Sunday, September 21, 2008

စားမည်၊ သောက်မည် ခါတော်မီ

အစားအသောက်နဲ့ ပက်သက်လို့ ကြားဖူးနားဝလေ့လာထားတဲ့ ပညာလေးတစ်ခုပြောပြချင်ပါတယ်။

ဖတ်ဖူးသမျှထဲမှာတော့ အင်္ဂဝိဇ္ဇာပညာရပ်အပါအဝင်လောကီပညာရပ်ကျမ်းပေါင်းများစွာကို ပြုစုသွားတဲ့ တောင်တွင်းကြီးဆရာတော် ခင်ကြီးဖျော်ဟာ အင်မတန် စားအိုးကြီးတယ်ဆိုပဲ။ နို့ဆီဘူးနဲ့မကဘူး။ ပြည်နဲ့တောင်ချက်စားတယ်ဆိုပဲ။ အဲဒီတော့ကာ ဆရာတော်ကြီးဖော်ထုတ်ပြုစုခဲ့တဲ့ အင်္ဂဝိဇ္ဇာပညာကို မတောက်တခေါက် နှမ်းစေ့လောက်သာ တတ်သိတဲ့ ကျွန်တော်လည်း အစားကြီးတဲ့ စားဘဲကြီးဖြစ်လာတာ မဆန်းဘူးထင်ပါတယ်။ အစားကြီးဆိုပေမယ့် တွေ့ကရာမြင်မြင်ရာ ဆွဲစားတာမျိုးမဟုတ်ပါဘူး။ မုန့်တွေ၊ သရေစာတွေထက် နေ့စဉ်အစားအစာဖြစ်တဲ့ ထမင်းနဲ့ဟင်းကိုပဲ မြိန်မြိန်ကြီးတွယ်တာဖြစ်ပါတယ်။ ထမင်းတစ်ခါစားရင် နို့ဆီဘူးတစ်လုံးမကချင်ပါဘူး။ ဟင်းကလည်း အမဲသားကလွဲရင် မိုးကောင်းကင်ကို ကျောပေးတဲ့ သတ္တဝါမှန်သမျှ အလွတ်မပေးပါဘူး။

ညီမ ရွှန်းမီမေးသလို အခုတစ်လော ဘာတွေစားလို့ဘာတွေဝါးနေလဲ ဘယ်လို မျိုချနေသလဲဆိုတော့ မနက်မိုးလင်းရင် အီကြာကွေးနဲ့လက်ဖက်ရည်ကို သွားအချောင်းသုံးဆယ်လောက်နဲ့ကြိတ်ပြီး လည်ပင်းထဲ အတင်းညှစ်ချပစ်သွင်းပါတယ်။ ပြီးတာနဲ့ စီးကရက်လေးကိုခဲ၊ ရေနွေးကြမ်းလေးနဲ့ဟပြီး ရော့ခ်အပြင်းစားသီချင်းနဲ့ မနက်စာကို ဗျင်းလိုက်ပါတယ်။ နေ့ခင်း မန်မန်စားချိန်ကျတော့ ဘော်ဘော်တွေနဲ့ လမ်းသလားရင်းရင်း ဈေးသက်သာတဲ့ ဆိုင်လေးတွေမှာ ဝင်ဆွဲပါတယ်။ ဝက်သား၊ ကြက်သားနှစ်ဖတ်လောက်ကို ထမင်းပေါ်ပုံပေးတာမျိုးပါ။ တခါစားမှ ၅ဝ ပဲနိလောက်ပဲပေးရပါတယ်။ ငပိရည်တို့စရာလေးပါလည်း ပါသေး၊ အံမယ်.အနားမှာ လက်ကျန်ဝင်ရှင်းမယ့် လူ့မိတ်ဆွေ နှစ်ကောင်ကလည်း အမြီးကို နန့်လို့။ ညနေပိုင်း ဝါးတီးကတော့ ကြုံရာပါပဲ။ တခါတရံ ရေသောက်ဗိုက်မှောက်ရင်း စည်းစိမ်ခံဖူးသလို တခါတလေ ထမင်းမစားဖြစ်ဘဲ ဘီယာကို ကြက်ကင်လေးနဲ့သာ ချို့ချို့ငဲ့ငဲ့ စားသောက်ရလည်း ရှိပါတယ်။ သနားစရာလေးပါ။ ညဆိုင်းအလုပ်ဆင်းရင်တောင် ဝါးစရာတစ်ခုခု မရှိရင် မနေတတ်တာမို့ ပီကေလေးဘာလေး ဝါးထားရပါတယ် နားထင်တော့ ညောင်းတာပေါ့နော်။ အော် လူပြောသူပြောများတဲ့ ကော်ဖီကိုတော့ နည်းနည်းကြိုက်ပါတယ်။ အိပ်ရေးပျက်ခံနိုင်တဲ့ ဆေးတစ်မျိုးလို့ ယူဆလို့ပါ။ ပြစ်ပြစ်ကလေး ဖျော်ပြီးတော့များ သောက်လိုက်ရရင် ကော်ဖီနဲ့ ဂေါ်လီလုပ်လို့ရတယ်။ စမ်းကြည့်လိုက်နော...။

