Friday, June 13, 2008

အင်္ဂါ၊ စနေဂြိုဟ်ငပေများနဲ့ ပျော့ခွေနေတဲ့ ငါတို့မြေ

မြစ်ထဲမှာ လူတစ်ယောက် ရေနစ်နေတယ် ဆိုပါစို့။ အဲဒီမှာ လူနှစ်ယောက်က မြစ်ကမ်းဘေးမှာ ရှိနေတယ်။ တစ်ယောက်က ရေနစ်သူရဲ့ ကယ်ပါယူပါ အော်ဟစ် အကူညီတောင်းသံကြားတော့ ဘာညာ မစဉ်းစားတော့ဘူး၊ ချက်ချင်းရေထဲ ခုန်ချပြီး ကူညီပါတော့တယ်။ ကျန်တစ်ယောက်ကတော့ ကူညီသင့်၊ မကူညီသင့်ချင့်ချိန် ခပ်အေးအေးပဲ စဉ်းစားနေပါတယ်။ သူ့အတွက် ဘေးအန္ထရယ်ဖြစ်နိုင် ၊မဖြစ်နိုင်ကို တွက်ချက်နေပါတယ်။ ဒီဖြစ်ရပ်ကလေးကိုကြည့်ရင် အင်္ဂါဂြိုဟ်စိုးမိုးသူနဲ့ စနေဂြိုဟ်စိုးမိုးသူတွေကို သတိထား အကဲခတ်နိုင်ပါလိမ့်မယ်။



ဇိုးဇိုးဇတ်ဇတ်နဲ့စွတ်ရွတ် လုပ်တတ်သူတွေ၊ တဇွတ်ထိုးတဇောက်ကန်းတွေ၊ စွန့်စားရဲသူတွေ၊ သတ္တိကောင်းသူတွေကို အင်္ဂါဂြိုဟ်ရဲ့ သားကောင်းတွေလို့ ဖွင့်ဆိုရပါမယ်။ ဒီမှာတောင် ဂြိုဟ်အနေအထားပေါ်မူတည်ပြီး အနိုင်ကျင့်ဗိုလ်ကျတတ်သူ၊ အင်အားသုံးဖြိုခွင်းတတ်သူ၊ ငါ့မြင်းငါစိုင်း ဆိုတဲ့သူ၊ သွေးထွက်သံယိုကြိုက်သူတွေလည်း ရှိနေပါသေးတယ်။ ကောင်းတဲ့ ဘက်ကကြည့်ရင် အနေအထားကောင်းတဲ့ အင်္ဂါကြောင့် သတ္တိရှိတာ၊ စွန့်စားရဲတာ၊ ရဲရင့်တာ၊ ခွန်အားကြိးမားတာတွေပိုင်ဆိုင်တဲ့ သူရဲကောင်းတွေလည်း ပေါ်လာတတ်ပါတယ်။ နေအဖွဲ့အစည်းထဲမှာ လိမ္မော်နီရင့်အရောင် တောက်ပနေတဲ့ အင်္ဂါဂြိုဟ်ကို သာမန်မျက်စိနဲ့တောင်တွေ့နိုင်ပါတယ်။ ပလူတို၊ယူရေးနပ်စ်ဂြိုဟ်တွေနဲ့ အမြင်အယှဉ်ဆိုးတိုင်း ၊ နောက်ပြန်သွားရာကနေ ချော်တောငေါ့ပြီး ကမ္ဘာနဲ့နီးကပ်လာတိုင်း သမိုင်းဝင်တော်လှန်ရေးတွေ၊ တိုက်ပွဲကြီးတွေ၊ ပေါက်ကွဲမှုတွေ သွေးထွက်သံယိုမှုတွေကို ဟောဒီကမ္ဘာအတွက် ဖန်တီးပေးတတ်ပါတယ်။

