Thursday, September 4, 2008

ကျေးဇူးစကား ဆိုပါမည်


မဟာဘုတ်၊ ဂြိုဟ်စားသက်ရောက်၊ တားရော့၊ လက္ခဏာ၊ ရာသီဖွားဟောကိန်းတွေလောက်သာ နားယဉ်နေ၊ ရင်းနှီးနေတဲ့ မြန်မာပြည်သားအပေါင်းရဲ့ အသိထဲကို သိပံ္ပနည်းကျတဲ့၊ အဆင့်မြင့်နက္ခတ်ဗေဒင်ပညာကိုအခုလို ပြန့်ပွားအောင်၊ အာရုံစိုက်မိလာအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ရမှာပါ။



မြန်မာနိုင်ငံ နက္ခတ်ပညာရှင်များအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နဒီနက္ခတ်ပညာသင်တန်းကျောင်းတို့ကနေ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရနဲ့ ပုဂ္ဂလိက ဆေးရုံတွေကို ဇာတာဖွဲ့တဲ့ ဆော့ဖ်ဝဲလ်ကို အောက်တိုဘာလဆန်းပိုင်းနေပြီး လှူဒါန်းသွားမယ်လို့ အဖွဲ့ဥက္ကဌ ဦးဇေယျာကိုကပြောကြားပါတယ်။ ၁၉ဝ၂ ခုနှစ်ကနေ ၂ဝ၅ဝ ခုနှစ်အထိ မွေးဖွားသူတွေအတွက် ဇာတာဖွဲ့နိုင်မှာ ဖြစ်သလို ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာကလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အဲဒီဆော့ဖ်ဝဲလ်မှာ တြိစက္ကဇာတာအပြင်၊ မြန်မာ့ရိုးရာ ထီးနန်းသုံး တိုင် ဆယ်ပါး ပညာရပ်၊ ဂြိုဟ်မြင်ဇယားများကိုပါ ထည့်သွင်းထားတယ် လို့ ဆိုပါတယ်။

နဒီသင်တန်းကျောင်းအုပ်ကြီး ဦးထွန်းလင်းကလည်း အဲဒီဆော့ဖ်ဝဲလ်ကို အသုံးပြုတွက်ချက် ဇာတာဖွဲ့ပြီး နဒီဆေးဗေဒင်နဲ့ ရောဂါရှာဖွေပေးတာ၊ ရောဂါဇစ်မြစ်ကိုလိုက်တာ၊ ပျောက်ကင်းသက်သာမှု ရှိမရှိ၊ ပျောက်မယ့် ကာလများကို တွက်ချက်ဟောပြောပေးနိုင်မယ် လို့ဆိုပါတယ်။ အဲဒီ ဇာတာဖွဲ့ဆော့ဖ်ဝဲလ်ကို အမှတ် ( ၁၃ )၊ ပထမထပ်၊ ဗိုလ်ချုပ်ဈေးရှေ့မျက်နှာစာဘက် နက္ခတ်ဗေဒင်သင်တန်းရှိရာမှာ လာရောက်ဆက်သွယ်ရယူနိုင်တယ်လို့ ဆိုပါတယ်။

ဒီသတင်းတွေနဲ့တဆက်တည်းပဲ ဦးဇေယျာကိုက အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့အနီးဆုံးနေရာကို သြဂုတ်လကုန်လောက်စတင်ပြီး ချဉ်းကပ်ရောက်ရှိလာတယ် လို့ ဆိုပါတယ်။ အဲဒီ အင်္ဂါဂြိုဟ်နီးကပ်လာမှုကြောင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ အင်္ဂါနဲ့ကောဇာ တနင်္လာရဲ့ ရိုက်ခတ်မှုတွေအတိုင်း ငလျင်လှိုင်းတွေ ဖြစ်ပွားတတ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်ငလျင်လှုပ်နိုင်တဲ့ ဒေသတွေထဲမှာ မြန်မာနိုင်ငံ မပါဝင်ကြောင်းကိုတော့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။ အမေရိကန် နာဆာအဖွဲ့ရဲ့လေ့လာမှုအရ အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့အနီးဆုံးနေရာကို ၂၆ လမှာတစ်ခါ ချဉ်းကပ်လာလေ့ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ၁၅ နှစ်တစ်ခါနီးကပ်မှုကတော့ အနီးကပ်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အခုလတ်တလော အင်္ဂါဂြိုဟ်နီးကပ်လာခြင်းကို နိုင်ငံအားလုံးက မြင်ရမှာ မဟုတ်ဘဲ အင်္ဂါဂြိုဟ်တည်ရာဖြစ်တဲ့ ကောင်းကင်ကို မြင်ရတဲ့ သြစတေးလျ၊ ပါပူဝါနယူးဂီနီ၊ ပစိဖိတ်သမုဒ္ဒရာကနေသာ မြင်ရမယ်လို့ သိရပါတယ်။

အခုတစ်လော မြန်မာပြည်ထဲက ဂျာနယ်တွေမှာ ဟိုမှာလည်း ပါ၊ ဒီမှာလည်းပါနေတဲ့ ကွန်ပြူတာနက္ခတ်ပညာရှင်များအဖွဲ့ရဲ့ လှုပ်ရှားမှု၊ နဒီသင်တန်းကျောင်းရဲ့လှုပ်ရှားမှုများ ဖြစ်ပါတယ်။ သူတို့အဆိုအရ ကမ္ဘာကြီးရဲ့ဘယ်ဒေသကမဆို ဖွဲ့ဆိုတွက်ချက်နိုင်တဲ့ ဆော့ဖ်ဝဲလ်ဖြစ်ကြောင်း သိရပါတယ်။ ကျနော်ကတော့ မမြင်ဖူး၊ မသုံးရသေးတော့ ဘာမှ မဝေဖန်လိုပါဘူး။ ကြိုးစားမှုတစ်ခုအဖြစ်တော့ အသိမှတ်ပြုရမှာပါပဲ။ မဟာဘုတ်၊ ဂြိုဟ်စားသက်ရောက်၊ တားရော့၊ လက္ခဏာ၊ ရာသီဖွားဟောကိန်းတွေလောက်သာ နားယဉ်နေ၊ ရင်းနှီးနေတဲ့ မြန်မာပြည်သားအပေါင်းရဲ့ အသိထဲကို သိပံ္ပနည်းကျတဲ့၊ အဆင့်မြင့်နက္ခတ်ဗေဒင်ပညာကိုအခုလို ပြန့်ပွားအောင်၊ အာရုံစိုက်မိလာအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ရမှာပါ။ အခုဆို ကိုယ့်ရဲ့ ပူတူတူးလေး၊ သားသမီးလေးတွေမွေးလာတာနဲ့ဆေးရုံမှာ တခါတည်း အလှူငွေလေးဘာလေးထည့်ပြီး ဇာတာပါ တစ်ခါတည်းရလာမှာ ဖြစ်ပါတယ်။ ဇာတာဆိုတာဘာလဲလို့ ပြန်မေးခွန်းထုတ်ချင်တဲ့သူတွေအတွက် မွေးချိန်၊ မွေးရက်၊ မွေးလ၊ မွေးနှစ်၊ မွေးဖွားရာဒေသ လောင်ဂျီတွဒ်၊ လတ္တီတွဒ်၊ ဒေသစံတော်ချိန်များနဲ့ စနစ်တကျတွက်ချက်ထားတဲ့နက္ခတ်ဗေဒင် ဥပမာ ဇာတာခွင်တစ်ခုကို ဖော်ပြလိုက်ပါတယ်။

No comments: