Wednesday, July 9, 2008

ဖမ်းစားခံရတော့မယ့် အလင်းဂြိုဟ်များနှင့် ဆရာဦးထွန်းလင်းအမြင်


ဒီထူးခြားဖြစ်ရပ်နဲ့ပက်သက်ပြီး အခုအပတ်ထုတ် မြန်မာကျော်သတင်းဂျာနယ် Weekly Eleven မှာ မြန်မာနိုင်ငံနဒီနက္ခတ်ဗေဒင် သင်တန်းကျောင်းအုပ်ကြီး ဆရာဦးထွန်းလင်းက ပြောပြချက်ကို သတင်းအဖြစ်ရေးသားတင်ပြထားပါတယ်။ သူ့အာဘော်က ဒီလိုပါ။


သြဂုတ် ၁ ရက်နေ့မှာ နေကြတ်မယ်၊ ၁၆ ရက်နေ့မှာ လကြတ်မယ်၊ ပြီးတော့ တစ်လတည်းမှာပဲ လနှစ်ခါကွယ်မှာ ဖြစ်ပါတယ်။ နက္ခတ်ဗေဒင်နဲ့ မစိမ်းလှတဲ့ အသိုင်းအ၀ိုင်းတွေမှာတော့ ဘာဖြစ်မယ်၊ ညာဖြစ်မယ်၊ ခုပဲ ဟိုဒင်းက ဟိုဟာ ထဖြစ်တော့မယ် ဟိုကလောင်ကြီးတော့ သွားရှာတော့မယ် အခုပဲပြောင်းလဲတော့မယ် စသဖြင့် ဟုတ်တာ မဟုတ်တာ အပထား ပူညံပူညံအသံတွေ ပွက်လောရိုက်ထွက်ပေါ်လာပါတယ်။ ဒီထူးခြားဖြစ်ရပ်နဲ့ပက်သက်ပြီး အခုအပတ်ထုတ် မြန်မာကျော်သတင်းဂျာနယ် Weekly Eleven မှာ မြန်မာနိုင်ငံနဒီနက္ခတ်ဗေဒင် သင်တန်းကျောင်းအုပ်ကြီး ဆရာဦးထွန်းလင်းက ပြောပြချက်ကို သတင်းအဖြစ်ရေးသားတင်ပြထားပါတယ်။ သူ့အာဘော်က ဒီလိုပါ။

ပုံမှန်နေကြတ်၊လကြတ်မှုဖြစ်စဉ်က နေကြတ်ပြီးမှ လကြတ်တာပါ။ ၁၉၈၈ တုန်းက သြဂုတ် ၂၈ မှာ လကြတ်ပြီး စက်တင်ဘာ ၁၁ မှာမှ နေကြတ်ပါတယ်။ အဲဒါကြောင့် အဲဒီတုန်းက နေကြတ်၊လကြတ်မှုဖြစ်စဉ်ဟာ ပုံမှန်ထက်ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ ၁၉၈၈ ကနေ အခု ၂၀၀၈ အတွင်း စုစုပေါင်း နေ ၄၅ ကြိမ်ကြတ်ပြီး လက ၄၇ ကြိမ်ကြတ်ပါတယ်။ လကွယ်က တစ်လတည်းမှာ နှစ်ကြိမ်ဆိုပေမယ့် နေကြတ်၊လကြတ်က ပုံမှန်ဖြစ်စဉ်အတိုင်း ဖြစ်နေလို့ ထူးခြားဖြစ်စဉ်အနေနဲ့ ကောင်းတဲ့ အကျိုးဆက်တွေသာ ဖြစ်မှာမို့လို့ ပြင်ပမှာ အဲဒီဖြစ်ရပ်နဲ့ ပက်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေက ကောလာဟလတွေပါ။ မြန်မာနိုင်ငံရဲ့ ဇာတာကို နဒီနက္ခတ်ဗေဒင်နည်းနဲ့ တွက်ချက်ထားမှုအရဆိုရင် ၂၀၀၈ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အလွန်ထူးခြားတဲ့ နှစ်လည်းဖြစ်လို့ ကိစ္စတော်တော်များများမှာ အနှေးနဲ့အမြန်ဆိုသလို ပြေလည်ဖို့ လမ်းစကောင်းတွေ ရလာနိုင်မှာပါ။ အဲဒီအပြင် အိမ်၊ခြံမြေ၊ ကားဈေးကွက် ဈေးကောင်းရပြီး ခရီးသွားလုပ်ငန်းတွေပိုမို အဆင်ပြေလာပါမယ်။ ရေထွက်ပစ္စည်းနဲ့ ရေလုပ်ငန်းတွေ တိုးတက်ကောင်းမွန်မယ်။ ရဟန်းဘုန်းကြီး ဘာသာရေးတွေ ပိုကောင်းလာမယ်။ ဒါ့ကြောင့် ပြင်ပမှာ တစ်လအတွင်း လနှစ်ခါကွယ်တာနဲ့ ပက်သက်ပြီး ကောလာဟလတွေကို ပြည်သူတွေအနေနဲ့ မယုံသင့်ပါဘူး။

