Thursday, October 2, 2008

ဟိုတုန်းက သူတို့နှစ်ယောက်...


ကျွန်တော် မောင်ရန်းဂမ်းလေး သတိထားမိသလောက်တော့ ဆရာစံဇာဏီဘိုဟာ သူ့ရဲ့ နာမည်ကျော် ရာသီဖွားဟောကိန်းစာအုပ်လေးတွေ နောက်ကျောဖုံးက ဆရာစာရင်းမှာ ဆရာမင်းသိင်္ခလို့ အပြည့်အစုံ မဖော်ပြဘဲ ဆရာခလို့သာဖော်ပြထားတာတွေ့ရပါတယ်။

ကြာသပတေးနေ့ည ကြာသပတေးဆိုတဲ့ ဂုရု ဆရာသမားအခါတိုင်မှာပဲ ညီငယ်လေးလို ခင်မင်ရတဲ့ စနေသားတစ်ဦးက ဆရာကြီးမင်းသိင်္ခအမှတ်တရ စာရေးဆရာတွေ၊ တပည့်သားမြေးတွေ စုပေါင်းရေးသားပြီး ရောင်ပြန်မဂ္ဂဇင်းတိုက်က ထုတ်ဝေတဲ့ မှတ်မှတ်ရရ မင်းသိင်္ခ စာအုပ်ကို လက်ဆောင်အဖြစ် ပေးလာပါတယ်။ စာအုပ်ထဲက စာတွေကတော့ အဘကို သတိတရရှိတာတွေ၊ အမှတ်တရဖြစ်ရပ်လေးတွေ မကွယ်လွန်မီ နောက်ဆုံးတွေ့သွားတာလေးတွေအပြင် အဘရဲ့ ယတြာအစီအရင်နဲ့ ဝထ္ထုတိုအချို့ကိုပါ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ နည်းနည်းပါးပါးလိုက်မြည်းစမ်းဖတ်ကြည့်ရင်း ဆရာ မောင်ဝံသရဲ့ အမှတ်တရ စာထဲမှာ ထူးခြားတာတစ်ခုကို သွားတွေ့ပါတယ်။ ဆရာမောင်ဝံသ၊ ဆရာမင်းသိင်္ခတို့ ထောင်ကျနေစဉ်တုန်းက သူတို့နဲ့အတူ ဒီနေ့နာမည်ကျော် မော်ဒန်ဗေဒင်ဆရာ စံ ဇာဏီဘိုပါ အထဲရောက်နေတယ်လို့ ဆိုပါတယ်။ စံဇာဏီဘိုဟာ ထောင်ထဲမှာပဲ ဆရာမင်းသိင်္ခဆီက ဗေဒင်ပညာကို အခုလို သင်ယူမေးမြန်း လေ့လာခဲ့ကြောင်း ဖတ်ရှုရပါတယ်။ နာမည်ကျော်ဗေဒင်ပညာရှင်နှစ်ဦးရဲ့ ထောင်ထဲက တွေ့ဆုံပညာပေး ပညာယူခန်းလေးမို့ အမှတ်တရ ကူးယူတင်ပြမိပါတယ်။

