Wednesday, August 6, 2008

နက္ခတ်ဗေဒင်ပညာကို အိုးမဲသုတ်၊ လုပ်စားနေသူများ


မဟာဘုတ်၊ ဆန်းကျမ်း၊ အင်္ဂ၀ိဇ္ဇာပညာ၊ အပါအ၀င်ဗေဒင်ပညာတွေဟာ နက္ခတ်ပညာဆိုတဲ့ သစ်ပင်ကြီးက ကိုင်းခွဲလေးတွေသာ ဖြစ်ပါကြောင်း ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ..လက်ခံလိုက်ကြစမ်းပါ...လို့။

ဒီနေ့ခေတ်အခါမှာတော့ လူအတော်များများ ၉၅ ရာခိုင်နူန်းနီးပါးဟာ နက္ခတ်ဗေဒင်ဆိုတာနဲ့ ကျွန်တော်၊ ကျွန်မကတော့ ဘယ်ရာသီဖွားပေါ့ဆိုပြီး နက္ခတ်ဗေဒင်ပညာကို ရာသီဖွားအဆင့်လောက်အထိသာ ထင်မြင်ယူဆနေကြပါပြီ။ တစ်ချို့ သာမန်လူတွေတောင် ဘယ်ရက်ဘယ်ရက်ကြားဆို ဘယ်ရာသီဖွားဟဆိုပြီး ဆရာစတိုင်ကောက်ဖမ်းတတ်ကြသေး။ ကိုယ့်ဖသာတော့ ဟုတ်နေတာပဲ။ အင်္ဂလိပ်ပြက္ခဒိန်ဟာ နေသွားနူန်းနဲ့အညီ ပြုစုထားတဲ့အတွက် မွေးလ၊ ရက်တွေကို ရာသီခွင်နဲ့ စပ်ဟပ်ပြီး ဘာညာရာသီဖွားလို့ သတ်မှတ်လိုက်ကြတာဖြစ်ပါတယ်။ အခု နာမည်ကျော်ငပွကြီး ဆရာစံ- ဇာဏီဘိုဆိုရင် သူ့ရဲ့ ရာသီဖွားဟောကိန်းစာအုပ်လေးတွေနဲ့ အတော်ကို စားပေါက်ချောင်နေပါပြီ။ မဂဇင်း၊ ဂျာနယ်တွေမှာ လစဉ်၊ အပတ်စဉ်ဆိုပြီး ရာသီဖွားဟောကိန်းတွေ ရေးပြီး နက္ခတ်ပညာရပ်ကြီးကို သိက္ခာချနေပါတယ်။ မမှန်ဘူးလို့ မဆိုပါဘူး။ ရာသီရုပ်၊ အိမ်ပိုင်ဂြိုဟ်သဘော၊ ဓာတ်သဘာဝတွေနဲ့ ပေါင်းစပ်ဟောပြောထားတာမို့ နီးစပ်ပါတယ်။ ဒါပေမယ့် ဒီရာသီဖွားတွေက တနင်္ဂနွေဂြိုဟ်ရပ်တည်တဲ့ တစ်လလုံးမှာမွေးတဲ့သူအားလုံးကို တပြေးညီမှန်ရဲ့လား ဆိုတာ ရာသီဖွားဟောကိန်းနဲ့ လုပ်စားသူတွေ ဆင်ခြင်သင့်ပါတယ်။

ဘာပဲဖြစ်ဖြစ် နက္ခတ်ပညာကို နည်းနည်းလောက် တီးမိခေါက်မိရှိတဲ့ ဘယ်သူမဆို နေမင်းရပ်တည်တဲ့ ရာသီဖွားဟောစာတမ်းလေးလောက်နဲ့ လူတစ်ယောက်ရဲ့ကံဇာတာကို ရှေ့ဖြစ်ဖတ်ခြင်းဟာ မိုက်ရူးရဲဆန်တာ၊ ပညာကို ခုတုံး စီးပွားရှာတယ်ဆိုတာ သိသာမှာဖြစ်ပါတယ်။ တကယ်တော့ ဇာတာရှင်တစ်ဦးမွေးဖွားချိန်၊ မွေးဖွားရာဒေသ၊ စတဲ့အချက်အလက်တွေနဲ့အတူ အဲဒီမွေးဖွားတဲ့ရက်၊လနှစ်တွေမှာ ကောင်းကင်မှာ စိုးမိုးထားတဲ့ ဂြိုဟ်အနေအထားတွေကို အသေးစိတ်တွက်ချက်ပြီးမှ ဟောပြောခြင်းဟာ ပညာရပ်ကိုသစ္စာ ရှိတာဖြစ်သလို ရာသီဖွားလေးလောက်နဲ့ဟောချက်ထုတ်တာကလည်း ပညာကို တနည်းအားဖြင့် စော်ကားနှိမ့်ချနေတာလို့ လုံးဝယူဆပါတယ်။ အခုဆို ကွန်ပြူတာနည်းပညာတွေကြောင့် ဇာတာဖွဲ့ရာမှာ လွယ်ကူမြန်ဆန်လာပြီမို့လို့ အဲဒီရာသီဖွားဟောကိန်းနဲ့ပဲ ဆက်ပြီး စားကွက်ဖန်နေရင် သိပ်ရှက်စရာ ကောင်းမနေဘူးလားဗျာ။

