Saturday, July 12, 2008

ဘယ်လိုသေမလဲ ဘယ်တော့လဲ နှင့် နက္ခတ်ဗေဒင်အမြင်

လူတစ်ယောက်ရဲ့ကံကြမ္မာကို လေမုန်တိုင်း၊ ငလျင်ဘေး၊ စစ်ဘေး၊ ရောဂါကပ်ဆိုးဘေး စတဲ့ ဘယ်လိုဘေးအန္တရယ်ဆိုးကြီးတွေကမှ မပြောင်းလဲနိုင်ပါဘူး။တခြားသူတွေနဲ့အတူ လေမုန်တိုင်းဘေးသင့်ပြီး သေပျောက်ခဲ့ရသူတွေဟာ ငလျင်ဘေး၊ စစ်ဘေး၊ ရောဂါ ကပ်ဆိုး ဘေးသင့်လို့ သေဆုံးရတဲ့သူတွေလို အများနဲ့သေရမယ့် ကံပါရှိနေတတ်ပါတယ်။ နက္ခတ်ဗေဒင်အလိုအရ အများနဲ့အတူသေရတဲ့ သံဂတိက မရဏယုဂ် ပါရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။


မေး။ မုန်တိုင်းဒဏ်သင့်ဘေးကျရောက်ခဲ့တဲ့ ဒေသထဲက လူတစ်ယောက်ရဲ့ ကံဇာတာကို ဘယ်လိုဟောမလဲ။
ဖြေ။ လူတစ်ယောက်ရဲ့ကံကြမ္မာကို လေမုန်တိုင်း၊ ငလျင်ဘေး၊ စစ်ဘေး၊ ရောဂါကပ်ဆိုးဘေး စတဲ့ ဘယ်လိုဘေးအန္တရယ်ဆိုးကြီးတွေကမှ မပြောင်းလဲနိုင်ပါဘူး။
တခြားသူတွေနဲ့အတူ လေမုန်တိုင်းဘေးသင့်ပြီး သေပျောက်ခဲ့ရသူတွေဟာ ငလျင်ဘေး၊ စစ်ဘေး၊ ရောဂါကပ်ဆိုးဘေးသင့်လို့ သေဆုံးရတဲ့သူတွေလို အများနဲ့သေရမယ့် ကံပါရှိနေတတ်ပါတယ်။

နက္ခတ်ဗေဒင်အလိုအရ အများနဲ့အတူသေရတဲ့ သံဂတိက မရဏယုဂ် ပါရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မုန်တိုင်းဘေးကြောင့် လူအများအပြားသေဆုံးခဲ့ပေမယ့် တချို့လူတွေကတော့ အလွန်ကံကောင်းပြီး အသက်ရှင်ခဲ့တာကို တွေ့ကြရမှာပါ။ စားနပ်ရိက္ခာ ရှားပါးနေချိန်မှာ တချို့လူတွေ စီးပွားဖြစ်နေပြီး စားနပ်ရိက္ခာ ပေါများတဲ့ ကာလမှာတောင် တချို့ဆင်းရဲနေတာလိုမျိုးပါပဲ။ စစ်ကြီးဖြစ်ပွားချိန် ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဒေသက တချို့လူတွေ အသက်ရှင်နေကြတာဟာလည်း အံ့သြစရာပဲဖြစ်ပါတယ်။ သေဆုံးတာပဲဖြစ်ဖြစ်၊ အသက်ဘေးကနေ လွတ်မြောက်တာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ဖွားဇာတာမှာ သူ့ကုသိုလ်ကံနဲ့သူ ပါရှိနေလို့ပဲဖြစ်ပါတယ်။

