Friday, September 26, 2008

ဖောက်ပြန်တော့မယ့် မာကျူရီ..


ဒီတော့ ဒီတော့ကာ အခုလို မာကျူရီခေါ် ပျော်တော်ဆက်ခေါ် ဗုဒ္ဓဟူးဂြိုဟ် အသွားမမှန်ဖောက်ပြန်တဲ့ကာလမှာ ကိုယ့်အတွက် အကျိုးရှိရာ ရှိကြောင်းလေး၊ ဆောင်သင့်တာ၊ ရှောင်သင့်တာလေးတွေကို သိထားရင် မသိတဲ့သူတွေထက် တစ်ကွက်မက သာနေမယ်ဆိုတာ

နေနဲ့အနီးဆုံးဖြစ်သလို နေအဖွဲ့အစည်းထဲက အသေးဆုံးဂြိုဟ်လေးဖြစ်တဲ့ မာကျူရီလို့ ခေါ်တဲ့ ဗုဒ္ဓဟူးဂြိုဟ်ဟာ အခုလတ်တလောမှာ သူပိုင်ဆိုင်တဲ့ ကန်ရာသီမှာ ရပ်တည်နေပါတယ်။ ပုံမှန်ကတော့ တစ်ရာသီမှာ ၁၈ ရက်ဝန်းကျင်လောက်ပဲ နေပေမယ့် ဒီတစ်ခါမှာတော့ ရက်ပေါင်း ၆၈ ရက်အထိ ဖောက်ပြန်ရပ်တည်မှာဖြစ်ပါတယ်။ စက်တင်ဘာ ၂၁ ကနေ အောက်တိုဘာ ၁၃ ရက်နေ့အထိမှာ ဝကြဆိုတဲ့ နောက်ပြန်သွားပြီးတဲ့အခါ နိုဝင်ဘာ ၁ ရက်နေ့အထိ ရှေ့မတိုးနောက်မဆုတ်နဲ့ နိယတုံအဖြစ် ရပ်တန့်နေမှာဖြစ်ပါတယ်။ ရှေးဟောင်းဂြိုဟ် ပရိယာယ်အရ ပျော်တော်ဆက် တာဝန်ယူထားရတဲ့ ဗုဒ္ဓဟူးဟာ သောမဂြိုဟ်ဖြစ်တဲ့အတွက် သူနောက်ပြန်သွားခြင်းကို တချို့ဆရာတွေက အကောင်းအဖြစ်ယူဆကြပါတယ်။ တကယ် ကောင်းမကောင်းဆိုတာကတော့ လက်တွေ့ သုတေသနတွေကသာ မှတ်ကျောက်တင်သွားမှာဖြစ်ပါတယ်။

ကောင်းကင်ပေါ်မှာ အသွားမမှန်ဖောက်ပြန်နေတဲ့ ဒီဂြိုဟ်ကြောင့် တစ်ကမ္ဘာလုံးမှာ အကျိုးသက်ရောက်မှုတစ်ခုခု ပေါ်ပေါက်လာဦးမှာ ဖြစ်ပါတယ်။ လေ့လာဖူးသမျှဆိုရင်တော့ ဗုဒ္ဓဟူးဂြိုဟ်ဟာ အထည်အလိပ်၊ ဆန် ဂျုံ ပဲ အပါအဝင် ကောက်ပဲသီးနှံအမျိုးမျိုး၊ ကုန်သည်ပွဲစားလောက၊ သိပံ္ပပညာ၊ ကွန်ပြူတာ အင်တာနက် ကွန်ရက်၊ စာနယ်ဇင်းသတင်းလောက၊ ပညာရေး၊ ကုန်စည်ပို့ဆောင်ဆက်သွယ်ရေးတွေ ကို စိုးမိုးထားပါတယ်။ ဒီတော့ကာ ဒီလောကနဲ့ ဒီကုန်စည်တွေဟာ ဗုဒ္ဓဟူးနောက်ပြန်လည်တာနဲ့ နိယတုံဆိုတဲ့ ရပ်တန့်နေတဲ့ ကာလမျိုးမှာ ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေ၊ မထင်မှတ်တဲ့ အခက်အခဲအကျပ်အတည်းတွေ၊ ပြဿနာမျိုးတွေ ဖြစ်ပွားစေတတ်ပါတယ်။