အခုဆို မတွေ့ချင်အဆုံးကို တွေ့နေရပါတယ်။ မိတ်ဆွေတွေ၊ အသိတွေ၊ သူငယ်ချင်းရောင်းရင်းတွေက သူတို့ကိုယ်သူတို့ ငါက ကရကဋ်၊ ငါက မိန်၊ ငါက ဓနု၊ ငါက မိဿဆိုပြီး ဘာမှန်းညာမှန်းမသိဘဲ စွတ်ရွတ်ပြီး ရာသီဖွားစရိုက်တွေအတိုင်း ဟုတ်သယောင် သရုပ်ဆောင်နေကြပါတယ်။ အံမယ်..ရာသီဖွားခြင်းတည့်မတည့်။ အိမ်ထောင်ဖက်၊ ချစ်သူရွေးတာတောင် ရာသီဖွားနဲ့ ကိုက်မကိုက်လုပ်နေကြတာ၊ တကယ်တမ်းစစ်မှန်တဲ့ နက္ခတ်ပညာမှာ အဲဒီလို လုပ်ငန်းစပ်တူ၊ အိမ်ထောင်ဖက်ရွေးရာမှာ အတော်လေးအသေးစိတ်ကြည့်ရပါတယ်။ လဂ်၊ စန်း၊ တနင်္ဂနွေ၊ ဆိုင်ရာ အတန့်ဘာဝ၊ စတဲ့ ဒေတာတွေကို စိစစ်တွက်ချက်ပြီးမှ ဆုံးဖြတ်ချက်ချတာပါ။ အခုတော့ ရာသီဖွားနဲ့တင် သွားရှာပါပေါ့ ပညာစစ်စစ်တွေ။ နက္ခတ်ပညာတို့ရဲ့ မိခင်ကြီး အိန္နိယမှာလည်း ဘာထူးလဲ သူတို့က တနင်္လာ၊ စန်းရပ်တည်ရာနဲ့ လုပ်စားကြတာ၊ လက်ထောက်ဗေဒင်နဲ့တောင် အင်ထုကြတာ၊ ကျွန်တော်တို့ဆီက ခုနှစ်နေ့သားသမီးဗေဒင်ဟောကိန်းထက်တောင် ဆိုးသေး။

နက္ခတ်ဗေဒင်ပညာဆိုတာ လူပြိန်းတွေ နားလည်ထားတဲ့ ရာသီဖွားဟောကိန်းလေးတွေနဲ့တင် ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ လူတစ်ယောက်ချင်းရဲ့ကံဇာတာ၊ တိုင်းပြည်နိုင်ငံတစ်ခုရဲ့ ကံဇာတာ၊ ကမ္တာကြီးရဲ့ ကံဇာတာ အားလုံးကို ဟောကိန်းထုတ်ပြနိုင်ပါတယ်။ Aster ဆိုတဲ့ ကြယ်တာရာတွေကို Logic ဆိုတဲ့ ယုတ္တိဗေဒ ပညာနဲ့ ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ အခု NASA က အသည်းအသန်လေ့လာစူးစမ်းနေတဲ့ Astronomy ဆိုတဲ့ ကောင်းကင်ဂြိဟ်အာကာသသျှတ္တရပညာနဲ့ ဖွားဖက်တော်ညီရင်းအစ်ကိုတွေဖြစ်ပါတယ်။ နက္ခတ်ဗေဒင်ရဲ့ သမိုင်းကြောင်းပြန်လည် လင်းလက်တောက်ပနိုင်ဖို့ ဗေဒင်ဝါသနာရှင်တွေ၊ ဆရာအမည်ခံတွေ၊ အားလုံးမှာ တာဝန်ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ အခုလုပ်ကိုင်စားနေကြတဲ့ မဟာဘုတ်၊ ဆန်းကျမ်း၊ အင်္ဂ၀ိဇ္ဇာပညာ၊ အပါအ၀င်ဗေဒင်ပညာတွေဟာ နက္ခတ်ပညာဆိုတဲ့ သစ်ပင်ကြီးက ကိုင်းခွဲလေးတွေသာ ဖြစ်ပါကြောင်း ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ..လက်ခံလိုက်ကြစမ်းပါ...လို့။

5 comments:

Anonymous said...