အဲသဟာကတော့ဖြင့် နဒီနက္ခတ်ဗေဒင်သင်တန်းကျောင်းအုပ်ကြီး ဆရာဦးထွန်းလင်းရဲ့ အမြင်ပါ။ ဘလော့ဂါပရိသတ်ကြီးရေ ဘုတ်အုပ်မှာ ဒိုင်ယာရီမှာ ကိုယ့်ကွန်ပြူတာအသီးသီးမှာ မှတ်တမ်းတင်ထားကြပါကုန်...

အင်မတန်ကျယ်ပြန့်နက်ရှိုင်းတဲ့ နက္ခတ္တဗေဒပညာရပ်ကြီးမှာ ကျွန်တော့်အဆင့်က မဖြစ်ညစ်ကျယ်လေးပါ။ ဆရာ့ဆရာကြီး၊ သင်တန်းနည်းပြကျောင်းအုပ်ကြီးရဲ့ အာဘော်ကို ဘာမှစောဒကမတက်လိုပါဘူး။ ၀ိနည်းလွတ်အောင် ထိတ်တုံးရှောင်နေရတဲ့ ပညာရှင်တွေရဲ့ ဘ၀ကို နားလည်ခံစားပေးနိုင်ပါတယ်။ ဆရာဦးထွန်းလင်းရဲ့ စကားလုံးတစ်လုံးချင်းကို သေချာလေ့လာကြည့်ရင်တော့ တစ်ခုခု မြင်တွေ့ရမှာ ကျိန်းသေပါတယ်။ သူ့အနေနဲ့ ပစ်စလတ်ခတ်ဟောလွှတ်လိုက်ရင်လည်း မိုးလုံလေလုံ အခန်းထဲ ရောက်သွားမှာစိုးလို့ စကားလုံးတိုင်းကို ဇက်ကြိုးထိန်းပြီး ဘရိတ်ခဏခဏအုပ်ရင်း ဟောဆိုခဲ့ရတာပါ။

နေနဲ့လကြတ်တာနဲ့ ပက်သက်ပြီး ကျွန်တော်မောင်ရန်းဂန်းရဲ့ ကိုယ်ပိုင်အယူအဆကို ခဏဘေးခေါက်ထားပြီး ရှေးဟိန္နူနက္ခတ်ပညာရပ်ဆိုင်ရာ ကျမ်းကြီးတွေက နေလကြတ်တာနဲ့ ပက်သက်တဲ့ အထူးသဖြင့် တစ်လတည်းမှာ နေရောလပါကြတ်မှာနဲ့ ပက်သက်တဲ့ ဟောကိန်းထုတ်ပုံ ဥပဒေသတွေကို ပညာအခြေခံရှိသူတွေအတွက် ဖောက်သည်ချပေးလိုက်ပါတယ်။

(၁) နေကြတ်ခြင်းသည် အစိုးရ၊ မင်း၊ အုပ်ချုပ်သူများနှင့် သက်ဆိုင်သည်။ လကြတ်ခြင်းသည် ပြည်သူပြည်သား၊ ကောက်ပဲသီးနှံများနှင့် သက်ဆိုင်သည်။ သဗ္ဗကြတ်ခေါ် နေလုံးဝအပြည့်ကြတ်ခဲ့သော် ၎င်းကိုမြင်ရသော တိုင်းပြည်များ၌ ငတ်မွတ်ခေါင်းပါး ကျပ်တည်း ဒုက္ခများတတ်သည်။ အထူးသဖြင့် နေသဗ္ဗကြတ်ရာ ရာသီကို ပါပဂြိုဟ်များအမြင်ယှဉ်ပါ ရှိခဲ့သော် ပိုမိုပြင်းထန်ဆိုးရွားပေလိမ့်မည်။ အသဗ္ဗကြတ်ခေါ် တစ်စိတ်တပိုင်းကြတ်ခြင်းကိုသာ မြင်ရပါက အကျိုးသက်ရောက်မှု ထင်ရှားထူးခြားလိမ့်မည် မဟုတ်ပေ။

(၂) တစ်လအတွင်း ( အထူးသဖြင့် ) တနင်္ဂနွေ တစ်ရာသီတည်း ရှိနေစဉ်အတွင်း နေရောလပါကြတ်ခဲ့သော် စစ်တပ်များ၏ ပုန်ကန်တိုက်ခတ်မှုကြောင့် မင်းအစိုးအုပ်ချုပ်သူများ သေကြေပျက်စီးတတ်သည်။ ကြောက်မက်ဖွယ်ရာ သွေးမြေကျမှုများ ဆက်တိုက်ဖြစ်ပွားပေလိမ့်မည်။