ဂြိုဟ်တွေအားလုံးထဲမှာ ငပေငတေ ခြေကျိုးရေခဲကောင်လို့ ခေါ်တွင်ရတဲ့ စနေဂြိုဟ်စိုးမိုးသူတွေကတော့ နေရာတကာ မထုံတတ်တေး၊ အေးတိအေးစက်၊ လေးလေးပင်ပင်၊ ထိုင်းမှိုင်းလေးလံ၊ ပျင်းရိတတ်သူတွေဖြစ်သလို တရားဓမ္မကို အနက်ရှိုင်းသဘောပေါက်သူ၊ စာတွေ့မဟုတ်ဘဲ ငါတွေ့သိရှိသူ၊ ဇွဲလုံ့လကြီးမားသူ၊ သစ္စာတရားခိုင်မာသူ၊ တည်ကြည်လေးနက်သူ၊ အများဝန်ထမ်းအနစ်နာခံသူတွေ အဖြစ်လည်း ဂြိုဟ်အနေထားကောင်းတဲ့ အခါ တွေ့မြင်ရတတ်ပါတယ်။ ယူရေးနပ်စ်၊ နက်ပကျွန်း၊ ပလူတိုတွေထက်စာရင် ကမ္ဘာနဲ့နီးပေမယ့် အစောပိုင်းတွေ့ရှိချက်တွေမှာတော့ နေနဲ့အဝေးဆုံးက အပြာရောင်လဲ့နေတဲ့ဂြိုဟ်အဖြစ်တွေ့ရပါတယ်။ ဒဏ္ဍာရီမှာတော့ ဗြဟ္မာနတ်မင်းကြီးက ခြေထောက်ကို ရိုက်ချိုးပစ်လိုက်တဲ့ ထော့ကျိုးနတ်တစ်ပါးအဖြစ် စနေကိုရေးသားခဲ့ပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ စနေစိုးမိုးလွန်းသူတွေဟာ သွားနှေးနှေး၊ စားနှေးနှေး၊ လေးလံလွန်းသူတွေ ဖြစ်နေတတ်တာ သဘာဝလို့ဆိုရမလိုပါပဲ။ ဒါပေမယ့် ဂြိုဟ်တွေထဲမှာ အကြမ်းပတမ်းအခံနိုင်ဆုံးဂြိုဟ်လို့ မှတ်တမ်းတင်ထားပါတယ်။ သူနဲ့မြင်ယှဉ်တဲ့ဂြိုဟ်တွေနဲ့ အမြင်ဆိုးကြုံတိုင်း ၀မ်နည်းကြေကွဲဖွယ် အဖြစ်အပျက်တွေ၊ သေဆုံးမှု၊ ဒုက္ခိတတွေဖြစ်ကုန်တာ၊ ခြေလက်တွေဖြတ်တောက်ခံရတာ၊ နှစ်ရှည်နာလန်မထူနိုင်တဲ့ ကပ်ဆိုးဆိုက်ကုန်တာတွေ စတဲ့ အဖြစ်ဆိုးတွေ ဖြစ်လာပါတော့တယ်။

အဲဒီဖိုက်တာအင်္ဂါဂြိုဟ်နဲ့ ငပေငတေဂြိုဟ်စနေတို့ဟာ လာမယ့် ဇူလိုင်လလယ်လောက်မှာ သိဟ်ရာသီခွင်မှာ ပူးယှဉ်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင်ရုတ်တရက်ဖြစ်ရပ်တွေကို ဖော်ပြတဲ့ ယူရေးနပ်စ်ဂြိုဟ်ကြီးက ကုမ်ရာသီကနေ သမသတ်အမြင်နဲ့ လာပက်သက်နေပါတော့တယ်။ ပြီးခဲ့တဲ့မေလထဲတုန်းကတော့ အဲဒီအင်္ဂါနဲ့ ရာဟုကိတ်ဝင်ရိုးတန်းတို့ မြင်ယှဉ်ဆုံတွေ့ချိန်မှာ ပါပတွေပီသစွာနဲ့ နာဂစ်မုန်တိုင်းနဲ့ စီချွမ်ငလျင်ဆိုတဲ့ သဘာဝ ဘေးဆိုးကြီးနှစ်ခုကို ကမ္ဘာမြေအတွက် ပေးအပ်ခဲ့ပြိး ဖြစ်ပါတယ်။ အခုလာမယ့် အင်္ဂါစနေ ပါပနှစ်လုံး ပူးယှဉ်မှုမှာတော့ ဘယ်လိုအရာတွေ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဘယ်ပုံဘယ်နည်းဖြစ်လာမယ်ဆိုတာ ဗုဒ္ဓရဲ့ တရားတော်တွေ နှလုံးသွင်းအာရုံပြုရင်း မျှော်လင့်ကြည့်ကြပါစို့ဗျာ

လူသားအားလုံး ဘေးဥပါဒ် အန္တရာယ် ကင်းဝေးကြပါစေ

မှတ်ချက်၊ တကယ်တမ်းတွင် စနေ၊ အင်္ဂါသာမက ယူရေးနပ်စ်၊ နက်ပကျွန်း၊ ပလူတိုအပြင် ထပ်မံတွေ့ရှိထားသော ဆက်ဒနာ၊ ချီယွန်၊ ဂျူနို ဟူသော ဂြိုဟ်များစွာ၏ ပူးပေါင်းပါဝင်ရိုက်ခတ်မှုများ၊ နက္ခတ်တာရာကြီးများနှင့် ယင်းဂြိုဟ်များ၏ ပူးယှဉ်ဆက်စပ်မှုများ၊ စသည့် အကြောင်းတရားများစွာ ရှိနေပါသည်။ တွေးမိသမျှ၊ မြင်မိသမျှလေးကိုသာ ...တင်ဆက်ပါသည်။

No comments: