Tuesday, July 22, 2008

မှတ်မှတ်ရရ တားရော့ဟောကွက်များ


တခါတလေတော့ ကိန်းကြီးခန်းကြီးနိုင်တဲ့ နက္ခတ်ပညာ၊ သစ္စာခံမှရမယ်ဆိုတဲ့ မြန်မာ့ရိုးရာဆန်းကျမ်းပညာ၊ အင်မတန်နက်နဲလွန်းတဲ့ မဟာဘုတ်ပညာ၊ ကြောက်ခမန်းလိလိစွမ်းတဲ့ အင်္ဂ၀ိဇ္ဇာပညာတွေကို လေ့လာရင်း စိတ်ပိန်လာတဲ့အခါ ကတ္တီပါအနက်ရောင်ထုပ်ကလေးနဲ့ သိမ်းဆည်းထားတဲ့ တားရော့ကတ်လေးတွေကို အလွမ်းပြေထုတ်ကြည့်မိပါတယ်။

The Moon
ဒီကတ်ပြားကို ဆွဲယူမိသူတွေဟာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ သွားပုပ်လေလွင့်အပြောခံရတတ်သလို စိတ်အနှောက်အယှက်လည်း များတတ်ပါတယ်။ မျက်ရည်ကျလောက်အောင် စိတ်ညစ်ရတတ်ပါတယ်။ သွေးထွက်သံယို ဒဏ်ရာတွေလည်း ရတတ်ပါတယ်။ မှတ်မှတ်ရရ ဒီကတ်ပြားကျခဲ့တဲ့ အရယ်သန်တဲ့ အန်တီကြီးတစ်ယောက်ဟာ သုံးပတ်အတွင်းမှာပဲ အတိုက်အခံတွေများလာပြီး လုပ်ငန်းတွေ ရုတ်တရက် အရှုံးပြသွားလို့ မျက်ရည်လည်ရွှဲ ဖြစ်ခဲ့ရပါတယ်။

The Empress
ဒီကတ်ပြားကို မိန်းခလေးတွေ ဆွဲမိရင် အသည်းယားမိပါတယ်။ ဒီကတ်ပြားရဲ့ သင်္ကေတကြောင့် ကာယကံရှင်ဟာ မတောင့်မတ နေရပြီး အေးရာအေးကြောင်း မုန့်စိမ်းပေါင်းနေရပေမယ့် အနေအထိုင်မတတ်ရင် ဗိုက်ဖောင်းသွားတတ်လို့ပါပဲ။ ရည်းစားကိုအလိုမလိုက်နဲ့နော်လို့ ရယ်ဖြဲဖြဲနဲ့ဟောပေးလိုက်ပေမယ့် ဟိုဒင်းဟိုဟာကြောင့် ရေးကြီးသုတ်ပြာ မင်္ဂလာဆောင်လိုက်ရတာ အဲဒီကတ်ပြားကျခဲ့တဲ့ အိနြေ္နရှင် မမတွေပဲ ဖြစ်နေပါရောဗျာ။

The Death
ဒီကတ်ကတော့ မြင်တာနဲ့မျက်ဖြူလန်သွားလောက်တဲ့ ကတ်ပါ။ ဒီကတ်ပြားကျလိုက်တာနဲ့ ဗေဒင်မေးသူဟာ အခုပဲလဲသေတော့မလို၊ အခုပဲ စီးပွားပျက်တော့မလို အလန့်တကြား ဖြစ်ကုန်လေ့ရှိပါတယ်။ တစ်လုံးသိ နှစ်လုံးသိနဲ့ ဒုံးဖိဟောတတ်သူတွေကတော့ ဒီကတ်ပြားကျတာနဲ့ အမနာပ နင်ပဲငဆ၊ ရမ်းသန်းဖန်းသန်း၊ ၀ါးလုံးရှည်နဲ့ ရမ်းလွှတ်သလို မကောင်းတာမှန်သမျှ ကရားရေလွှတ် ဟောပြောလေ့ရှိတာကို ကြားဖူးပါတယ်။ မှတ်မှတ်ရရ ဒီကတ်ပြားဆွဲယူမိတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ တကယ့်သေခြင်းနဲ့ကြုံခဲ့ရပါတယ်။ ရှင်းပါမယ်။ မြန်မာပြည်ကနေ နိုင်ငံခြားမှာ ဘ၀သစ်စတင်ပါတယ်။ လူပျိုဘ၀ပြီးဆုံးပြီး အိမ်ထောင်ကျသွားလို့ အိမ်ထောင်သည်ဘ၀ရောက်သွားပါတယ်။ အဲဒါပဲလေ သေမင်းကတ်ဆိုတာ၊ အပြောင်းအလဲကိုရုတ်ချည်းကြုံရတာ။ ဘ၀တစ်ခုလုံးသိသိသာသာ ပြောင်းသွားတာ။ မှတ်ကရောပဲ။

