Monday, August 11, 2008

ထူးထူးခြားခြားသင်္ကေတလေးများ ( ၁ )


အဲဒီသင်္ကေတလေးကို ရွှေနဲ့လက်စွပ်အဖြစ် ပြုလုပ်ဝတ်ဆင်ရင် ဓာတ်သက်ဝင်ပြီး ကျန်းမာဘေးကင်းစေတယ်လို့ ဂန္ဓာရီပညာသည်တွေက အယူရှိပါတယ်။

ဒီပုံလေးကတော့ အင်္ဂလိပ်လို ခရက်စ်အန်ဆေးတား လို့ခေါ်ပါတယ်။ လက်ကိုင်ကွင်းကလေးနဲ့ကြက်ခြေလို့ အဓိပ္ပါယ်ရပါတယ်။ အီဂျစ်က ပိရမစ်တွေရဲ့ နံရံစာတွေမှာ တွေ့ရလေ့ရှိပါတယ်။ အီဂျစ်နတ်ဘုရားတွေက လက်မှာ အဲဒီကွင်းကလေးကိုတွဲလွဲဆွဲကိုင်ထားတတ်ပါတယ်။ ရှေးဟောင်းအီဂျစ် ဘာသာစကားအရ အဲဒီသင်္ကေတလေးကို အန်ခ့် ( အသက်ဇီဝ ) ရဲ့ အမှတ်အသားလို့ ဆိုကြပါတယ်။ နတ်ဘုရားတွေလက်မှာ အဲဒါလေးကိုင်ထားတာကိုက သူတို့ဟာ အဒိဌလောကမှာ ဆက်အသက်ရှင်နေကြောင်း ဖော်ပြလိုခြင်းဖြစ်ပါတယ်။ အဲဒီသင်္ကေတလေးကို ရွှေနဲ့လက်စွပ်အဖြစ် ပြုလုပ်ဝတ်ဆင်ရင် ဓာတ်သက်ဝင်ပြီး ကျန်းမာဘေးကင်းစေတယ်လို့ ဂန္ဓာရီပညာသည်တွေက အယူရှိပါတယ်။

မှတ်မှတ်ရရ ဆရာကြီးမင်းသိင်္ခရဲ့ တပည့်ကျော် ဆရာဇင်ယော်နီဟာ အဲဒီသင်္ကေတလေးအကြောင်းကို ၀တ္တူတိုတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ ဆိုလိုရင်းအချုပ်ကတော့ အဲဒီသင်္ကေတလေးကြောင့် လူတစ်ယောက်ဟာ ဘေးဥပါဒ်ကနေ လွတ်ကင်းပြီး ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်လာတယ်လို့ ဆိုပါတယ်။ ဂန္ဓာရီသဘောတရားတွေ၊ စိတ်တန်ခိုးကျမ်းတွေ၊ တရုတ်အတွေးခေါ်ကျမ်းတွေ ရေးသားပြန်ဆိုခဲ့တဲ့ နာမည်ကျော် စာရေးဆရာသက်လုံကလည်း အဲဒီသင်္ကေတလေးကို လက်စွပ်ပြုလုပ်ဝတ်ဆင်ထားလေ့ရှိတယ်လို့ ဖတ်ဖူးပါတယ်။

အဲလို ၀လုံးစက်ဝိုင်းလေးနဲ့ကြက်ခြေလေး အဲလိုလေးကပ်ထားပေးလိုက်ရုံနဲ့ အဲလို ကျန်းမာ၊ ဘေးကင်းတွေဖြစ်လာပါ့မလားလို့ ခေတ်ပညာတတ်သည်ဟုဆိုသော မောင်မင်းကြီးသား မယ်မင်းကြီးမအပေါင်းတို့က သိပ္ပံသမားတွေ ပီသလွန်းအားကြီးစွာနဲ့မေးခွန်းတွေ ထုတ်လာရင် ကျွန်တော်များ မောင်ရန်းဂမ်းလေးက ဟုတ်ကဲ့ ကျွန်တော်မျိုးလည်း မတိရကြောင်းပါ ခင်ညလို့ပဲ ပြန်ဖြေလိုက်ပါ့မယ်။

သေချာတာကတော့ အဲဒီအီဂျစ်နိုင်ငံက ပိရမစ်တွေတည်ဆောက်ခဲ့သူ ရှေးလူကြီးတွေဟာ အချဉ်တော့မဟုတ်ဘူးဆိုတာပါပဲ။ လက်ကမြင်းကြောထပြီး ဆွဲချင်ရာဆွဲ၊ အပျင်းပြေလျှောက်ခြစ်ခဲ့တာ မဟုတ်ပါဘူး။ ၂၀၊ ၂၁ ရာစုလောက်ကမှ လူပါးဝလာတဲ့ သိပ္ပံပညာပေတံတွေနဲ့ ခရစ်တော်နဲ့ ဗုဒ္ဓ မပေါ်ခင်ကတည်းက ရှိခဲ့တဲ့ လျှို့ဝှက်နက်ရှိုင်းတဲ့ ဂန္ဓာရီပညာကို လိုက်လိုက်မတိုင်းထွာကြပါနဲ့ဗျို့လို့ပဲ ဟစ်လိုက်ပါရစေဗျား။

1 comment:

Anonymous said...

ကိုရန်းဂန်း တို့ကတော့ကွာ.....ပုံတော့မပြပဲနဲ့ ။ ပုံလေးပြရင် တကယ်အဆင်ပြေမှာဗျ နော့..။ လုပ်လိုက်ပါ ပုံလေးတွေနဲ့ ...