Monday, June 23, 2008

Sunspot သို့မဟုတ် သေမင်းတမန်အစက်အပြောက်များ


ဒီအယူအဆကို အရှေ့တိုင်းရဲ့ ဂုဏ်ထူးဆောင် ဟိန္နူနက္ခတ်ပုရောဟိတ်တစ်ပါးဖြစ်တဲ့ ၀ရဟမိဟိရဆိုတဲ့ ဆရာမြတ်က လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက သိရှိခဲ့ပြီးဖြစ်ပါတယ်။


နေစကြာဝဠာအဖွဲ့အစည်းထဲမှာ အကြီးဆုံးအဓိက ဇာတ်ဆောင်ဖြစ်တဲ့ နေမင်းကြီးရဲ့ မျက်နှာပြင်ပေါ်မှာ ဟီလီယံဓာတ်ငွေ့တွေ ပေါက်ကွဲပြီး အမည်းကွက်၊ အစက်အပြောက်တွေထလာတဲ့အခါ၊ သံလိုက်မုန်တိုင်းတွေ နေမျက်နှာပြင်မှာ လှုပ်ရှားထကြွလာတဲ့အခါ ကမ္ဘာပေါ်မှာ ပြင်းထန်ဆိုးရွားတဲ့ မုန်တိုင်းတွေ၊ ငလျင်တွေ၊ သဘာဝဘေးအန္တရယ်တွေ ဖြစ်ပွားတတ်ပါတယ်။ ဒါက ခေတ်သစ်နက္ခတ်ပညာရှင်တွေရဲ့ အယူအဆပါ။ ဒီအယူအဆကို အရှေ့တိုင်းရဲ့ ဂုဏ်ထူးဆောင် ဟိန္နူနက္ခတ်ပုရောဟိတ်တစ်ပါးဖြစ်တဲ့ ၀ရဟမိဟိရဆိုတဲ့ ဆရာမြတ်က လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက သိရှိခဲ့ပြီးဖြစ်ပါတယ်။

၎.၁.၂၀၀၈ ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးသက်တမ်း အနှစ်ခြောက်ဆယ်ပြည့် အခါသမယဖြစ်ပါတယ်။ တိုက်ဆိုင်တယ်ပဲပြောမလား၊ ဘာမှမဆိုင်ဘူးလို့ဘဲငြင်းမလား။ သေချာတာကတော့ အဲဒီလွတ်လပ်ရေးနေ့မှာပဲ နေပေါ်မှာ အစက်ပြောက်ကွက်တွေ ထသွားခဲ့ပါတယ်။ အစက်အပြောက်ဆိုတာ စကားအဖြစ်သာပြောတာပါ။ ကမ္ဘာအပါအ၀င်ဂြိုဟ်တွေနဲ့ ပမာဏတူသလို ပိုကြီးမားတာတွေလည်း ရှိပါတယ်။ အဲဒီအစက်ပြောက်တွေဟာ နေမျက်နှာပြင်က မီးလျှံတွေ လျှံထွက်အန်ထုတ်လိုက်သလို၊ သံလိုက်စက်ကွင်းပုံစံမျိုးလို ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီက မမြင်ရတဲ့ လှိုင်းတွေ၊ အမှုန်တွေဟာ ကမ္ဘာနဲ့ အခြားဂြိုဟ်တွေကို လျှို့ဝှက်တိတ်ဆိတ်စွာနဲ့ပဲ ရိုက်ခတ်သွားပါတယ်။ ဒါပေမယ့် အဲဒီလှိုင်းအားတွေဟာ ချက်ချင်းကြီး သက်ရောက်လွှမ်းမိုးတာမဟုတ်ဘဲ လပိုင်းကနေ နှစ်ပိုင်းအထိ ကွာခြားပြီးမှ ရောက်ရှိထိခိုက်စေတတ်ပါတယ်။ နေနဲ့ ကမ္ဘာဟာ မိုင်ပေါင်း ၉၃ သန်းကွာခြားတာကို သတိရကြမှာပါ။

နေအတွင်းပေါက်ကွဲမှုတွေအပြင် ဂြိုဟ်တွေထဲမှာ အကြီးမားဆုံးဖြစ်တဲ့ ဂျူပီတာခေါ် ကြာသပတေးကလည်း အခြားဂြိုဟ်တွေအပေါ် သူ့စွမ်းအားလှုပ်ရှားမှုနဲ့ ဖိအားပေးလေ့ရှိပါတယ်။ လက်ရိုးနက္ခတ်ဗေဒင်မှာရော လက်ဆန်းဗေဒင်တွေမှာရော အတိသုခ၊ ပြည့်စုံချမ်းသာခြင်းကိုပေးစွမ်းတဲ့ သောမဂြိုဟ်ကြာသပတေးဟာ ကယ်တင်ရှင်စစ်စစ် မဟုတ်တာတင်မကဘဲ မထင်ရင်မထင်သလို ငလျင်တွေရဲ့ဖခင်၊ အင်အားကြီးမုန်တိုင်းတွေရဲ့ သခင်ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် ပါပစနေ၊အင်္ဂါ၊ ရာဟုနဲ့ယူရေးနပ်စ်တွေ မြင်ယှဉ်လာတိုင်း၊ နောက်ပြီး သီဟဇာဆိုတဲ့ ရှေ့အမြန်သွားတာ၊ ၀ကြဆိုတဲ့ နောက်ပြန်သွားတာတွေမှာ ပုံမှန်နူန်းထက်မြန်ဆန်လာတာဆိုရင်တော့ ကြာသပတေးဟာ ကံဆိုးမှုတွေရဲ့ စနက်တံဖြစ်လာဖို့များနေပါပြီ။

သမိုင်းဝင်ငလျင်ကြီးတွေဟာ ကြာသပတေးနဲ့အတူ ပြိဿ၊ဗြိစ္ဆာရာသီတွေ၊ ၀ါယောနဲ့ တေဇောနက္ခတ်အကြောတွေနဲ့ ပက်သက်နှီးနွယ်နေတတ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ နိုင်ငံခြားမှာတော့ ရာသီဥတုနဲ့ဆိုင်တဲ့ နက္ခတ်ပညာရပ်ကို Meteorological Astrology or Weather Astrology လို့ ခေါ်ကြပါတယ်။ ဒါပေမယ့်အလေးအနက် သုတေသနပြုလေ့လာတဲ့ သီးသန့်ပညာသည်အုပ်စု မရှိသလောက်ပါပဲ။ မြန်မာပြည်မှာကတော့ ဝေဒသုတေသနအဖွဲ့၊ နဒီနက္ခတ်ဗေဒင်အဖွဲ့၊ ဆရာကြီးမင်းသိင်္ခရဲ့ဧကံသဗျာကရဏအဖွဲ့ စတဲ့ ဗေဒင်အသင်းအဖွဲ့တွေ ရှိပါတယ်။ သို့သော် သို့သော်ပေါ့လေ....ထားပါတော့လေ။ တကယ်တမ်းကိုယ်ပိုင်အမြင်နဲ့ပြောရရင် နက္ခတ္တဗေဒပညာရပ်ဟာ သေချာလေ့လာကျွမ်းကျင်ထားရင် မိုးလေ၀သ၊ဇလဗေဒနဲ့ ငလျင်တိုင်းထွာရေးစက်တွေကို အသာလေး စိန်ခေါ်နိုင်ပါတယ်။ မိုးရွာသွန်းမှုနဲ့မုန်တိုင်းတွေကို ပိုမိုခန့်မှန်းလာနိုင်ပေမယ့် ငလျင်နဲ့ပက်သက်လို့တော့ အမေရိကန်ငလျင်သုတေသနဌာနကတောင် တိတိကျကျမခန့်မှန်းနိုင်သေးပါဘူး။ ကျွမ်းကျင်တဲ့ နက္ခတ်ပညာရှင်ဟာ နေလကြတ်အပြီးနဲ့ ဂြိုဟ်ကြီးတွေရဲ့ဖောက်ပြန်မှုကို ကြည့်ပြီး ငလျင်နဲ့မုန်တိုင်းတွေကို အနီးစပ်ဆုံး ဟောဆိုနိုင်ပါကြောင်း ကျိနိးသေပြောရဲပါတယ်။

အတိတ်တခါတုန်းက မင်းခစားဘ၀မှာ လည်ပင်းကို ဓားမိုးခံပြီး အလွန်တိကျမှန်ကန်တဲ့ ဟောကိန်းများစွာကို ရဲရဲရင့်ရင့် ထုတ်ပေးနိုင်ခဲ့တဲ့ ရှေးမြန်မာဗေဒင်ပညာရှင်ကြီးတွေကို အခါခါ ဦးညွှတ်ဂါရ၀ပြုလိုက်ပါ၏။

No comments: