြိးတစ်ယောက်ရှိသတဲ့။ ကွန်ပြူတာပညာရှင်တော့ မဟုတ်ပါဘူး။ တစ်ချိန်က ဘုန်းမီးနေလတောက်ပခဲ့တဲ့ ဂမ္ဘီရပညာတွေ ဟိုဖက်ကမ်းရောက်လောက်အောင် အသကုန်တတ်ကျွမ်းတဲ့ ဆရာကြီးတစ်ပါးရှိတယ်။

တိုင်းပြည်ငယ်လေးဟာ ထုံးစံအတိုင်းတိုက်ပွဲ အလီလီမှာ ခွက်ခွက်လန်အောင်ကို ရှုံးနိမ့်ပါတော့တယ်။ နောက်ဆုံး အင်အားတွေ နင်ပဲငဆကြီးမားလွန်းတဲ့ ရန်သူတပ်မကြီးဟာ တိုင်းပြည်ငယ်လေးရဲ့ နောက်ဆုံးမြို့တော်ကို ၀ိုင်းရံ ပိတ်ဆို့ထားလိုက်ပါတော့တယ်။ ဒီတော့ကာ ဘုရင်ကလည်း ဆရာကြီး ဘယ်လိုလုပ်ကြမတုန်း၊ ကိစ္စတော့တုံးကုန်တော့မှာပဲ ဆိုပြီး ပူစပ်ပူလောင်နဲ့ ပြောသတဲ့။ ဆရာကြီးကတော့ ခပ်အေးအေးပါပဲ။ သူ့ဖာသာ laptop ပေါ်မှာ အဲလေ..ကျောက်သင်ပုန်းပေါ်မှာ တောင်ခြစ်မြောက်ခြစ် လုပ်နေသတဲ့။ အော်..ပြောရဦးမယ် အဲဒီအ၀ိုင်းခံထားရတဲ့မြို့လေးနားမှာ မြစ်ကြီးတစ်ခုလဲ စီးနေတယ်တဲ့။ မြို့လေးကတော့ တောင်ကုန်းမြင့်တစ်ခုပေါ်မှာတည်ရှိပါတယ်။ ဘာကြောင့် မြို့မြင်ကွင်းကို ကြိုပြောထားရလဲဆိုရင် နောက်မှာလာပါတော့မယ်။

ရန်သူတွေက တောင်ကုန်းအောက်ခြေမှာ ထီးနန်းကိုပင်အပ်မည်လော..စစ်ကိုပင်ပြုမည်လောဆိုပြီး လျှောက်ပြောနေတာပေါ့ဗျာ..ဘုရင်ကလည်း တုန်နေအောင်ကြောက်နေပြီ။ ဆရာကြီးကတော့ သူတွက်ချက်ထားတဲ့ ကျောက်သင်ပုန်းကို ခဏဘေးချပြီး လသာဆောင်ကနေ အောက်ဝန်းရံထားတဲ့ ရန်သူတပ်ရယ်..နောက် ကောင်းကင် အနေအထားရယ်..ကို ကြည့်ရှုပါတော့တယ်။ ရာသီဥတုကတော့ နေမပူမိုးမရွာလေးပါပဲ။ ကြည့်ပြီးတာနဲ့ဆရာကြီးဟာ ကြေးပြားလေးတစ်ချပ်ကို ယူပြီး Magic Square ဆိုတဲ့ အင်းတစ်ချပ်ရေးသားပါတော့တယ်။ ဘာအင်းလဲဆိုတာကတော့ ပြောလို့မဖြစ်ဘူး..ဟဲဟဲဟဲ..ပြီးတာနဲ့ အင်းကို ဂါထာမန္တရားတွေနဲ့ မန်းမှုတ်ပါတော့တယ်။ လာပါပြီ..ဒန်တန့်တန်...

ဘယ်ကမှန်းမသိတဲ့ မိုးတိမ်တွေ မိုးကုတ်စက်ဝိုင်းတစ်လျှောက်တက်လာပြီး ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းသွားတော့တာပါပဲ။ မိုးကို မဲလို့။ လျှပ်တွေပြက်လို့။ ခဏလေးမှာပဲ..မိုးထစ်ချုန်းရွာသွန်းပါတော့တယ်။ ရေလည်းအတော်ပါပါတယ်။ မုန်းတိုင်းကလည်း နာဂစ်နဲ့ နင်လားငါလားဆိုပဲ။ ဒီတော့ကာ တောင်ခြေမှာတပ်စွဲထားတဲ့ ရန်သူတပ်မကြီးလည်း ဘယ်နေမလဲ တခါတည်းကို ရေနစ်၊မြစ်ထဲမျော၊ လှိုင်းတွေထဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နဲ့ ပလုံစွပ်ကုန်ပါတော့တယ်။

တိုင်းပြည်ငယ်လေးအနေနဲ့ သေနတ်တောင်တစ်ချက် မဖောက်လိုက်ရပါဘူး၊ ဓားတောင် ဟန်ရေးမပြလိုက်ရပါဘူး။ ဂမ္ဘီရ ဆရာကြီးရဲ့ ကျောက်သင်ပုန်းပေါ်က အဲဒီနေ့ ကောင်းကင်ဂြိုဟ်ဇာတာခွင်ရယ်၊ ဆရာကြီး နက္ခတ်ချိန်ခါကိုက် ချလိုက်တဲ့ ကြေးအင်းပြားလေးရယ်...ရွတ်ဖတ်လိုက်တဲ့ ဂါထာမန္တန်ရယ်..ဘယ်လိုဟာမိုနီဖြစ်သွားသလဲ..တိုက်ဆိုင်မှုပါလို့ ဒီဘက်ခေတ်က ဥာဏ်ကြီးရှင် သိပ္ပံသမားယောင်ယောင်တွေက ဆိုမယ်..ဘာသာရေးသမားတွေကတော့ ကံ၊ကံ၏ အကျိုးပေါ့လေ..လို့သက်ပြင်းလေးချပြိးပြောမယ်။ ပြောချင်ရာတွေလည်း ပြောကြပါစေလေ..အဲဒီ ဂမ္ဘီရပညာရှင် ဆရာကြီးရဲ့ နူတ်ခမ်းထောင့်မှာ အပြုံးတစ်စ ကွေးညွတ်ပေါ်ပေါက်ခဲ့မှာကတော့ ကျိန်းသေပါပဲလို့ ဒီဘက်ခေတ်က နောက်ပေါက်ဝါသနာရှင်လေးတစ်ဦးက ပြောလိုက်ချင်ပါရဲ့..။

မှတ်ချက်<။
မိုးရွာစေတတ်သော ဂြိုဟ်များမှာ တနင်္လာ၊သောကြာဖြစ်ပြီး ရာသီခွင်မှာ ကရကဋ်၊ ဗြိစ္ဆာနှင့် မကာရ ဒုတိယ ဟောရတ်ဖြစ်ပါတယ်။ မုန်တိုင်းကျစေသော သတ္တနာဋီစက်မှ နက္ခတ်အကြောရှင်များမှာ စနေ၊ အင်္ဂါနှင့် တနင်္ဂနွေတို့ဖြစ်ပါတယ်။ ဆရာကြီး စိရင်ခဲ့တဲ့ အင်းကတော့...ကျနော်လည်း မသိပါဘူး။ တစ်ခါတရံ မသိတာက သိတာထက်ပိုကောင်းဆိုတာ အားလုံးလက်ခံကြမယ်ထင်ပါတယ်။

No comments: