Tuesday, August 5, 2008

ပြီးတော့လည်း ပြီးတာပါပဲကွာ...


ငါ့ထက် ဗေဒင်တော်တဲ့ တတ်တဲ့ ပညာရှင်တွေ၊ ဆရာသမားတွေ ဒီရန်ကုန်မှာ၊ မြန်မာပြည်မှာ အများကြီးပဲ။ ဒါပေမယ့် ငါ့လို ကျော်ကြားမယ့် ကံလေးပါမလာတော့ ပညာတွေတတ်သလောက် မကျော်ကြားကြဘူးပေါ့ကွာ။ ငါက နာမည်သာကြီးတာ သူတို့လောက် မတော်ဘူး။ မတတ်ဘူးကွ။

ဟေ့သူငယ်လေး ကင်းလားကွ လို့မေးလာတဲ့ သံလိုက်ဓာတ်ပြည့်ဝတဲ့ အသံရှင်ကို ဟုတ်ကဲ့ အဘ လို့ ပြန်ဖြေလိုက်တာက ညောင်နာနာလေသံလေးတစ်ခုပါ။ ဇွန်လရဲ့မိုးရေစက်တွေကြားမှာ ဆရာ၊တပည့်လက်ဗွေ နှစ်ခုနှိပ်ထားတဲ့ စာရွက်တစ်ရွက်က အမှတ်တရ၊ အိမ်ငယ်လေးတစ်အိမ်ရဲ့ စားပွဲမှာထောင်တားတာက စူးလက်ရဲရင့်တဲ့ မျက်ဝန်းတွေနဲ့ အဘဓာတ်ပုံ၊ အရာရာဟာ အချိန်နဲ့အတူ မှုန်ဝါးလာပေမယ့် စနေမောင်မောင်ရဲ့ အံ့ဘနန်းပညာစွမ်းတွေ၊ ဆားပုလင်းနှင်းမောင်ရဲ့ ကျယ်ပြောလှတဲ့ ပညာသုတတွေ၊ ဦးဂွမ်တီ၊ ကြေးကူးဆစ်နဲ့ မုတ်ဆိတ်ဖြူကြီးတို့ရဲ့ ဥာဏ်ပညာအလင်းတန်းတွေကတော့ ဆက်လက်တည်ရှိ တောက်ပနေဦးမှာပါပဲ။

မင်းသိင်္ခဆိုတာ မိန်းမရှုပ်တယ်ကွ၊ အစွန်းရောက်သမားကြီး၊ ပေါက်တတ်ကရ ယတြာတွေလည်း ပေးတတ်သေး။ လူအထင်ကြီးအောင် လျှောက်လုပ်ပြနေတာ၊ အရည်းကြီး စတိုင်တွေနဲ့ တပည့်တွေမွေးပြီး တစ်ဂိုဏ်းထောင်နေတာ..စသဖြင့် အဘနဲ့ပက်သက်ရင် ဘာမှခြေခြေမြစ်မြစ် မသိဘဲ၊ မလေ့လာဘူးဘဲ စွတ်ရွတ်ပြောနေတဲ့သူတွေ အတော်များများတွေ့ဖူးပါတယ်။ ကျွန်တော်တောင် ဟုတ်များဟုတ်နေမလားလို့ သံသယများစွာ ဖြစ်ပေါ်ခဲ့ရဖူးပါတယ်။ အမှန်အတိုင်းပြောရရင် အဘရဲ့ ဗေဒင်ဟောကိန်းနဲ့ပက်သက်တဲ့ သင်တန်းမူတွေကို ကျေနပ်အားရခြင်းမရှိလှပါဘူး။ ဒါပေမယ့် ယတြာပညာမှာတော့ သဘောကျမိပါတယ်။ အနောက်တိုင်းပညာနဲ့ မြန်မာ့ရိုးရာကို ပေါင်းစပ်ပြသွားတာကိုတွေ့ရပါတယ်။

တခါက အဘပြောတာလေးရှိတယ်။ ငါ့ထက် ဗေဒင်တော်တဲ့ တတ်တဲ့ ပညာရှင်တွေ၊ ဆရာသမားတွေ ဒီရန်ကုန်မှာ၊ မြန်မာပြည်မှာ အများကြီးပဲ။ ဒါပေမယ့် ငါ့လို ကျော်ကြားမယ့် ကံလေးပါမလာတော့ ပညာတွေတတ်သလောက် မကျော်ကြားကြဘူးပေါ့ကွာ။ ငါက နာမည်သာကြီးတာ သူတို့လောက် မတော်ဘူး။ မတတ်ဘူးကွ။ အဲလို အဘက ပွင့်လင်းရိုးသားစွာ ဝန်ခံဖူးပါတယ်။ အဘ အရမ်းစိတ်ဆိုးဒေါသထွက်တဲ့ တစ်ချိန်ကိုကြုံဖူးပါတယ်။ ဆရာကို အိမ်သာလို အသုံးလိုမှ လာတွေ့တဲ့ကောင်ဆိုပြီး လူတစ်ယောက်ကို ခြံထဲကနေ နှင်ထုတ်ခဲ့ဖူးပါတယ်။ မောင်းတီးပြီးတော့ကို နှင်ထုတ်တာပါ။

အဘပုံစံကို ကြည့်ပြီး ဒီလူကြီးက အရမ်း သဘောကောင်းတာ၊ အရမ်း အမြင်ကျဉ်းတာ၊ အရမ်း ဒေါသကြီးတာ၊ အရမ်း စိတ်ရှည်တာ၊ အရမ်း စတန့်ထွင်တာ၊ အရမ်း ရိုးတာ၊ စသဖြင့် လူများစွာ တံဆိပ်အမျိုးမျိုးကပ်ခဲ့ကြပါတယ်။ ကိုယ့်အမြင်ကိုယ့်ရှုထောင့်ကနေ လွတ်လပ်စွာမြင်ကြတာမို့ ဘာမှ မပြောလိုပါဘူး။ အဘရေးတဲ့စာတွေမှာလည်း အဖြူအမည်းတွဲလျက်ဖြစ်နေတဲ့ ယင်ယန်းသဘောကို ထည့်ပြီးရေးလေ့ရှိတာမို့ သူ့ကို ဆန့်ကျင်ဘက်မြင်တာတွေက မဆန်းတော့ပါဘူး။ ကျွန်တော်ကတော့ အဘရဲ့ဗေဒင်ပညာအစွမ်းကို အသေအချာမသိတာမို့ မပြောလိုပါဘူး။ သိတာကတော့ အဘဟာ အင်မတန်ဇွဲလုံ့လကြီးမားသူ၊ ဝီရိယကောင်းသူဖြစ်တာကို ဒိဌမျက်မြင်ကြုံခဲ့ရဖူးပါတယ်။

တနေကုန် ဧည့်သည်တွေနဲ့စကားပြော၊ ပရိသတ်တွေကို ယတြာချေပေး၊ တပည့်သင်တန်းသားတွေကို ယတြာသင်ပေး၊ ဆုံးမသြဝါဒပေးနဲ့ ကုန်ဆုံးသွားပြီး ညရောက်တော့ မနားပါဘူး တောက်လျှောက်ပဲ စာတွေရေးပါတယ်။ သူစာရေးခါနီးရင် ဟေ့ ..ကျော်ပြောင့်ကို သွားခေါ်စမ်း ဆိုပြီး အခု နာမည်ကြီးလာတဲ့ ငယ်မွေးခြံပေါက် ဆရာဇင်ယော်နီကို သူခေါ်ပေးသမျှစာတွေ ရေးခိုင်းပါတယ်။ ခွေးတံဆိပ်ခဲတံနဲ့ ရေးတာပါ။ ဘောလ်ပင် မသုံးပါဘူး။ လူငယ်၊ လူလတ်ပိုင်းအထိ ဘဝတစ်လျှောက် ပင်ပန်းဆင်းရဲလာတဲ့ အဘဟာ အသက်ကြီးပိုင်း ဇရာထောင်းတဲ့အထိ မသက်သာပါဘူး။ အမြဲ တက်ကြွလှုပ်ရှားနေတာပါပဲ။ အနားယူရင်၊ ဇိမ်ခံနေရင် အပြစ်ရှိသလို ခံစားရကြောင်း ပြောလေ့ရှိပါတယ်