အစားအသောက်နဲ့ ပက်သက်လို့ ကြားဖူးနားဝလေ့လာထားတဲ့ ပညာလေးတစ်ခုပြောပြချင်ပါတယ်။ ဥပမာပေါ့ဗျာ.. ငွေပျောက်တယ်ဆိုပါစို့ သောကြာအရပ်ဖြစ်တဲ့ မြောက်အရပ်ကို မျက်နှာလှည့်ပြီး စနေနံအစားအသောက်တစ်ခုခုကို စားရင်း ငွေကိုပြန်ရှာ၊ စုံစမ်းမေးမြန်းသင့်တယ်လို့ ဆိုပါတယ်။ စနေနံဆိုတော့ လွယ်တာက နို့၊ ဒိန်ခဲ၊ ထောပတ်တွေပေါ့နော်။ အားရှိတဲ့ အစားအသောက်တွေချည်းပဲ။ ငွေပြန်ရမရတော့ မသိဘူး။ လူကတော့ ပိုအားရှိလာမှာပါ။ ကျွန်တော်လည်း အမျိုးတွေရှိတဲ့ ရွာကို အလည်သွားတုန်း ငွေပျောက်ပါတယ်။ ဘယ်သူ့ကိုမှလည်း မစွပ်စွဲချင်တာနဲ့ ကိုယ့်ဖာသာ ထန်းတောထဲသွားပြီး စနေနံ ထန်းရည်တွေ မြောက်ဘက်လှည့်ရင်း အဝသောက်ခဲ့ပါတယ်။ ငွေတော့ ပြန်မရဘူး။ လူကတော့ ဒေါင်ချာစိုင်းပြီး ကွေးနေအောင်ကခဲ့တာများ ရွာက အဒေါ်တွေအခုထိ ပြောစမှတ်တွင်နေတုန်း....။

5 comments:

ရွှန်းမီ said...

ဟာသလေး နှောပြီး ရေးပေးတာ ကျေးဇူးပါ အစ်ကိုyounggun.
တောင်တွင်းကြီးဆရာတော် ခင်ကြီးဖျော် ကြောင်း တစ်ပိုင်းတစ်စကိုလည်း မှတ်သားလိုက်ရပါတယ်။
ပျော်ရွှင်ခြင်းများ စားသောက်နိုင်ပါစေ =)

ပန်းခရမ်းပြာ said...

ဟား ဟား ဟား .... ဆရာ ရန်းဂန်းရယ် ... ကိုယ့်ဖာသာ အစားကြီးတာ ခင်ကြီးဖျော် တရားခံဖြစ်ရတယ်လို့ .....

younggun said...

ဆရာတော်အရိပ်ကိုခိုလှုံရင်း ဖြစ်သွားတာပါ။ ဆရာ့စကား၊ဆရာ့စတိုင်ပေါ့လေ..အဟင်းဟင်း

Heartmuseum said...

ဟီးးးး ဟီးးးးး ကိုရောင်ဂန်း မိုက်တယ်ဗျာ....
တောင်တွင်းကြီးဆရာတော် ခင်ကြီးဖျော်က တကယ်အဲဒီလောက် စားနိုင်တာလားဗျ။ ထန်းရေသောက်ချင်လို့
ကျွန်တော်လည်း ပစ္စည်းတခုခု ဖျောက်ပြီး ယတြာချေအုံးမှ.....ဟေးးးဟေးးးး

JulyDream said...

မိုးကောင်းကင်ကို ကျောပေးတဲ့ အကောင်ဆိုတော့ မိကျောင်းလည်း ပါတာပေါ့နော်။ မိကျောင်းသားက စားကောင်းလို့လားဗျ။