ဆရာမောင်ဝံသရဲ့စာထဲမှာ ဒီလိုရေးသားထားပါတယ်။

ဆရာစံဇာဏီဘိုက အဲဒီတုန်းက ပိန်ပိန်လေး၊ သူရေချိုးထွက်ရင် ဆရာမင်းသိင်္ခက သူနဲ့အတူ ရေချိုးတယ်။ ကိုဇာဏီက ဘယ်လောက်တော်သလဲဆိုရင် ဆရာမင်းသိင်္ခကို ရေခပ်လောင်းပေးတယ်။ ဆရာခက သမံတလင်းပေါ်မှာ ဖင်ချထိုင် ခြေဆင်းနေပြီး ကိုဇာဏီက အုတ်ရေကန်ထဲက ရေခပ်လောင်းပေး၊ ဆပ်ပြာတိုက်ပေး၊ ချေးတွန်းပေးတယ်။ အဲဒီတစ်ချိန်လုံးမှာ သူသိချင်တာတွေ၊ ဗေဒင်လက္ခဏာသဘောတရားတွေ၊ အယူအဆတွေကို မေးနေတော့တာပဲ။ ကျွန်တော့်အခန်းတံခါးနဲ့က ငါးကိုက်လောက်ပဲ ကွာတော့အဲဒီမြင်ကွင်းကို နေ့တိုင်းလိုလိုမြင်နေရတယ်။ ကိုဇာဏီ သူ့ပညာတိုးသထက်တိုးအောင်ဖြည့်ဆည်းပုံ၊ ဆရာမင်းသိင်္ခ ခရားရေလွှတ်ပြောနိုင်လောက်အောင် တော်ပုံတွေကို ကျွန်တော်က မျက်မြင်သက်သေ ဖြစ်နေတယ်။ ရေချိုးပြီးရင် ကိုဇာဏီက ရေလဲခံယူပေး၊ ရေစိုပုဆိုးကို လျှော်ပြီး ရေညှစ်လှန်းပေးတယ်။ ပြီးမှ ကိုယ့်အခန်းကိုယ် ပြန်ကြတာကိုး။

ကျွန်တော် မောင်ရန်းဂမ်းလေး သတိထားမိသလောက်တော့ ဆရာစံဇာဏီဘိုဟာ သူ့ရဲ့ နာမည်ကျော် ရာသီဖွားဟောကိန်းစာအုပ်လေးတွေ နောက်ကျောဖုံးက ဆရာစာရင်းမှာ ဆရာမင်းသိင်္ခလို့ အပြည့်အစုံ မဖော်ပြဘဲ ဆရာခလို့သာဖော်ပြထားတာတွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ဆရာမင်းသိင်္ခကတော့ စံဇာဏီဘိုဟာ သူ့ဆီမှာ ဗေဒင်သင်တာ မဟုတ်ဘူး။ ဗေဒင်နဲ့ လက္ဂဏာပေါင်းစပ် ဟောပြောပုံနည်းစနစ်ကိုသာ သင်ယူသွားတာ လို့ ဖြေကြားသွားခဲ့ဖူးပါတယ်။ စံဇာဏီဘိုဟာ ဆရာမင်းသိင်္ခအပြင် ဆရာကြီးစံတင်အောင် ရွှေဘိုဆီမှာလည်း ဗေဒင်လက္ခဏာတွေကို သင်ယူခဲ့တာကြောင့် ဆရာမင်းသိင်္ခက သူ့တပည့်အဖြစ် လက်မခံခဲ့ဘူး လို့ ထင်မိပါတယ်။ စံတင်အောင် တပည့်ဖြစ်လို့ စံဆိုတဲ့ စကားလုံးကို ရှေ့ဆုံးမှာ တပ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာမင်းသိင်္ခဟာ ဆရာစံဇာဏီဘိုရဲ့ သင်ဆရာဖြစ်နေတာပါပဲ။ ဒါပေမယ့် ဆရာကြီးမင်းသိင်္ခဟာ သူ့နာမည်အဖျားပဲ စွတ်ပြီးဖော်ပြထားတာကို ဘာမှ ဖီးလ်ဖြစ်ခဲ့ပုံမရပါဘူး။ ကျွန်တော်ကတော့ မနောကြာဖြူ မဂ္ဂဇင်းမှာတုန်းက ဖတ်မှတ်ခဲ့ရတဲ့ အဘရဲ့ စကားလေးတစ်ခွန်းကိုသာ ပြန်ကြားယောင်မိပါတော့တယ်။

လူတစ်ယောက်ကို ကျေးဇူးပြုပြီဆိုရင် အဲဒီပြုထားတဲ့ ကျေးဇူးကို မေ့ပစ်ထားရတယ်၊ ကျေးဇူးပြုခြင်းအတွက် ရလဒ်ဆိုတာ ကျေးဇူးပြုခြင်းပဲ ဖြစ်တယ်။ တခြားဘာမှ မရှိဘူး။ မျှော်လည်း မမျှော်လင့်အပ်ဘူး။

မင်းသိင်္ခ



No comments: