Thursday, June 26, 2008

အနောက်တိုင်းနက္ခတ်ပညာမှ ငလျင်လှုပ်ခြင်းဆိုင်ရာဥပဒေသများ


ဘယ်ပညာကိုမှ ခြေခြေမြစ်မြစ် မတတ်ကျွမ်းဘဲ ဝေလေလေလုပ်နေတတ်တဲ့ ကျွန်တော်အကောင်းစားလေး မောင်ရန်းဂမ်းကလည်း အားကျမခံ ငယ်ငယ်တုန်းက ကမြင်းကြောထရင်း မှတ်စုထုတ်ထားတဲ့ အနောက်တိုင်း နက္ခတ်ပညာက ငလျင်လှုပ်စေတတ်တဲ့ ဂြိုဟ်အနေအထားဆိုင်ရာ ဥပဒေသတွေကို ပြန်လှန်လှောဖတ်ရှုရပါတော့တယ်။

အခုတစ်လော ကျွန်တော်တို့ ဗရုတ်သုက္ခရွှေပြည်ကြီးမှာ ဘယ်သတင်းသမား၊ အတင်းအဖျင်းသမားတွေက ဗရမ်းဗတာနဲ့ ပါးစပ်သရမ်းလိုက်လည်း မသိပါဘူး။ ငလျင်လှုပ်ဦးမယ်ဆိုတဲ့ ဗရွတ်ရွှတ်တတ်ဟောကိန်းတွေ လူတွေကြားထဲ ပျံ့နှံ့နေလေရဲ့။ ဘဇာကြောင့် ဘယ်ကထွက်လာတဲ့ ကောလာဟလလည်း မသိပါဘူး။ မီးလည်းလောင်ပြီးပြီ။ လေလည်းတိုက်၊ ရေလည်းကြီးပြီးပြီ။ မြေဆိုတဲ့ ငလျင်ပဲ ကျန်တော့တယ်။ လှုပ်ကိုလှုပ်ဦးမှာဆိုပြီး ငလျင်ကို သူ့ခယ်မလို အပိုင်တွက်တဲ့ အသံတွေလည်းကြားနေရပါတယ်။ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး မိုး၊ ဇလဗေဒက ဦးထွန်းလွင်ကြီးကတောင် ဒီသတင်းတွေဟာ ဘယ်ကထွက်လာမှန်းမသိတဲ့၊ အခြေအမြစ်မရှိတဲ့ သတင်းတွေဖြစ်ကြောင်း မီဒီယာတွေကနေ ရှင်းယူရတဲ့အထိဖြစ်လာတော့...
ဘယ်ပညာကိုမှ ခြေခြေမြစ်မြစ် မတတ်ကျွမ်းဘဲ ဝေလေလေလုပ်နေတတ်တဲ့ ကျွန်တော်အကောင်းစားလေး မောင်ရန်းဂမ်းကလည်း အားကျမခံ ငယ်ငယ်တုန်းက ကမြင်းကြောထရင်း မှတ်စုထုတ်ထားတဲ့ အနောက်တိုင်း နက္ခတ်ပညာက ငလျင်လှုပ်စေတတ်တဲ့ ဂြိုဟ်အနေအထားဆိုင်ရာ ဥပဒေသတွေကို ပြန်လှန်လှောဖတ်ရှုရပါတော့တယ်။ ရှာတော့လည်း အကွင်းအကွင်းနဲ့ ဟိုဒင်းလို ဘွားခနဲဆို တွေ့တာပါပဲ။ လားလား..၁၈ ရာစု အနောက်တိုင်း နက္ခတ်ဗေဒင်လောက အကျော်အမော် ဇက်ကိုင်းအဲလ်က သူ့အာဝါး အဲလေ..သူ့အာဘော်ကို အခုလို တင်ပြထားပါတယ်။

၁။ နေ၊လကြတ်ပြီး ငလျင်လှုပ်တတ်သည်။
၂။နေကြတ်၊လကြတ်ချိန် ဂြိုဟ်အပူးအမြင် သို့မဟုတ် တနင်္ဂနွေ၊ တနင်္လာ ရပ်တည်ရာ ရာသီများ သတိပြုမှတ်သားထားရန်
၃။ ပြိဿ၊ ဗြိစ္ဆာရာသီများတွင် အင်္ဂါ၊ ကြာသပတေး၊ စနေ၊ ယူရေးနပ်စ်ဂြိုဟ်ကြီးများ ရပ်တည်သောအခါ
၎။ ကြာသပတေးနှင့် ဗုဒ္ခဟူး၊ သောကြာတို့ အမြင်ယှဉ်ရှိခြင်း၊ ပူးခြင်း၊ သမသတ်မြင်ခြင်း၊ ဂြိုဟ်ပြိုင်ခြင်း
၅။ အီကွေတာမျဉ်းပေါ်တွင် ဂြိုဟ်များစွာ ရပ်တည်နေခြင်း
၆။ ကြယ်တံခွန်များ နေနှင့်နီးလာချိန်၊ စနေနှင့် ယူရေးနပ်စ် တို့၏ လမ်းကြောင်းသို့ ရောက်ရှိလာချိန်
ငလျင်လှုပ်ခတ်တတ်ကြောင်းပါတဲ့ ခင်ဗျာ။