မေး။ လူတစ်ယောက်ဟာ ဘယ်လိုဘေးရန်မျိုးနဲ့ ဒုက္ခတွေ့မယ်၊ ဘယ်လိုသေဆုံးမယ်ဆိုတာ သိနိုင်ပါသလား။
ဖြေ။ လူတစ်ယောက် ဘယ်လိုဘေးရန်အထွေထွေနဲ့ကြုံရမယ်ဆိုတာ သူ့ရဲ့ဖွားဇာတာက ညွှန်ပြနေပါတယ်။ သေဆုံးရမယ့်အကြောင်းကို သူ့ဖွားဇာတာအရ သိနိုင်ပါတယ်။
ဥပမာပြောရရင် ဘရိဂုဆရာရဲ့ ဘာဝဖလဗေဒင်ကျမ်း၊ အခန်း ၄ တနင်္လာရဲ့ အကျိုးပေးမှုများ၊ ၆ တန့်ဘာဝ စာမျက်နှာ ၈၃ မှာ တနင်္လာဂြိုဟ်ဟာ ပါပဂြိုဟ်နဲ့ ပူးယှဉ်ရင် ရေနဲ့ပက်သက်ပြီး အတော်လေး အန္တရယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီကျမ်းမှာပဲ တနင်္လာဟာ ၈ တန့်ဘာဝမှာရှီရင် ဇာတာရှင်ကို ရေနစ်သေဆုံးစေတတ်တယ်လို့ ဖော်ပြထားပါတယ်။

မေး။ သေဘေးကနေ လွတ်မြောက်မယ့်သူတွေမှာ ဘယ်လိုဗေဒင်ကိန်းခန်းတွေ ပါနေပါသလဲ။
ဖြေ။ ဖွားဇာတာမှာ လဂ်ရဲ့ ၆ တန့်ဘာဝဟာ ဘေးရန်အထွေထွေနဲ့ သက်ဆိုင်တဲ့ ရန်အိမ်ဖြစ်ပါတယ်။ ဒီဘာဝမှာ အင်္ဂါ၊ စနေ၊ ရာဟုဂြိုဟ်တွေ မရပ်တည်ဘဲ ကောင်းကျိုးပေးတဲ့ သောမဂြိုဟ်တွေဖြစ်တဲ့ ကြာသပတေး၊ သောကြာနဲ့ ဗုဒ္ခဟူးတွေရပ်တည်ရင် ဘေးရန်ကို ကင်းစေတတ်ပါတယ်။ နက္ခတ်ဗေဒင်ပညာအခေါ် သတ္တဂုဟန္တာ ယုဂ်ပါတဲ့အတွက် ဘေးရန်ကနေ လွတ်မြောက်နိုင်ပါတယ်။

မေး။ လေမုန်တိုင်း တိုက်မတိုက်၊ ငလျင် လှုပ်၊ မလှုပ် နက္ခတ်ဗေဒင်ပညာနဲ့ သုံးသပ်နိုင်ပါသလား။
ဖြေ။ လေမုန်တိုင်းနဲ့ ငလျင်ဘေးကို Mundane Astrology နိုင်ငံရေး ဗေဒင်ပညာနဲ့ သုံးသပ်နိုင်ပါတယ်။ လေမုန်တိုင်းနဲ့ ငလျင်ကို ယေဘုယျအားဖြင့် နက္ခတ်ဗေဒင်ပညာနဲ့ သုံးသပ်နိုင်တယ်လို့ မယူဆနိုင်ပါဘူး။ လက်ခံနိုင်သူလည်း အလွန်နည်းပါးမှာ ဖြစ်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာနေပြီး လေလမ်းကြောင်းတွေပြောင်းလာနေတဲ့ အခုလို ကာလမှာ လေမုန်တိုင်းကို သုံးသပ်ခန့်မှန်းခြင်းဟာ ဒီနေ့ခေတ်ရဲ့လိုအပ်ချက်ဖြစ်ပြီး အလွန်အသုံးဝင်မှာ ဖြစ်ပါတယ်။

