Friday, September 19, 2008

စစ်နတ်ဘုရား လာချေပြီ


ပြီးခဲ့တဲ့ သြဂုတ်လ နေကြတ်၊ လကြတ်အပြီးမှာ နက္ခတ်ဗေဒင်ပညာအရ ထူးခြားဖြစ်စဉ်တွေ ဆင့်ကာဆင့်ကာ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီစက်တင်ဘာလထဲမှာ ကောင်းကင်က အင်္ဂါဂြိုဟ်ကြီးဟာ ကမ္ဘာနဲ့ ပုံမှန်ထက် နီးကပ်လာနေပါတယ်။ ပုံမှန်အားဖြင့် ၂၆ လမှာ တစ်ခါ ကမ္ဘာမြေဆီ ချဉ်းကပ်လာလေ့ရှိတယ်လို့ နာဆာအဖွဲ့က ဆိုပါတယ်။ တိမ်မြူကင်းစင်တဲ့ ညတွေမှာဆိုရင် အခုလို နီးကပ်နေတဲ့ အင်္ဂါဂြိုဟ်ကို လိမ္မော်နီရောင်ဖက် ယိမ်းပြီ့းအရောင်လက်နေတဲ့ ကြယ်တစ်စင်းအဖြစ် မြင်ရပါလိမ့်မယ်။ အင်္ဂါဂြိုဟ် ကမ္ဘာနဲ့နီးလာလို့ ဘာဖြစ်မလဲဆိုတော့ မြန်မာနိုင်ငံနက္ခတ်ပညာရှင်များအသင်း ဥက္ကဌ ဦးဇေယျာကိုက အခုလို အင်္ဂါဂြိုဟ်ကြီးနီးကပ်လာတဲ့အတွက် အရှေ့တောင်အာရှနိုင်ငံတွေမှာ ငလျင်တွေလှုပ်ရှားမယ်တဲ့။ မြန်မာနိုင်ငံကတော့ ငလျင်လှုပ်မယ့် အထဲမှာ မပါဘူးတဲ့။ ဘာလို့မပါလဲဆိုတာကိုတော့ သူက သေချာမရှင်းပြပါဘူး။ ဗေဒင်တီးမိခေါက်မိတဲ့သူတွေကလည်း အင်္ဂါဆိုတဲ့ စစ်ဘုရင်ဂြိုဟ်ကြီး နီးကပ်လာတဲ့အခါ ကမ္ဘာမှာစစ်ပွဲတွေ၊ သွေးထွက်သံယိုတွေ အဖြစ်များလာမယ်လို့ ပြောကြပြန်ပါတယ်။ တကယ်တမ်းပြောရရင် စစ်ပွဲတွေ၊ မငြိမ်းချမ်းမှုတွေက အင်္ဂါဂြိုဟ်နီးသည်ဖြစ်စေ၊ မနီးသည်ဖြစ်စေ၊ ဟောဒီလောကီမှာ ဖြစ်ပွားနေမှာပါပဲ။ အင်္ဂါဂြိုဟ် နီးလာတာတစ်ခုတည်းနဲ့ ဟောကိန်းထုတ်မယ်ဆိုရင် ဆယ်ခွန်းဟောတစ်ခွန်းမှန်၊ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ ဘယ်ဒေသမှာ ဆော်ပလော်တီးတီး အင်္ဂါနီးကပ်လာလို့ဆိုပြီး တစ်ထစ်ချပုံသေမှတ်ယူသွားရင် ဗေဒင်ပညာရဲ့နက်ရှိုင်းမှုတွေကို ကိုယ့်ဖာသာ ဘောင်ခတ်ကန့်သတ်သလို ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော် သတိထားမိသလောက်တော့ ပြီးခဲ့တဲ့ သြဂုတ်လ နေကြတ်၊ လကြတ်အပြီးမှာ နက္ခတ်ဗေဒင်ပညာအရ ထူးခြားဖြစ်စဉ်တွေ ဆင့်ကာဆင့်ကာ ပေါ်ပေါက်လာခဲ့ပါတယ်။ ရှားရှားပါးပါး တစ်လတည်းမှာ နေလကြတ်ခြင်းက ဖြစ်ပြီးချိန်မှာပဲ ကာဠာသဖယုဂ်ဆိုတဲ့ ကောင်းကင်က ဂြိုဟ်တွေအားလုံးဟာ ရာဟုနဲ့ကိတ်ဝင်ရိုးထဲမှာ ပိတ်မိနေတဲ့ အဖြစ်မျိုး ဆက်ဖြစ်လာပါတယ်။ အဲဒီနောက်မှာပဲ အခုစက်တင်ဘာမှာ ထပ်ပြီး အင်္ဂါဂြိုဟ်က မြေကမ္ဘာနဲ့နီးကပ်လို့ လာပြန်ပါတယ်။ နက္ခတ်ပညာမှာတော့ လေ့လာသင်ကြားဖူးသလောက်ပြောရရင် အခုဂြိုဟ်တွေပူးမြင်၊ အခုထူးခြားတာတွေထဖြစ်ဆိုတာမျိုးလည်း ရှိသလို ချက်ချင်းမထူးခြားဘဲ လတွေ၊နှစ်တွေအထိ ရှည်လျားထွေပြား သက်ရောက်ရိုက်ခတ်တာမျိုးလည်း ရှိနေပါတယ်။ ၂ဝဝ၈ နှစ်ဦးစမှာ အာကာသအဖွဲ့အစည်းက ဘုရင်ကြီးဖြစ်တဲ့ နေမင်းပေါ်မှာ အစက်အပြောက်တွေ ထသွားတယ်။ အခု နေရောလပါ ကြတ်သွားပြီ။ တစ်လတည်းမှာ ကြတ်သွားတာပါ။ နေလကြတ်ချိန်မှာ အင်္ဂါ၊စနေက သိဟ်ရာသီမှာ ပူးနေပြီး အဲဒီဆန့်ကျင်ဘက်သမသတ်မှာ ယူရေးနပ်စ်ဂြိုဟ်က ရှိနေပါတယ်။ နောက်.. အမှောင်တိုက်ရဲ့အရှင်သခင် ရာဟု၊ကိတ်ဝင်ရိုးထဲ ဂြိုဟ်အားလုံးနီးပါး ပိတ်မိတဲ့ ယုဂ်တစ်ခုဖြစ်လာတယ်။ နောက်.. ဒေဝတာပုရာဏ်တွေထဲက စစ်နတ်ဘုရားဖြစ်တဲ့ အင်္ဂါဂြိုဟ်က ပုံမှန်ထက် ချဉ်းကပ်လာတယ်။ ဒီတော့ ဒီတော့ကာ...သိပ်မကြာခင် လပိုင်းတွေမှာ ဟောဒီ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေပေါ်မှာ ဘာတွေဖြစ်၊ ဘာတွေပျက်လာဦးမယ်ဆိုတာ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဆက်စောင့်ကြည့်ကြပါစို့ဗျာ..။ ကောင်းကင်နက္ခတ်တွေက ဖော်ညွှန်းနေတဲ့ ဒီထူးခြားဖြစ်စဉ်တွေနဲ့ပက်သက်လို့ ကျွန်တော်ကတော့ ပညာရှင်ကြီး၊ ဆရာ့ဆရာဂုရုကြီးမဟုတ်လေတော့ ဘာမှ မခန့်မှန်းတတ်၊ ဟောကိန်းမထုတ်တတ်ပါဘူး။ ပေါက်ပြီးမှပဲ ဖော်တော့မယ်။ ဟဲဟဲဟဲ.....။

1 comment:

မစ်(စ်)သွန်းသွန်း said...

ကွယ်...စောင့်ကြည့်ကြတာပေါ့။