Monday, September 8, 2008

ဒီလိုကျင့်ကြံခဲ့ဖူးသည် (၁)


လူငယ်တစ်ယောက်ရဲ့ ဂန္ဓာရီပညာလမ်းပေါ်လျှောက်ခဲ့တဲ့ တစ်ချိန်တခါက အမှတ်တရဖြစ်ရပ်ကလေးတစ်ခုမို့ သတိတရနဲ့ရေးသား မှတ်တမ်းတင်လိုက်မိပါတယ်။

တခါတုန်းက လောကီဂမ္ဘီရကျင့်စဉ်တစ်ခုမှာ မေတ္တသုတ်ကို ရက်ပေါင်း ၄၉ ရက် အဓိဌာန်နဲ့ ထမင်းစားတိုင်း သက်စေ့ရွတ်ဖတ်ရင်းစား၊ ရေသောက်ရင်တောင် အနည်းဆုံး ၇ ခေါက်လောက်ရွတ်ဖတ်ပြီးမှ သောက်ဖို့ နောက်ပြီးအဓိဌာန်ရက်တောက်လျှောက် မေတ္တာဘာဝနာပွားများဖို့ ရေးထားတာကို တွေ့ရပါတယ်။ ကျင့်စဉ်အောင်မြင်ရင် သိသာတာကတော့ အလုပ်အကိုင်တွေ ပွင့်လန်းအောင်မြင်မယ်၊ လူချစ်လူခင်များမယ်၊ နာမည်ကျော်ကြားလာမယ်ပေါ့။ ၄၉ ရက်ပေါင်းများစွာ အကြိမ်ကြိမ် ကျင့်ကြံအားထုတ်သွားရင် မေတ္တမှော်အောင်ပြီး ဆရာတစ်ဆူဖြစ်လာမယ်လို့ဆိုပါတယ်။ ဗုဒ္ဓရဲ့နူတ်ခပတ်တော်မို့ တန်ခိုးအာနုဘော်တစ်ခုတော့ ကိန်းအောင်း စီးဆင်းနေမှာ ကျိန်းသေပါပဲ။ ကိုယ်က သိဒ္ဓိလမ်းစဉ်ကို လိုက်နေသူမို့ မေတ္တသုတ်တော်ကို လက်တွေ့ ကျင့်ကြံရမယ့် တရားဆိုတာထက် ရွတ်မယ်ဖတ်မယ် ဆိုတဲ့ မန္တန်လိုင်းဘက်ကိုသာ အားသန်နေခဲ့ပါတယ်။

တကယ်တမ်းကျတော့ ၄၉ ရက်ကြီးလည်း မကျင့်နိုင်၊ မေ့တတ်လွန်းတော့ ထမင်းစားရေသောက်တိုင်းလည်း မရွတ်ဖတ်နိုင်၊ အပျင်းကထူတော့ မေတ္တာဘာဝနာကလည်း မပွားများနိုင်၊ ဒီတော့ကာ ကိုယ့်ဖာသာဈေးဆစ်ပြီး ကျင့်စဉ်ရက်ကို ၇ ရက်အဖြစ် သတ်မှတ်လိုက်ပါတယ်။ ပြီးတော့ ကိုယ့်ဖာသာကွန့်ကြည့်တဲ့အနေနဲ့ စေတီတော်တစ်ဆူမှာသွားကျင့်ဖို့ ဆုံးဖြတ်ပါတယ်။ ဗေဒင်သမားဆိုတော့လည်း နည်းနည်းတော့ကွန့်ပါသေးတယ်။ တခြားတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့တေဇ၊ နဝင်း၊ အပြင်မိတ်ဂြိုဟ်ဖြစ်တဲ့ ကြာသပတေးထောင့်မှာသွားကျင့်ဖို့ စမ်းကြည့်လိုက်ပါတယ်။ မွေးနေ့ညပိုင်း ၉ နာရီအတိမှာ ကြာသပတေးထောင့်ကနေ မေတ္တသုတ်တော်ကို ၉ ခေါက် သံနေသံထားနဲ့ကို ကျကျနန ရွတ်ဖတ်ပါတော့တယ်။ ဘုရားမှာလည်း အလင်းတိုင် ၅ တိုင်လှူဒါန်းပါတယ်။ မေတ္တ္တသုတ်က တစ်ခေါက်ဆိုရင်တောင် နည်းနည်းကြာတာ၊ ကိုးခေါက်ဆိုတော့ ကြာသပေါ့။ ပြီးတော့ ကိုယ်ကလည်း ပရိတ်တော်ဆိုရင် စက်သေနတ်ပစ်သလို မရွတ်တတ်တော့ နှေးတာလည်း ပါပါတယ်။ ရွတ်ဖတ်ပြီးတာနဲ့ အမျှဝေ၊ ၃၁ ဘုံကို အသေးစိတ်မေတ္တာပို့ပါတယ်။ အံမယ်.. ရွတ်ဖတ်မေတ္တာပို့အပြီးမှာ စိတ်ကလေးကတော့ ငြိမ်းချမ်းအေးမြသွားသားဗျ။ ဒါနဲ့ပဲ ဒီအတိုင်း ရက်ပေါင်း ကိုးရက်ရအောင် မနည်းကိုဖြစ်ညှစ်ပြီး သွားရောက်အားထုတ်ခဲ့ပါတယ်။