လေမုန်တိုင်းနဲ့ ပက်သက်ပြီး ကမ္ဘာကျော် အင်္ဂလိပ်နက္ခတ်ဗေဒင်ပညာရှင် Raphael's Mundane Astrology ကျမ်းရဲ့ Eclipse ခေါင်းစဉ်အခန်းမှာ လေရာသီတွေဖြစ်တဲ့ မေထုန်၊ တူ၊ ကုမ်ရာသီတွေမှာ နေ၊လကြတ်ခဲ့ရင် မိုးသက်မုန်တိုင်းကျရောက်တတ်တယ် လို့ ဖော်ပြထားပါတယ်။ နေကြတ်၊လကြတ် ဇာတာခွင်အရ ခြောက်လကနေ တစ်နှစ်အတွင်း အကျိုးသက်ရောက်မှု ရှိတတ်ပါတယ်။ အဲဒီကျမ်းမှာပဲ မြေရာသီတွေဖြစ်တဲ့ ပြိဿ၊ ကန်၊ မကာရတွေမှာ နေ၊လကြတ်ရင် ငလျင်လှုပ်စေတတ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါတွေကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ထုတ် မြန်မာကျော် ဂျာနယ်တစ်စောင်ဖြစ်တဲ့ The Voice မှာပါတဲ့ ဆရာမောင်မောင်မြင့်သန်းမောင်ရဲ့ ဖွားဇာတာကပြောသောကံကြမ္မာ ဆောင်းပါးထဲက ကိုယ်ကြိုက်တဲ့ဟာလေးတွေကို ကွက်ပြီး ကူးယူဖော်ပြထားတာဖြစ်ပါတယ်။

သူ့ကို နက္ခတ်ဗေဒင်ဝါသနာတစ်ချို့က မေးလာတဲ့မေးခွန်းတွေအပေါ် ပြန်လည်ဖြေကြားပေးတာမျိုးဖြစ်ပါတယ်။ ကျနော်နဲ့ သဘောတိုက်ဆိုင်တာရှိသလို မတိုက်ဆိုင်တာလည်း ရှိပါတယ်။ သူတင်ပြထားတဲ့ အယူအဆဥပဒေသတွေဟာ အကြမ်းဆန်လွန်းတယ်လို့ ထင်ပါတယ်။ ပြီးတော ထုံးစံအတိုင်း ၀ိနည်းလွတ်အောင် ရှောင်လင်သိုင်းကွက်နင်းပြီး ဖြေဆို ရေးသားရတဲ့အတွက် ဖတ်ရတာ ကျနော့်အနေန့ ခိုးလို့ခုလုကြီးဖြစ်ရပါတယ်။ ဒါပေမယ့် ပညာဗဟုသုတတော့ တိုးပွားခဲ့ပါတယ်။

ဘလော့ဂါတွေလည်း ဗဟုသုတရမယ်လို့ မျှော်လင့်မိပါတယ်။ သူပြောသွားတဲ့အထဲကလို လေမုန်တိုင်းနဲ့ ငလျင်ကို ယေဘုယျအားဖြင့် နက္ခတ်ဗေဒင်ပညာနဲ့ သုံးသပ်နိုင်တယ်လို့ မယူဆနိုင်ပါဘူး။ လက်ခံနိုင်သူလည်း အလွန်နည်းပါးမှာ ဖြစ်ပါတယ်…. ဆိုတဲ့အတိုင်း လက်ခံနိုင်သူနည်းဦးမယ်လို့ ကျနော်လည်း ထင်မြင်မိပါတယ်။ သို့သော် ဘုရားမပွင့်ခင်တည်းက ရှိခဲ့တဲ့ နှစ်ပေါင်းထောင်ချီတဲ့ပညာရပ်တစ်ခုကို လွယ်လွယ်နဲ့ မပစ်ပယ်ကောင်းသလို ပညာရပ်တစ်ခုကို အပေါ်ယံသိရုံလေးနဲ့ မရှုတ်ချတတ်ဘူးလို့လည်း မျှော်လင့်မိကြောင်းပါ..

ကျေးဇူးအများကြီးတင်ပါတယ်။

No comments: