Monday, September 1, 2008

မှတ်မှတ်ရရ မင်းသိင်္ခ


အဘရေးခဲ့တဲ့ ရှားရှားပါးပါး ကဗျာလေးတစ်ပုဒ်ရယ်... အဘစိုက်ထူခဲ့တဲ့ သမိုင်းမှတ်တမ်းလုပ်ရပ်တွေက မင်းသိင်္ခဆိုတာ ဘယ်လိုလူမျိုးဟေ့ ဆိုတာကို သက်သေပြသွားနိုင်ခဲ့ပါတယ်။

သင်တန်းခန်းမဆောင်နံရံမှာကပ်ထားတဲ “ ဗေဒင်ကို သင်တွက်ပါ။ ဟောပါ။ ဒါပေမယ့် ဗေဒင်တွက်ခြင်း၊ ဟောခြင်းထဲမှာ သင်မပါပါနဲ့.. ” ဆိုတဲ့ စာတမ်းကိုကြည့်ပြီး...ဘာကြီးလဲဟ။ ဘာတုန်းဟ ဆိုပြီး အဲဒီတုန်းက ကျွန်တော် ခေါင်းကုတ်ဖင်ကုတ် လုပ်ခဲ့တာကို အမှတ်ရနေပါသေးတယ်။ ဆယ်ကျော်သက်ကျောင်းသား ဘဝကနေ အခု နှစ်ဆယ်ကျော်ငါးနှစ်ပိုင်း ဝင်လာချိန်မှာတော့ ဒါဟာ ဗေဒင်ဟောပြောရာမှာ အင်မတန်အသုံးဝင်တဲ့ ဆုံးမစာလေးပါလားလို့ သိမြင်လာပါတော့တယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဗေဒင်ဟောပြောရာမှာ မေးတဲ့သူက ဘာရာထူးတံဆိပ်တပ်ထားတဲ့ ကောင်ကြီးပဲဖြစ်ဖြစ်၊ ဘယ်လောက်ချမ်းသာတဲ့ ငနဲကြီးပဲဖြစ်ဖြစ် ဗေဒင်ကိန်းက ညွှန်တဲ့အတိုင်းသာ ရာထူးပြုတ်ရင်ပြုတ်မယ်။ ကုန်းကောက်စရာ မရှိအောင် မွဲရင် မွဲသွားမယ် လို့ ဟောသင့်ပါတယ်။ လာမေးသူရဲ့ အရှိန်အဝါကြောင့် ဟောချက်ထုတ်တဲ့အခါ ဟုတ်မှဟုတ်ပါ့မလား၊ ငါဟောလိုက်လို့ ဖြစ်ပါ့မလား ဆိုတဲ့ ဒွိဟ သံသယတွေ မဝင်ရအောင် ဆုံးမထားတာလို့ ကျွန်တော်ယူဆပါတယ်။ ဗေဒင်ဟောခြင်းအလုပ်ထဲမှာ ကိုယ့်ခံစားချက်ကို ထည့်မတွက်မိဖို့ အဘက ဆုံးမသွန်သင်လိုက်တာ ဖြစ်ပါတယ်။

တခါက အဘဟာ ယတြာချေဖို့ ပစ္စည်းတစ်ခုလိုတာနဲ့ အနားက တပည့်တစ်ယောက်ကို သွားယူဖို့ ခိုင်းပါတယ်။ အဲဒီတပည့်က သွားယူဖို့ ဟန်ပြင်ဖို့ပဲ ရှိသေး၊ ဟေ့ကောင် ကြာနေပြီ၊ ကြာနေပြီကွ ဆိုပြီး အဘက အော်ဟစ်သတိပေးလိုက်တော့ နောက်တပည့်တစ်ယောက် ထပ်လိုက်သွားပါတယ်။ အဲဒီဒုတိယမြောက် လိုက်သွားတဲ့ တပည့်လည်း ပြေးလို့ လမ်းတဝကိရောက်တုန်းရှိသေး၊ ကြာနေပြန်ပြီဟေ့ ဆိုတဲ့ အဘရဲ့လောဆော်တိုက်တွန်းသံကြောင့် နောက်တစ်ယောက်လည်း ပြာယာခတ်ပြီး လိုက်ရပါတော့တယ်။ ဗေဒင်ယတြာလာမေးတဲ့ ပရိသတ်တွေနဲ့ တခြားသူတွေကတော့ အဲဒီဖြစ်ရပ်ကို ပြုံးစိစိနဲ့ ဝိုင်းကြည့်နေကြပေမယ့် ကျွန်တော်ကတော့ အဘပေးချင်တဲ့ အသိတရားတစ်ခုက ရရှိခဲ့ပြီလို့ ထင်မိပါတယ်။ အဘဟာ ယောင်္ကျားပီသမှုကို အထူးအလေးထားခဲ့သူပါ။ အားယားနေ၊ အပျင်းထူနေ၊ ယောင်နေတဲ့သူတွေဆို အလွန်မုန်းသူ ဖြစ်ပါတယ်။ အသက်ကြီးပြီး အိုမင်းလာချိန်အထိ ညဥ့်နက်သန်းခေါင်အလုပ်လုပ်လေ့ရှိပါတယ်။ အနားယူနေရင်၊ ဇိမ်ခံနေရင် ကိုယ့်ကိုကိုယ်အပြစ်ရှိနေသလို ခံစားရတတ်သူပါ။ လေးလေးလံလံအမူအရာ အကျင့်အကြံတွေကို လက်မခံပါဘူး။ ဒါ့ကြောင့်လည်း ကြာနေပြီကြာနေပြီဟေ့ ဆိုတဲ့ တိုက်တွန်းဟစ်ကြွေးသံနဲ့ တပည့်တွေကို ဖျတ်လတ်တက်ကြွနေသူတွေ ဖြစ်အောင် ဖန်တီးခဲ့ပါတော့တယ်။

အခု စက်တင်ဘာ တစ်ရက်နေ့မှာတော့ အဘကွယ်လွန်သွားတာ တစ်လပြည့်မြောက်သွားပါပြီ။ အယူတော်မင်္ဂလာခြံကြီးရဲ့ ပိုင်ဆိုင်မှုနဲ့ ပက်သက်လို့ အဘရဲ့တစ်ဦးတည်းသော သား မောင်မောင်သစ်နဲ့ အဘတပည့်ရင်းကြီးတွေကြားမှာ ပြသာနာအချို့ဖြစ်ပွားနေကြောင်း ဂျာနယ်စာစောင်အချို့မှာ ဖတ်ရပါတယ်။ စိတ်မကောင်းပါဘူး။ အဘကတော့ အသက်ရှင်သန်နေချိန်မှာ သူတတ်နိုင်သမျှ လူအမြောက်အများကို ထမင်းကျွေး၊ ပညာတွေသင်၊ နေရာထိုင်ခင်းတွေပေးနဲ့ ဘဝများစွာကို မြှင့်တင်ကယ်မပေးခဲ့ပါတယ်။ ခြံထဲမှာလည်း လူနာ ပူဆာပါ ဆိုတဲ့ အစီအစဉ်ကို လုပ်ထားပြီး မြန်မာပြည်တစ်ဝှမ်းက ခိုကိုးရာမဲ့လူတွေ၊ နာမကျန်းသူတွေ၊ လူအိုတွေအတွက် ခိုနားရာတစ်ခု ဖြစ်အောင် ဖန်တီးပေးခဲ့ပါသေးတယ်။ အဘရဲ့နောက်ဆုံးအချိန်အထိ အဘအနားမှာရှိခဲ့တဲ့ တပည့်ရင်းတွေကြားမှာ အဘလိုချင်ခဲ့တဲ့ ရွှေငါးအဆင့် ဗေဒင်ပညာရှင် ဘယ်နှစ်ဦးပါနေသလဲ။ အဘ လိုချင်တဲ့အတိုင်းရော တပည့်တွေကြိုးစား အားထုတ်ခဲ့ကြပါသလား။ သေချာတာကတော့ အဘရေးခဲ့တဲ့ ရှားရှားပါးပါး ကဗျာလေးတစ်ပုဒ်ရယ်... အဘစိုက်ထူခဲ့တဲ့ သမိုင်းမှတ်တမ်းလုပ်ရပ်တွေက မင်းသိင်္ခဆိုတာ ဘယ်လိုလူမျိုးဟေ့ ဆိုတာကို သက်သေပြသွားနိုင်ခဲ့ပါတယ်။

တောက်

ငါတည်းတစ်ယောက် ချမ်းသာရောက်ဖို့

ခုလောက်ကြိုးကုတ် အားမထုတ်ဘူး

အာဂယောင်္ကျား ရှေးလူများတို့

ကြိုးစားအားထုတ် ဝိဇ္ဇာလုပ်ပြီး

ဒုက္ခသည်ပေါင်း ကူညီကြောင်းကို

စာဟောင်းဆိုသည်

ငါ့ကိုလေများ စိန်ခေါ်သလား


5 comments:

Anonymous said...

ကျွန်တော်ရေးချင်တဲ့ စာသားတွေ မိတ်ဆွေပြောပြတာ ကျေးဇူးတင်ပါတယ်။
CMO

younggun said...

ဟုတ်ကဲ့ ကျွန်တော်လည်း မှတ်မိသလောက် ပြန်ရေးပြတာပါ။ နောက်ထပ် အဘဆီက အတုယူစရာတွေ မှတ်သားစရာတွေ ရေးရပါဦးမယ်။ အစ်ကိုလည်း ရေးစေချင်ပါတယ်။

JulyDream said...

အဲဒီတော့ မရမ်းတလင်း အယူတော် မင်္ဂလာခြံကြီးက ဘယ်လို ရှေ့ဆက် စခန်းသွားမယ် ဆိုတာကို ကြားသိထားရသလဲ ခင်ဗျ။ ရှိပြီးသား လည်ပတ်နေပြီးသား နေရာတစ်ခုကို ရပ်တန့် ပျက်ဆီးသွားမှာကိုတော့ မလိုလားမိပါဘူး။

youggun said...

မြန်မာပြည်သားလက်ဝှေ့ကလပ်ကတော့ သူ့ဖာသာရပ်တည်မယ်လို့ကြားပါတယ်။ ခြံကြီးကတော့ အဘသားနဲ့တပည့်ကြီးတွေအကြား ဘယ်လို အငြင်းပွားကြဦးမယ် မသိရသေးပါဘူးခင်ဗျာ..

မစ်(စ်)သွန်းသွန်း said...

အဲဒီခြံထဲကို ၁၀ တန်းနှစ် ဆေးပေါင်းခတဲ့ညက ရောက်ဖူးတယ်။