ကိုးရက်မြောက်နောက်ဆုံးနေ့မှာတော့ ခြင်ကလည်းဆော်၊ ပိုးကောင်သေးသေးလေးတွေကလည်း ရွစိတက်၊ အနားလာပြီး ဆော့နေတဲ့ ကလေးတွေကလည်း ဆူညံ၊ ဘုရားလာပြီး အတင်းတုပ်နေတဲ့ ချစ်လှစွာသောကြီးဒေါ်ကြီးများရဲ့ အသံဗလံတွေကလည်း နားထဲအတင်းတိုးဝင်နဲ့ အာရုံတွေထွေပြားပြီး ရွတ်ရင်းတန်းလန်းနဲ့ ရပ်တန့်မလိုဖြစ်သွားပါတယ်။ ဒါပေမယ့် ကိုးခေါက်ပြီးဆုံးအောင် ရွတ်ဖတ်နိုင်ခဲ့ပါတယ်။ ဆရာကြီး မင်းသိင်္ခပြောသလိုဆိုရင် ပြီးတော့လည်း ပြီးသွားတာပဲပေါ့လေ။ မပြီးတာကတော့ နောက်ရက်တွေမှာ ဆက်တိုက်ကြုံလာပါတော့တယ်။ အဓိဌာန်လေးတစ်ခုရဲ့တန်ပြန်အား သက်ရောက်မှုတစ်ခုလို့ဆိုရမလား၊ တိုက်ဆိုက်မှုလို့ပဲ ငြင်းချက်ထုတ်ရမလား မသိပါဘူး။ မထင်မှတ်တဲ့နေရာတွေကနေ ငွေကြေးလာဘ်လာဘတွေ၊ လက်ဆောင်တွေ ဝင်ရောက်လာပါတော့တယ်။ မပြောပလောက်တဲ့ ပမာဏလေးတွေဆိုပေမယ့် ထူးခြားတာကတော့ ကြာသပတေးသားသမီးများက အဓိကထောက်ပံ့ကူညီလာကြတာပါပဲ။ ပြီးတော့ ကိုယ်အရမ်းသင်ချင်၊ တတ်ချင်နေတဲ့ ပညာရပ်တစ်ခုကို သင်ယူခွင့်ရသွားခဲ့ပါတယ်။ လူငယ်တစ်ယောက်ရဲ့ ဂန္ဓာရီပညာလမ်းပေါ်လျှောက်ခဲ့တဲ့ တစ်ချိန်တခါက အမှတ်တရဖြစ်ရပ်ကလေးတစ်ခုမို့ သတိတရနဲ့ရေးသား မှတ်တမ်းတင်လိုက်မိပါတယ်။

4 comments:

ပန်းခရမ်းပြာ said...

အတော်ဇွဲကောင်းမှ လုပ်နှိုင်မဲ့ အဓိဌာန်ပဲနော်။ မေတ္တသုတ်တော် ကိုတော့ မကြာခဏ ရွတ်ဖြစ်တယ်။ အထူးသဖြင့် တစ်ယောက်တည်း နေရတဲ့ အချိန်တွေမှာလေ။ ကြောက်တတ်လို့။

youggun said...

ကြောက်လို့ ကိုးကွယ်ဆည်းကပ်တာ ရွတ်ဖတ်တာ.. မသင့်တော်ပါဘူး..မပန်းခရမ်းရေ..မေတ္တသုတ်တော်ဟာ လက်တွေ့ကျင့်ကြံရမယ့် ကျင့်စဉ်သာဖြစ်ပါတယ်။ အနက်အဓိပ္ပာယ်ကို သိရပါမယ်..

Heartmuseum said...

အော်.... မေတ္တာသုတ်က ဒီလိုလဲ အသုံးကျသကိုး....
သိဖူးဗျ... အရင်က....

Freshup said...

ကျွန်တော်ကတော့ မလုပ်ဖူးဘူးဗျာ..။
ဘုရားစာ အနည်းအကျဉ်းပဲရတယ်..။
ဝန်ခံရရင် ဘုရားတောင် မှန်မှန်မရှိခိုးဖြစ်ပါဘူး..။
ှုငရဲအိုး ဇောက်ထိုးကျမယ်ထင်ပါ့..။
ဒါပေမဲ့ ဘုရားတရားလေးလုပ်ရင် စိတ်ချမ်းသာမှုရတာကတော့ အမှန်ပဲဗျာ..။ :D