တစ်လောက မြန်မာ့ရိုးရာဗေဒင်ဘလော့မှာ ဆရာဇေယျာမောင်ရဲ့ မုန်တိုင်းလွန်သော် ဆောင်းပါးနဲ့ တစ်ဆက်တည်း ဆရာတေးအေးရိပ်ရဲ့ ဘဝေါဆောင်းပါးမှာ လင့်ခ်ပေးထားတဲ့ ဘလော့ဂါခွန်မြလှိုင်ရဲ့ ငလျင်ကိန်း တွက်နည်းတွေမှာ ငလျင်လှုပ်နိုင်တဲ့ ဟောကိန်းတွေထုတ်ထားတာ တွေ့ရပါတယ်။ သင်္ချာကိန်းတွေနဲ့ ဆင်ထားပြီး နာမည်ကျော် စွယ်စုံကျော်ထင်ကျမ်းက နည်းအတိုင်းတွက်ထားတယ်လို့ ဆိုပါတယ်။ ဆောင်းပါးအရ ငလျင်လှုပ်နိုင်ဖွယ်ရှိသည် ပေါ့လေ။ ပြီးတော့ ရန်ကုန် အုတ်ပုံဆိုတဲ့ တဘောင်ကလည်း ရှိသေးသမို့ နေရထိုင်ရတာ မသက်မသာပါပဲ။ သိပံ္ပပညာနဲ့တော့ ငလျင် ဘယ်တော့လှုပ်မှာလဲ ။ ဘယ်မှာလှုပ်မှာလဲ ဆိုတာ ခန့်မှန်းဖို့ မလွယ်ကူဘူးလို့ကြားဖူးပါတယ်။ ကျွန်တော်တို့ မြန်မာ့ရိုးရာပညာတွေကတော့ မခေပါဘူး။ ငလျင်ကိုတောင် ဖမ်းတွက်ထားပါသေးတယ်။ ဒီနှစ်အတွက်တော့ ဟုတ်ပါပြီ။ ဟိုတုန်းက နာမည်ကျော် ငလျင်ကြီးတွေ လှုပ်ခဲ့တုန်းက ဒီတွက်ကိန်းတွေနဲ့ ညီဲရဲ့လားဆိုတာ ပြန်သုတေသနလုပ်ကြည့်သင့်တယ် ထင်ပါတယ်။ စိတ်ပါဝင်စားသူများ အဲဒီဘလော့တွေဆီမှာ သွားဖတ်ရင်း ပေးထားတဲ့ ဥပဒေသတွေအတိုင်း ပေါင်းနူတ်မြှောက်စားပြီး စမ်းသပ်လေ့လာကြပါကုန်။ ကျွန်တော်ကတော့ သင်္ချာညံ့လို့၊ (တကယ်တော့အပျင်းထူလို့) မတွက်ဖြစ်ပါဘူး။

ဟဲဟဲ..ဘော်ဒါတွေကိုတော့ အချွန်နဲ့ မ လိုက်ပါပြီ။ တွက်ရ၊ ချက်ရတာ ၀ါသနာပါသူများအတွက် အံပါမက သွားပါကိုက်ပါလိမ့်မယ်။ တွက်ထားတဲ့အတိုင်းမှန်ရင်တော့ သွားကြီးဖြဲပြီး ငါကွ။ ငါလိုလူ ဒီဂမူမှာ ရှိသေးရဲ့လားလို့ ကြွေးကြော်နိုင်ပါတယ်။ ဒါပေမယ့် လှုပ်မယ့်နေရာကကိုယ့်ဒေသနဲ့ တိုက်နေရင်တော့ ဒန်တန့်တန်ပေတော့လို့ မှာကြားလိုက်ပါရစေခင်ဗျာ။ အခုတော့ စာရေးရတာ လက်ညောင်းလာတဲ့အတွက် နှစ်ပေါင်းထောင်နဲ့ချီ ခမ်းနားဆန်းကျယ်ခဲ့တဲ့ အရှေ့တိုင်းရဲ့ နက္ခတ်ဥသျှောင် ဟိန္နူနက္ခတ်ပညာက ငလျင်ဆိုင်ရာ ကြောက်ခမန်းလိလိ ဥပဒေသများကို မဖော်ပြတော့ပါဘူးလို့ ....

1 comment:

Anonymous said...

ဟုတ်ပါပြီ။ဇက်ကိုင်းအဲလ်ရဲ့အာဝါးကိုတော့သိပါပြီ။ လည်ပင်းကိုင်း အဲလေဟုတ်ပေါင် ဆရာသမားရဲ့ အာဘော်ကရောလို့။