အခုလည်း အဘရဲ့ ပေတလူစာအုပ်မှာ ဒီလိုပြောသွားခဲ့ပါတယ်။ ငါ့တပည့်တွေထဲမှာ ငွေငါးအဆင့်ရှိသူက ငါးကောင်ထက်မနည်းကို ရှိပါတယ်။ ရွှေငါးအဆင့်ကတော့ တစ်ကောင်မှ ပေါ်မလာခဲ့ဘူး လို့ ခပ်ညည်းညည်းလေး ပြောခဲ့ပါတယ်။ သူ့တပည့်တွေက သူ့လောက်မှ တတ်မလာဘူးလို့ ဆိုချင်တာပါ။ တကယ်တမ်းဆိုရင်လည်း အဘဟာ လက်ရိုးရောလက်ဆန်းပါမက နိုင်ငံတကာက လောကီပညာတွေကို မွှေနှောက်လေ့လာခဲ့သူပါ။ လောကီပညာတွေအကြောင်းကို စာရေးခြင်းအတတ်ပညာနဲ့ လူသိများအောင် ဖော်ထုတ်တင်ပြခဲ့သူပါ။ အခုတော့လည်း သူသွားချင်တဲ့ ရှန်ဗဲလားကို ပျော်ပျော်ကြီး ခရီးနှင်နေလောက်ပြီပေါ့။ တစ်ခေတ်တစ်ယောက်ဆိုသလို ထွန်းတောက်ခဲ့တဲ့ စာရေးဆရာ၊ ဗေဒင်ဆရာကြီး အဘ မင်းသိင်္ခကို ဂါရဝပြုဦးညွှတ်လိုက်ပါတယ်။

4 comments:

ဟန်သစ်ငြိမ် said...

ကောင်းတယ်ဗျာ...။ အခုလို ပြန်ပြောပြတာ...။

JulyDream said...

ဒီထက် မက ထပ်သိချင်တယ်ဗျာ။ သိသမျှလေး ရေးပေးပါအုံး။

ကျွန်တော်ကတော့ ဆရာ မင်းသိင်္ခရဲ့ ၀တ္ထုတွေပဲ ဖတ်ဖြစ်ခဲ့တာပါ။ သူ့အကြောင်း သိပ် မသိဘူး ခင်ဗျ။ သူ့အိမ်က ကျွန်တော်အိမ်နဲ့ ၂ လမ်းခြားလေးပါပဲ။ ရန်ကုန်မှာတုန်းက မကြာခဏ သူ့အိမ်ရှေ့ကနေ ဖြတ်သွား ဖြတ်လာ လုပ်နေကြပါပဲ။ ဒါပေမယ့် ရေစက် မပါတော့ မဆုံဖြစ်ခဲ့ပါဘူး။

YoungGun said...

သူ့စာအုပ်တွေအကုန်နင်းကန်ဖတ်ထားသလို၊ သူနဲ့ရင်းနှီးသူတွေနဲ့လည်း ခင်မင်ခွင့်ရလို့ သူ့အကြောင်းသိခဲ့ရတာပါ။ ကိုယ်တိုင်ကလည်း သင်တန်းသွားတက်ဖူးသလို အဘအိမ်ကလေးမှာ ရက်ဆက်ကင်းစောင့်ခဲ့လို့ သိခဲ့ရခြင်းဖြစ်ပါတယ် ကိုဂျူလိုင်ရေ..နောက်ထပ် အဘအကြောင်းရေးပြစရာတွေ ရှိပါတယ် ပြုစုနေပါတယ်။

နှစ်သစ် said...

ကျမလဲအဘရဲ့တပည့်ထဲကတယောက်ပါပဲ.အဘအပေါ်သံသယတချို့နဲ့
ရောက်သွားရင်းအဘရဲ့စိတ်ဓါတ်.လုပ်ရပ်တွေကိုသိခဲ့ရတာ.. အရမ်းလေးစားမိပါတယ်...အဘဆုံးသွားတဲ့သတင်းကြားရတော့အရမ်း
ဝမ်းနည်းတယ်.. ခုဒီပို့စ်လေးဖတ်ရတာ အဘကို သတိယတယ်...ကျေးဇူးအထူးပါ...