အနောက်တိုင်း နက္ခတ်ပညာအရဆိုရင်တော့ အခုလို ဗုဒ္ဓဟူးဖောက်ပြန်တဲ့ ကာလမျိုးမှာ အတိတ်တစ်ချိန်က လေ့လာခဲ့ဖူးတဲ့ ပညာရပ်အဟောင်းတွေ၊ သင်ယူဖူးတဲ့ ဘာသာရပ်တွေ၊ ဖတ်ခဲ့တဲ့ ကျမ်းတွေ၊ စာအုပ်တွေကို ပြန်လှန်သုံးသပ်ဆင်ခြင်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ အခုလို ဂြိုဟ်နောက်ပြန်သွားချိန်မှာ အရင်က မမြင်ခဲ့၊ သတိမထားမိတဲ့၊ မတွေးမိခဲ့တဲ့ အတွေးတွေ၊ အိုင်ဒီယာအသစ်တွေ၊ စိတ်ကူးကောင်းတွေ ပေါ်ထွက်လာမှာ အသေချာပါပဲ။ သတိပေးစရာ တစ်ခုတော့ ရှိပါတယ်။ ဒီအချိန်မှာ ဘယ်အရာကိုမှ အလွယ်တကူ မဆုံးဖြတ်ပါနဲ့။ သေချာစဉ်းစားပါ၊ စီမံကိန်းအသစ်ချမှတ်တာထက် စီမံကိန်းအဟောင်းတွေကို ပြန်စစ်ဆေးတာသာ သင့်တော်ပါလိမ့်မယ်။ ကတိကဝတ်ပြုတာ၊ အာမခံတာ၊ စာချုပ်လက်မှတ်ရေးထိုးတာ၊ ကြားဝင်စေ့စပ်တာတွေမှာ အထူးသတိထားဆောင်ရွက်ရပါမယ်။ အလိမ်အညာတွေ၊ ကောက်ကျစ်စဉ်းလဲမှုတွေ၊ အကြံအဖန်တွေ၊ အင်ထုမယ့်သူတွေ၊ နားလှည့်ပါးရိုက်မယ့်သူတွေ၊ ကတုံးပေါ် ထိပ်ကွက်မယ့်သူတွေ၊ ဂျင်ပေါ်ကထုံးတွေ ဒီအချိန်မှာ တစ်စခန်းထတတ်ပါတယ်။

ဒီတော့ ဒီတော့ကာ အခုလို မာကျူရီခေါ် ပျော်တော်ဆက်ခေါ် ဗုဒ္ဓဟူးဂြိုဟ် အသွားမမှန်ဖောက်ပြန်တဲ့ကာလမှာ ကိုယ့်အတွက် အကျိုးရှိရာ ရှိကြောင်းလေး၊ ဆောင်သင့်တာ၊ ရှောင်သင့်တာလေးတွေကို သိထားရင် မသိတဲ့သူတွေထက် တစ်ကွက်မက သာနေမယ်ဆိုတာ အဟုတ်နော်အတည် ပြောလိုက်ချင်ပါတော့သည် ..။

မှတ်ချက်။ ဘယ်ဂြိုဟ်က ဘယ်တုန်းကမှ နောက်ပြန်မလည်၊ ရပ်မနေပါဘူး။ နေမင်းကိုလှည့်ပတ်တဲ့အခါ ဂြိုဟ်သွားနူန်းချင်းမတူလို့ မြန်တဲ့ဂြိုဟ်ကကြည့်ရင် နှေးတဲ့ဂြိုဟ်က တစ်စတစ်စနဲ့နောက်ကျကျန်ရစ်သလိုဖြစ်နေရာက နောက်ဆုတ်သွားတယ်လို့ ထင်ရခြင်းသာဖြစ်ပါတယ်။ Astronomy မှာ ဒီဖြစ်ရပ်မျိုးက မထူးခြားလှပေမယ့် Astrology မှာတော့ ထူးခြားတဲ့ သက်ရောက်မှုများကို ဖြစ်ပေါ်စေတာ အမှန်ပါပဲ။


2 comments:

ပန်းခရမ်းပြာ said...

ဗေဒင်ပညာရပ် ဆိုင်ရာတွေက ထူးဆန်းလိုက်တာ။
ပျော်တော်ဆက်ခေါ် ဗုဒ္ဓဟူးဂြိုဟ် ကြောင့် တစ်ကမ္ဘာလုံးမှာ အကျိုးသက်ရောက်မှုတစ်ခုခု ပေါ်ပေါက်လာဦးမှာ ဆိုတော့ ၀မ်းသာစရာပါပဲ။
မှတ်သားစရာ ပို့စ်အတွက် ကျေးဇူးပါ ဆရာရန်းဂန်းရေ။

ရွှန်းမီ said...

ဗုဒ္ဓဟူးဂြိုလ်ကို ဘာလို့ ပျော်တော်ဆက်ဂြိုလ် လို့ သတ်မှတ်ခဲ့ကြတာလဲ ဆိုတာ.. နောက် ကြုံရင် ပြောပြစေချင်ပါတယ်။

Constellation map ပေါ်က ဂြိုလ်သွားလမ်းကြောင်းတွေနဲ့ တကယ်လည်ပတ်နေတဲ့ ဂြိုလ်တွေနဲ့ .. ရှုထောင့်မတူလို့ နောက်ပြန်သွားတယ် ထင်ရတာ စိတ်ဝင်စားစရာပဲ။ Parallax ကိုသာ မသိခဲ့ကြရင် ကောင်းကင်ကြီးက ဒီ့ထက် ပိုနိမ့်နေမယ်ထင်တယ် =)

စာထဲမှာ ထည့်ရှင်းပြပေးထားတာ ကျေးဇူးပါ။
ဂြိုလ်တွေ နောက်ပြန်သွားတယ် ပြောရင် မသိတဲ့သူအဖို့တော့ မယုံနိုင်စရာ ဖြစ်နေမှာ..။
http://en.wikipedia.org/wiki/Parallax