Monday, August 25, 2008

စပ်စုမိသော နာမည်ရှင်များ ( ၁ )

ဒီသုံးယောက်မှာ ထူးခြားတာတစ်ခု ရှိပါသေးတယ်။ စန်းဆိုတဲ့ နာမည်အစ စာလုံးပါပဲ။ စန်းဆိုတာ အင်္ဂါနံလို့ ယူဆကြပေမယ့် စန်းဆိုတာ ဗေဒင်အခေါ်အရ တနင်္လာကိုလည်းရည်ညွှန်းနေပါတယ်။


မြန်မာ့ရိုးရာဗေဒင်ပညာရှင်.....မဟုတ်ပါ။ လက်ဆန်း အတတ်ကို တစ်ဖက်ကမ်းခတ်သူ......မဟုတ်ပါ။ လျှို့ဝှက်ရှားပါးသော နမက္ခရဆန်းအတတ်ကို ဗျန်းဗျန်းကွဲတတ်ကျွမ်းသူ.....မဟုတ်ပါ။ မဟုတ်ပါ။ ကုန်ကုန်ပြောရရင်..... ကိုယ်လေ့လာမိသလောက် ၊စူးစမ်းစပ်စုမိသလောက် ပိစိညှောက်လေးများကို လက်အယားဖြေ ရေးနေခြင်းသာ ဖြစ်ပါသည်။ ဆရာကြီး အီကြာကွေးစကားနှင့် ဟဲလိုက်ရသော် "တီးလိုက်ပြန်ပြီ တိန်တိန်မြည်" ဟူ ဆိုနိုင်ပေ၏။

စနေဲ့ အင်္ဂါဆိုတဲ့ ငနဲသားနှစ်ကောင်အကြောင်းကို အထူးတလည် မိတ်ဆက်ပေးရန်လိုအံ့မထင်၊ အင်္ဂါဆိုတဲ့ တစ်ကောင်က စိတ်က ထစ်ဆို ဟိုဒင်းကဗျစ်၊ ဒေါသက ငယ်ထိပ်တက်ဆောင့်တယ်။ စိတ်ကြီးတယ်နော် ဆိုတဲ့ အစားမျိုး၊ စစ်ဘုရင်၊ စစ်သူကြီး သွေးနီရောင်ဂြိုဟ်ဆိုတော့ကာ ဖိုက်မယ်ကိုက်မယ် တကဲကဲပေါ့။ လုပ်ရဲကိုင်ရဲ ဇွတ်သမား၊ စနေကတော့ ဟုတ်ပေါင်...အေးတိအေးစက်၊ ရေခဲတုံးကြီး၊ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ဆိုတဲ့ ပေမှေးကြီး၊ ပျင်းလာရင်လည်း အရည်ကိုထွက်လို့ သွားရည်ပြောပါတယ်။ ငပေငတေကြီးဆိုလည်း မမှားဘူး။ မိန်းမဆိုကာမှ နူးညံ့ပျော့ပျောင်းညင်သာရမှာပေါ့။ သဘာဝတရားအရပြောတာနော်။ ဒါနဲ့ဆန့်ကျင်ပြီး ပြင်းထန်ကြမ်းတမ်းတဲ့ အင်္ဂါနဲ့စနေဂြိုဟ်စိုးမိုးရာ အက္ခရာတွေဲ့ မှည့်ခေါ်လိုက်တော့ ဒန်တန့်တန်တော့တာပါပဲ...။ အဲဒီဂြိုဟ်နှစ်လုံးနဲ့ တွဲစပ်ထားတဲ့ မာတုဂါမတွေကို လေ့လာတီးခေါက်စပ်စု အတင်းချရရင် ....

ပထမ ပေါက်မဲကျတာကတော့ မစန်းစန်းဌေးတဲ့ ခင်ဗျ။ ဖြူဖြူသန့်သန့် အရပ်မြင့်မြင့်မားမား မသိရင် အင်မတန် သိမ်မွေ့နူးညံ့သူ လို့ ထင်မှတ်ရသူပါပဲ။ သူ့ရဲ့ထင်ရှားတဲ့ အမှတ်အသားကတော့ ယောင်္ကျားကို ဂိုးပြတ်နဲ့နိုင်ခြင်းပါပဲ။ လူလည်ကောင်တောင် မရှောင် ကလော်ဆဲချင်ဆဲ၊ ဖေတော့မောင်တော့ တုတ်လိုတုတ်တယ်။ သူလိုတာ ရှိရင်တော့ တယောထက်အီချွဲပြပြီး တောင်းပါလိမ့်မယ်။ စိတ်ကထစ်ဆိုတာနဲ့ ကိုယ့်ယောင်္ကျားကို ပစ်ပြီး နောက်ယောင်္ကျားနဲ့ လိုက်သွားဖို့လည်း ဝန်မလေးဘူး။ အခုထိ ယောင်္ကျားသုံးယောက်လောက်နဲ့ လိုက်ပြေးပြီးသွားပါပြီ။ ငုတ်တုတ်လင်ကြီး ရှိရဲ့သားနဲ့ပေါ့။ စိတ်နေထား ခက်ထန်လွန်းသူအဖြစ်တွေ့ရပါတယ်။ သူ့နာမည်မှာ အင်္ဂါ၊စနေ နာမည်တွဲဖြစ်နေတဲ့အပြင် နာမက္ခရဆန်းပညာအရ ဒီဃရဿပျက်နေတာ၊ ဖိုမမှားနေတာတွေကို တွေ့ရှိရပါတယ်။