မှန်ပါတယ်။ ဒါပေမဲ့ တပြည်လုံး အတွက်ကျတော့ ယေဘူကျအားဖြင့် ၁နွေ တခုပဲ ကိုင်ပီး ဟော နိုင်တာလေ
သေချာတွက်ချိန်မှ စန်းကအစ အတန့် ဘာဝ ရာသိ အကုန်ကိုင်နိုင်မှာပေါ့..။
မြန်မာပြည်မှာ သေချာပေါက် ဟော နိုင်သူ မတွေ့မိသေးဘူး။

JulyDream said...

အခု Post မှာ ပြောထားတာတွေကို လက်ခံပါတယ်။ နက္ခတ်ဗေဒင် ပညာက ဒီထက်မက နက်နဲကြောင်း သိပါတယ်။ ရာသီခွင်အလိုက် ဟောစာတမ်းလေးတွေပဲ ဖတ်ခွင့်ကြုံရသေးတဲ့ ကျွန်တော့်အဖို့ ဒီပညာရပ်တွေနဲ့ အလှမ်းဝေးနေဆဲပါ။ အဲဒီ ပညာရပ်ကို စော်ကားလိုစိတ်က လုံးဝ မရှိတာ သေချာပါတယ်။

အခုလို စေတနာထား တင်ပြထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

YoungGun said...

အဟီး ကျနော်လည်း လေ့လာတုန်းပါပဲ ကိုဂျူလိုင်ရေ..ဗေဒင်ကို ရှုတ်ချစော်ကားသူများနေချိန်မှာ ကိုယ့်ဘက်က အသင့်ဖြစ်နေရမယ်၊ ပညာပြည့်ဝနေရမယ်လို့ ကျနော်ခံယူမိပါတယ်။ ကြိုးစားနေဆဲပါ။ အမည်မသိဘဲကြီးကိုလည်း ပြောလိုက်ပါမယ် မြန်မာပြည်မှာ သေချာပေါက်ဟောနိုင်သူ မရှိသေးဘူးဆိုတာ မကြုံဘူးသေးလို့ပါ..နော်.. ဖင်ကျိန်းသွားလောက်အောင် နက္ခတ်နဲ့ဟောပြတဲ့ဆရာကို မတွေ့ဖူးသေးလို့ပါ။ အနော်ကတော့ အခုမှ စလုံးရေ စနေတုန်းပါ မျက်စိထဲအမမြင်မတော်ဘူးထင်ရင်တော့ ဘာကောင်ကြီးဖစ်ဖစ် ဖဲ့ပစ်ရမယ်လို့ မှတ်ယူထားပါတယ်။

YoungGun said...

အဟီး ကျနော်လည်း လေ့လာတုန်းပါပဲ ကိုဂျူလိုင်ရေ..ဗေဒင်ကို ရှုတ်ချစော်ကားသူများနေချိန်မှာ ကိုယ့်ဘက်က အသင့်ဖြစ်နေရမယ်၊ ပညာပြည့်ဝနေရမယ်လို့ ကျနော်ခံယူမိပါတယ်။ ကြိုးစားနေဆဲပါ။ အမည်မသိဘဲကြီးကိုလည်း ပြောလိုက်ပါမယ် မြန်မာပြည်မှာ သေချာပေါက်ဟောနိုင်သူ မရှိသေးဘူးဆိုတာ မကြုံဘူးသေးလို့ပါ..နော်.. ဖင်ကျိန်းသွားလောက်အောင် နက္ခတ်နဲ့ဟောပြတဲ့ဆရာကို မတွေ့ဖူးသေးလို့ပါ။ အနော်ကတော့ အခုမှ စလုံးရေ စနေတုန်းပါ မျက်စိထဲအမမြင်မတော်ဘူးထင်ရင်တော့ ဘာကောင်ကြီးဖစ်ဖစ် ဖဲ့ပစ်ရမယ်လို့ မှတ်ယူထားပါတယ်။

ပေဖူးလွှာ said...

စာအုပ်လေးကတော့ အတော်သေးသားနော်။ တော်တော်တော့ ရောင်းကောင်းတယ်ရှင့်။ စီးပွားရေးအကွက်ပေါ့။ :D