The Devil
ဒီကတ်ပြားကျတဲ့ ရည်းစားတွေ၊ အိမ်ထောင်သည်တွေကတော့ မချောင်လှပါဘူး။ အိမ်ကသဘောမတူလို့၊ အစ်ကိုတွေဦးလေးတွေက ဓားကြိမ်းကြိမ်းခံရတဲ့ စုံတွဲတွေ၊ ဘရိတ်မအုပ်နိုင်တော့လို့ မပြည့်မစုံနဲ့ယူလိုက်ရတဲ့ စုံတွဲတွေ၊ ဘေးတီးပေးလို့ ဘေးကအလှော်ကောင်းလို့ နောင်ဂျိန်ပလေးရာကနေ ကွဲပြဲကုန်တဲ့အထိ ဖြစ်သွားရတဲ့ အိမ်ထောင်သည်တွေဟာ ဒီကတ်ပြားကို ဆွဲယူမိတတ်ကြပါတယ်။ အသည်းကွဲသမားလောင်းလျာလေးတွေကလည်း ဒီကတ်ပြားနဲ့ ထိပ်တိုက်ဆုံတတ်ကြပါတယ်။
တခါတလေတော့ ကိန်းကြီးခန်းကြီးနိုင်တဲ့ နက္ခတ်ပညာ၊ သစ္စာခံမှရမယ်ဆိုတဲ့ မြန်မာ့ရိုးရာဆန်းကျမ်းပညာ၊ အင်မတန်နက်နဲလွန်းတဲ့ မဟာဘုတ်ပညာ၊ ကြောက်ခမန်းလိလိစွမ်းတဲ့ အင်္ဂ၀ိဇ္ဇာပညာတွေကို လေ့လာရင်း စိတ်ပိန်လာတဲ့အခါ ကတ္တီပါအနက်ရောင်ထုပ်ကလေးနဲ့ သိမ်းဆည်းထားတဲ့ တားရော့ကတ်လေးတွေကို အလွမ်းပြေထုတ်ကြည့်မိပါတယ်။ တားရော့ဟောကိန်းတွေဟာ တခါတရံ ကိန်းဂဏန်းတွေပေပွနေတဲ့ ဟောကွက်တွေထက် သွက်လက် မှန်ကန်နေတတ်သလို ကိန်းဂဏန်းနဲ့တောင် ရှာမရတဲ့ ဟောကိန်းတွေကို တားရော့ပညာက အလွယ်တကူ ဟောပြသွားနိုင်ပါတယ်။ ဒါဟာ ဟောပြောသူရဲ့ တားရော့ပညာနဲ့ တစ်သွေးတသားတည်းကျမှုပေါ်မှာသာ မူတည်နေပြီး ကျမ်းစာအုပ်ပေါ် အမှီသဟဲပြုနေတာ မဟုတ်ပါဘူး။

ကျွန်တော်ကတော့ ပညာဆိုအကုန်သိချင်တတ်ချင်တာမို့ တားရော့ကို ရေဆုံးရေဖျားမလိုက်နိုင်ခဲ့ဘဲ တီးမိခေါက်မိ ယောင်ပေပေဘ၀နဲ့သာ စခန်းသိမ်းခဲ့ရပါတယ်။ တကယ်လို့များ ဘလာ့ဂါမိတ်ဆွေတွေထဲမှာ တားရော့ဝါသနာပါသူတွေရှိခဲ့ရင် ကျွန်တော့်ဘလော့လေးရဲ့ လင့်ခ်ထားတဲ့ စာရင်းမှာ ကိုချမ်းမြေ့ဦးရဲ့ တားရော့ဘလော့ကို လမ်းညွှန်ပါရစေ။ အင်တာနက်ပေါ်က မြန်မာဘာသာနဲ့ရေးထားတဲ့ အပြည့်စုံဆုံး တားရော့ ဆိုဒ်လို့တောင် ဆိုနိုင်ပါတယ်။

4 comments:

tain tike said...

ကိုyounggun,

အရေးတကြီး ဗေဒင်မေးချင်လို့ပါ။ ရမလားမသိဘူး။ မေးခွန်းတခုထဲ မေးချင်တာပါ။

YoungGun said...

အုန်းသီးထဲ ဘယ်သူရေထည့်သလဲ ဆိုတဲ့ မေးခွန်းမျိုးတွေက လွဲရင် နည်းနည်းမေးကြည့်ဗျာ။

tain tike said...

ဒီနှစ်ထဲ စီစဉ်ထားတဲ့ မင်္ဂလာဆောင်ဖြစ်၊ မဆောင်ဖြစ် သိချင်တာ... အီးမေးလ်လိပ်စာပေးပါလား။ အဲဒီကို မွေးသက္ကရာဇ်နဲ့ မေးခွန်းမေးလိုက်မယ်လေ။ ကျေးဇူး။

YoungGun said...

မေးလ်လိပ်စာကြီးကို ပြူးနေအောင်လို့ ညာဘက်မှာ ရေးထားပါတယ်ဗျား younggun21century@gmail.com ပါဗျား