နောက်ဒုတိယ ကံစမ်းမဲပေါက်တာကတော့ ဒေါ်စန်းတင့်ပါ။ အပျိုကြီးလို့ သူ့ကိုယ်သူ ကြွေးကြော်ထားသူပါ။ ဟုတ်မဟုတ်တော့ မသိပေါင်။ ပိန်ခြောက်ခြောက်၊ အသားမည်းညစ်၊ ရူပါက ချူချာလိုက်တာမှ ဒေါ်ဂွက်ထော်ပုံစံမျိုး။ စတိုင်ကတော့ ခုနက ဒေါ်စန်းဌေးနဲ့ မကွာလှပါဘူး။ စိတ်မြန်လက်မြန်ဒေါသကြီးသူ၊ ဇွတ်တရွတ်စွတ်လုပ်တတ်သူ၊ အပြောအဆိုကြမ်းတမ်းသူ၊ နေရာတကာ ပါလေရာဖွရှုတ်လုပ်တတ်သူ၊ ဟောင်ဖွာဟောင်ဖွာနဲ့ အတင်းလှည့်တုတ်တတ်သူအဖြစ် ကျော်ကြားလှသူဖြစ်ပါတယ်။ တစ်ခါတလေ တစ်ယောက်တည်း ငိုလိုက်ရယ်လိုက် လုပ်ပြတတ်သူ၊ ဟန်ဆောင်ကောင်းသူလည်း ဖြစ်နေပါတယ်။ လူတစ်ချို့တော့ ဒေါ်စန်းတင့်ကို ဦးနှောက်မပြည့်သူ၊ ဂျင်ခြေလည်သူအဖြစ် ပြောဆိုကြပါတယ်။ တင့်ဆိုတဲ့ စာလုံးက အောက်ကမြစ်ကလေးကို သတိထားမိပါတယ်။ ဆရာ့ဆရာကြီးတွေ ဝေဖန်နိုင်အောင် ထားခဲ့ပါမယ်။

နောက်ဆုံးတစ်ယောက်တော့ ဒေါ်စန်းဌေးပါပဲ။ ပထမတစ်ယောက်ထက်စာရင် ဌေးတစ်လုံးပဲပါတာရယ်၊ အရပ်ပုတာ၊ ဝနေတာပဲ ကွာပါတယ်။ ဒါပေမယ့် အဲသလို ရုပ်ရည်အခံကွာသွားတာနဲ့ စရိုက်ဟန်ပါ လိုက်လံပြောင်းလဲသွားတာကိုက မြန်မာ့ပညာတွေရဲ့ ဆန်းကျယ်မှုပါပဲ။ ဒီစန်းဌေးကတော့ အရမ်းလည်တာ၊ ဖြစ်ချင်ရာ ဇွတ်လုပ်တာ၊ အားနာမှု မရှိတာ၊ စီးပွားတွက် တွက်လွန်းတာ၊ ကိုယ့်အတွက်ကိုသာ အမြဲကြည့်လေ့ရှိတာ၊ မလည်မရှုပ်လုပ်တတ်တာတွေကို ပိုင်ဆိုင်ထားပါတယ်။

ဒီသုံးယောက်လုံးမှာ တစ်ထပ်တည်းကျနေတဲ့ စရိုက်ကတော့ အနေထိုင်အပြောအဆိုကြမ်းတမ်းတာပါပဲ။ လူမကြမ်းပြဘဲ သိမ်မွေ့ချင်ဟန်ပြနေရင် လူကလည်းကြည့်ကောင်းလောက်အောင် ချောမောခန့်ငြားနေရင် သတိသာထားပေရော့ ဆိုရမှုာပါ။ စိတ်ဓာတ်ပြင်းထန်တာ၊ လုပ်ချင်ရာ စွတ်လုပ်တာကလည်း အတူတူပါပဲ။ ဒီသုံးယောက်မှာ ထူးခြားတာတစ်ခု ရှိပါသေးတယ်။ စန်းဆိုတဲ့ နာမည်အစ စာလုံးပါပဲ။ စန်းဆိုတာ အင်္ဂါနံလို့ ယူဆကြပေမယ့် စန်းဆိုတာ ဗေဒင်အခေါ်အရ တနင်္လာကိုလည်းရည်ညွှန်းနေပါတယ်။ တနင်္လာဆိုတဲ့ လမင်းဟာ ဆုတ်လိုက်ဆန်းလိုက်ပြည့်လိုက်ကွယ်လိုက် ဖြစ်နေတဲ့အတိုင်း သူတို့ရဲ့စိတ်တွေဟာ ယိုင်လွယ်၊ ယိမ်းလွယ်၊ ပြောင်းလဲလွယ်နေပါတယ်။ ဒါက အမြင်တစ်ခုပါ။ ဆရာ့ဆရာများက ဟုတ်သေးဘူးကွ ဆိုပြီး ဝင်ရောက်ငြင်းခုန်နိုင်ပါတယ်။

ပသို့ဆိုစေကာမူ ကျွန်ုပ် ရမ်းဂန်းလေးသည် ကိုယ်မြင်ရာကိုယ်ထင်ရာကို ကိုယ့်လက်ဖြင့်ကိုယ် အညောင်းခံရိုက်ပြီး ရေးသားလိုက်သည်။ အကျွန်ုပ်နှင့် အမြင်တူသည်လည်း ရှိ၊ မတူညီဘဲ ငြင်းခုန် ရန်ဖြစ်လိုသူလည်း ရှိပေလိမ့်မည်။ ကျမ်းစာအုပ်များထက် အာစရိယအာဘော်များထက် လက်တွေ့သုတေသနများသာ နာနာပြုကြရန် အချင်းအဆွေတော်တို့အား တိုက်တွန်း ရုံမှတစ်ပါး အခြားမရှိတော့လေပြီတည်း...။ အကယ်၍ ဖတ်မိသူများတွင် နာမည်တူများပါရှိခဲ့သော် မေတ္တာရှေ့ထား မသိချင်ယောင်ဆောင်ကာ တေတေနိတ် တိတ်တိတ်နေကြပါကုန်။

မှတ်ချက်= စနေ၊အင်္ဂါနာမည်တွဲများအကြောင်း အခြားရှုထောင့်များမှ အသေးစိတ်ထပ်မံ မပြောလိုတော့ပါ။ လျှာရှည်နေပါမည်။ ပြောရရင် ဆုံးအံ့မထင်ပေ။

3 comments:

မသိဘူး said...

ပွားလိုက်ဦးမယ် ဆရာဂမ်း

" စန်းဆိုတာ ဗေဒင်အခေါ်အရ တနင်္လာကိုလည်း ရည်ညွှန်းနေပါတယ်။ တနင်္လာဆိုတဲ့ လမင်းဟာ ဆုတ်လိုက်ဆန်းလိုက်ပြည့်လိုက်ကွယ်လိုက် ဖြစ်နေတဲ့အတိုင်း သူတို့ရဲ့စိတ်တွေဟာ ယိုင်လွယ်၊ယိမ်းလွယ်၊ ပြောင်းလဲလွယ်နေပါတယ်။"

သူတို့ ရဲ့ စိတ်ဆိုပေမဲ့ .. ကမ္ဘာပေါ်မှာ ရှိရှိသမျှ ပုထုဇဉ် တွေရဲ့ စိတ်ဟာ လည်း အဲဒီ လိုပါပဲ ယိုင်လွယ် ယိမ်းလွယ်ပြောင်းလဲ လွယ်ပါတယ်.. ဘုရားရှင်တောင် ဟောထားသေးတာပဲ .. ပုထုဇဉ်တွေအားလုံး အရုးတွေချည်း ပဲလို့ ..

ကမ္ဘာတည်ပုံအရ နေမင်းထွက်ပေါ်လာပြီးတဲ့နောက် ညအချိန်မှာ မှောင်မည်းနေလို့ လူတွေရဲ့ စိတ်ဆန္ဒတောင်းဆိုချက်အရ စန္ဒာ လမင်း
ထွက်ပေါ်လာတဲ့အတွက် ညအချိန်မှာ နေမင်းရဲ့ အလင်းရောင်ကို တစ်ဆင့်ပြန်လည် ပေးတဲ့ လမင်းကြောင့် အေးချမ်းမှု ၊စိတ်ပျော်ရွှင်မှု
ကို ရရှိစေခဲ့တာကြောင့် လက်ရိုးပိုင်းမှာ လမင်း (စန်း ) ဟာ အဓိက အခန်းကနေ ပါဝင်ခဲ့တယ်လို့ ထင်တာပဲ..