ဒီဥပဒေသတွေကို ဘာခံစားချက်၊ သဘောထားတွေမှ မရောစွက်ဘဲ ကျမ်းစာအုပ်ပါ အတိုင်း သန့်သန့်လေး တင်ပြထားတာပါ။ ကျမ်းရင်းအာဘော်တွေပါပဲ။ ဗြို့ဟဇ်သံဟိတ၊ နာရဒသံဟိတနဲ့ အဂ်သာရဏီကျမ်းတွေမှာပါတဲ့ ဥပဒေတွေဖြစ်ပါတယ်။ ရှေးရိုးအယူအဆတွေအရ ရာဟု၊ကိတ်နဂါးကြီးခေါ် အသူရိန်နတ်မင်းကြီးဟာ သူနဲ့ရန်ငြိုးရှိတဲ့ အလင်းဂြိုဟ်နေနဲ့လကို အခွင့်ရတိုင်း မျိုချလေ့ရှိပါတယ်။ ဒါ့ကြောင့်နေလကြတ်တာတွေဖြစ်ပါတယ်တဲ့။ ဒါတွေကို နောက်ပိုင်းအခွင့်သင့်ရင် နေလမကြတ်ခင် တင်ပြသွားဖို့ရှိပါတယ်။ တကယ်တော့နေလကြတ်တာလေးနဲ့တင် ထူးခြားလေ့မရှိပါဘူး။ အဲတာဆို နေလကြတ်တာကို မြင်သမျှတိုင်းပြည်တိုင်း ဂွကျရချည်ရဲ့ဗျာ။ အပြည့်အစုံတွက်ချက်ကြေးဆိုရင် ကိုယ့်တိုင်းပြည်က နေလကြတ်ချိန်အတိအကျတွက်ယူထားတဲ့ ဇာတာခွင်၊ နိုင်ငံရဲ့ဇာတာခွင်၊ နေလကြတ်ချိန် အင်္ဂါ၊ ကြာသပတေး၊ စနေ၊ ယူရေးနပ်စ်၊ ပလူတိုဂြိုဟ်ကြီးတွေရဲ့ အနေအထားတွေကို ကြည့်ရပါမယ်။ ထပ်ပြောရရင် နေလကြတ်ချိန် နိမိတ်တဘောင်တွေ ထွက်ပေါ်လာတာကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။

ဒါတွေကတော့ ကျွန်တော်လေ့လာဖူးသမျှ နေလကြတ်တာနဲ့ ပက်သက်တဲ့ အယူအဆတွေပါပဲ။ အဲဒါတွေကို တတ်သိနားလည်ကျွမ်းကျင်တဲ့ ပညာရှင်တွေက သုံးသပ်အဖြေထုတ်ရင် ကြောက်ခမန်းလိလိမှန်တဲ့ဟောကိန်းတွေ ထွက်လာမှာအမှန်ပါပဲ။ ကျွန်တော်ကတော့ ဒီပညာရပ်မှာ နို့စို့အရွယ် ပိစိညှောက်ကလေးမျှသာဖြစ်တဲ့အတွက် အဲဒီနေလကြတ်တဲ့အပေါ် ၀ါးတားတားသာ မြင်မိပါတယ်။ အော်..တစ်ခုပြောရပါဦးမယ်။ နေလကြတ်ပြီးတာနဲ့ ဘာညာသာရကာတွေ ချက်ချင်းထဖြစ်မယ်လို့ လုံးဝမထင်ကြပါနဲ့။ နေလကြတ်ရာ ရာသီခွင်ရဲ့သဘောအတိုင်း ရက်ပိုင်းကနေ၊ လပိုင်းနှစ်ပိုင်းအထိ အကျိုးသက်ရောက်မှု ကွာခြားသွားတတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် မတ်လ ၇ ရက်နေ့၊ မနက်လင်းအားကြီး ၅ နရီလောက်မှာ လကြတ်တာကိုမြန်မာနိုင်ငံက မြင်ခဲ့ရပါတယ်။ ကျွန်တော်တောင် အိပ်ချင်မူးတူးနဲ့ပြူးပြဲကြည့်လိုက်ပါသေးတယ်။ တကယ်ပဲ လတစ်ခုလုံးနီးပါးမှောင်ကျသွားခဲ့ပါတယ်။ ဘာကြာလို့လဲ..နောက် ခြောက်လလောက်ဆို သမိုင်းတွင်တဲ့ Golden Color Revolution ကြီးပေါ်ပေါက်တော့တာပါပဲ။ အခုလည်း ...ဘာတွေဖြစ်ဦးမယ်ဆိုတာ ရင်တမမနဲ့ ကြည့်ကြဦးစို့ရယ်ဗျာ..

1 comment:

စိုင်းခမ်းထွန်း said...

ဗေဒင်ဆရာရေ ... ဟောလိုက်ပါဦး ....