Thursday, August 7, 2008

၈၈၈၈ နှင့် စနေ၊ ယူရေးနပ်စ်အမြင်အယှဉ်


၂၀၀၈ ကနေ ၂၀၁၀ ကြား အင်အားကြီးဂြိုဟ်နှစ်လုံးရဲ့ သမသတ်အမြင်မှာ ဒေါင်းအလံပန်ထားတဲ့ ကန်နဗားရိုးတွေ အောင်ပွဲခံကြမလား၊ တစ်ဖက်အသင်းကို ဂိုးပြတ်သွင်းနိုင်မလား။

သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရ မယ်လို့ 
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့ ဆိုရမယ်။
(တာရာမင်းဝေ၏ ဥဒါန်းကဗျာမှ..)

၁၉၈၈ ကောင်းကင်မှာ စနေ၊ယူရေးနပ်စ်နဲ့ နက်ပကျွန်းဆိုတဲ့ ဂြိုဟ်နှေးကြီး သုံးလုံးက ဓနုရာသီမှာပူးလို့။ စနေက ပြည်သူ၊ ဆင်းရဲဒုက္ခ၊ နှောင့်နှေးကြန့်ကြာ၊ ယူရေးနပ်စ်က တော်လှန်ပုန်ကန်၊ ပေါက်ကွဲပြင်းထန်၊ နက်ပကျွန်းက စိတ်ပိုင်းဆိုင်ရာ လွဲမှားဆုံးဖြတ်ချက်များ၊ အဲဒီသုံးလုံးကို အမြင်ဆိုးနဲ့ မြင်နေတာက မိန်ရာသီက သွေးထွက်သံယို စစ်တပ်ဂြိုဟ် အင်္ဂါ၊ ရာဇ၀င်မှာ အနီတွေ ရဲခနဲ ဖွာခနဲ.... လွင့်ဝဲနာကျင်လို့ အဲဒီတုန်းက သူငယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ အနီရောင်လက်ပတ်ကလေးကို တမြတ်တနိုးပတ်ထားမိတာ ဘာကြောင့်ပါလဲကွယ်...ခွပ်ဒေါင်းအလံလေးကို ဦးညွှတ်မိတာ ဘာကြောင့်ပါလဲကွယ်...

ငါတို့တွေ ဘ၀နဲ့ရင်းပြီး အသေအလဲကစားခဲ့ရတယ်။
ထိုးစစ်အရှင်ခံစစ်အရှင်တွေနဲ့
အမျိုးမျိုးပြောင်းလဲပြီး
အလဲလဲအပြိုပြို ကစားခဲ့ရတယ်။
အခု....အချိန်ပိုကစားရလို့ ရေနက်ပိုင်းကို ရောက်ခဲ့ပြီ။
(မောင်ချောနွယ်၏ ကန်နဗားရိုးရဲ့ ဘောလုံးတွေ ကဗျာမှ.)

၁၉၈၈ ကနေ ၂၀၀၈ အနှစ်နှစ်ဆယ်ပြည့်တဲ့လား။ ဒီတစ်ခါကောင်းကင်မှာ စနေနဲ့ ယူရေးနပ်စ်တို့ တကျော့ပြန် မြင်ယှဉ်ကြပြန်ပြီ။ ၂၀၀၈ ကနေ ၂၀၁၀ ကြား အင်အားကြီးဂြိုဟ်နှစ်လုံးရဲ့ သမသတ်အမြင်မှာ ဒေါင်းအလံပန်ထားတဲ့ ကန်နဗားရိုးတွေ အောင်ပွဲခံကြမလား၊ တစ်ဖက်အသင်းကို ဂိုးပြတ်သွင်းနိုင်မလား။ သူငယ်တန်းကလေးလေးကတော့ ကောင်းကင်ကို ငုံ့ကြည့်ရင်း သက်ပြင်းတွေ ချမိတယ်။ တကယ်တော့ ဂြိုဟ်နက္ခတ်တွေက သင်္ကေတအနေနဲ့သာ ဘာဖြစ်မယ် ဆိုတာ ညွှန်းဆိုကြတာပါ။ သူများတွေက အမှန်တရားအတွက် သွေးပွက်ပွက်ကျနေချိန်မှာ ကိုယ့်နူတ်ခမ်းကိုယ် ကိုက်ပြီး တောက်ခေါက်နေရုံဆိုရင်တော့ ဘယ်ဂြိုဟ်ဘယ်နက္ခတ်ကမှ ဒေါင်းအလံကို လွှင့်တင်ပေးမှာ မဟုတ်ပါဘူး။ သူငယ်တန်းကလေးလေးကတော့ ဒီလိုပဲ တွေးဆ နေမိပါလေရဲ့

အမှန်ကိုအမှန်လို ခြစ်တတ်မှ
အမှားကို အမှားလို ကြက်ခြေခတ်မှ
ငါတို့အောင်မှတ်ရလိမ့်မယ်။

(၀ိုင်ချို၏ သူငယ်ချင်းများ ကဗျာမှ..)


3 comments:

yannaing said...

အဆုံးသတ်ပေးမဲ့ အဆုံးဖြတ်လားဆိုတာတော့....
ငါတို့လုပ်ရပ်က သက်သေထူပါမယ်

Anonymous said...

လုပ်ရပ်တွေကို အပြောထက် လက်တွေ့ပြလျှင်ဖြင့်
ဘယ်လောက်များ ကောင်းလိုက်မလဲ ကွယ်..။

yannaing said...

စောင့်ကြည့်နေပါတော့..ကောင်ကလေးတို့ရေ