လမင်း ဟာ ဆုတ်လိုက် ဆန်းလိုက် ပြည့်လိုက် ကွယ်လိုက် ဖြစ်နေတဲ့အတိုင်း လူတွေရဲ့ စိတ်ကို အေးချမ်းမှု အနည်းငယ်ကနေ အေးချမ်းမှု အပြည့်အ၀ ကို ပေးစွမ်းနိုင်စွမ်း ရှိတဲ့အတွက် ဟောပြောရာမှာလည်း စန်းကို အသည်းအသန် လိုက်ကြည့်ကြတယ် မဟုတ်လား..

လက်ရိုးပိုင်းမှာ စန်းကိုကြည့်ပြီး ဒီလူကတော့ ဒီကာလအတွင်းမှာ အခြေအနေနည်းနည်းကောင်းတယ် များများကောင်းတယ် ဆုံးဖြတ်တယ် ထင်တာပဲ ..

စန်းကို ကြည့်ပြီး ဒီလူရဲ့ စိတ်ယာ ယိုင်လွယ် ။ ယိမ်းလွယ်တယ်လို့ ဟောတာ ရှိလို့ လား..

စိတ်ကို ဘယ်သူမှ မဟောနိုင်ဘူး ဆရာဂမ်း..

လက်ဆန်းပိုင်းမှာ ..

က ၊ ခ ၊ ဂ၊ ဃ ၊ င ကို တနင်္လာ
စ၊ဆ၊ဇ၊ဈ၊ည ကို အင်္ဂါလို့ ပြဋ္ဌာန်းထားပါတယ်.

ဒါကြောင့် နာမည် ပညတ်ချက်တွေအတွက် စ၊ဆ၊ဇ၊ဈ၊ည အင်္ဂါ ဖြစ်တဲ့ "စန်း" ဟာ လက်ဆန်းဗေဒင်မှာ ဘယ်လိုနည်းနဲ့ မှ တနင်္လာ မဖြစ်နိုင်ပါဘူး..

ဖြစ်တယ်ဆိုရင် အထောက်အထားပြပါ ဆရာဂမ်း...

younggun said...

လက်ဆန်းဗေဒင်မှာ စန်းဟူသော အက္ခရာသည် တနင်္လာဖြစ်သည်ဟု ဆိုလိုရင်း မဟုတ်၊ အင်္ဂါသားသမီးများကို အဘယ်ကြောင့် စန်းဟု အက္ခရာအရ ခေါ်ဝေါ်လာရသည်ကိုသာ ဆင့်ပွားတွေးခေါ်ရန် ဆိုလိုသည်။ စန်းတွင် စနှင့် နဟူဟာ နှစ်လုံးတွဲ ကို ထပ်ပြူးကြည့်လျှင် မြင်ရပါမည်။ ထိုသို့ နူးညံ့သိမ်မွေ့သော ဆန္ဒ စန်း ဟူသည့် အက္ခရာကို ပြင်းထန်သော ပါပနှစ်လုံးဖြင့် စပ်ယှက်လိုက်သောအခါ...( စလုံးကို မသတ်နှင့် စမ်းသော စမ်းရေသဘောဆောင်သည့် အမည်များကို မဆိုလို ) ထပ်မံ လျှာရှည်ရသော် စန်းဟူသည့် လက်ဆန်းဆရာတို့အဆို ဖိုအက္ခရာ၊ဥပရ ဆိုလေ၏။ စန်းဟူသော လမင်းပညတ်နှင့် ပါပဓာတ်တို့ ဆုံကြလေသောအခါ... လက်ရိုး၊ လက်ဆန်း ခွဲခြမ်းရန်ထက် ဘယ်သို့ ဘယ်ပုံ တွဲစပ်ရမည်ကိုသာ စဉ်းစားကြံစည်ကြည့်ပါသည်။ ဥပမာ ဆရာဦးမြကြီးသည် ဂြိုဟ်စားသက်ရောက်နှင့် ဇာတာခွင် ဆက်စပ်ပုံကို တွေးခေါ်ပြသွားသကဲ့သို့တည်း.....။

K said...

ဆရာဦးမြကြီးကလက်ရိုးဘဲတတ်တာ။လက်ဆန်းကိုနက်နက်ရှိုင်းမတတ်ဘူး။ဆန်းဗေဒင်ကိုဒေါ်ပိုက် တပည့်ဒေါ်နုရင်ဆီကပြန်သင်ထားတာ။