Thursday, October 23, 2008

ဗေဒင်ထဲက သုညကလေး

စနေကို သုညလို့ ရေးလိုက်တာဟာ ရှေးရှေးကဆရာ့ဆရာတွေက တစ်စုံတရာကို အရိပ်ပြသွားတာများလား။

မြန်မာဝေါဟာရနဲ့ကြည့်မယ်ဆိုရင် လေ့လာဖူးမှတ်သားဖူးသလောက် သုညဆိုတာ န၀င်းမိနေတဲ့ ဂဏန်းတဲ့။ ဟုတ်သည်မဟုတ်သည် စမ်းကြည့်မယ်။ သုသည် သောကြာ ၆ ၊ ညသည် အင်္ဂါ ၃ ပေါင်းကြည့်လိုက်တော့ ကိုး ရသည်ပေါ့။ ဘာမဟုတ်တဲ့ သုညကနေ ကိုးန၀င်းဂဏန်းရလာတာ မဆန်းပေဘူးလား။ ဗေဒင်နဲ့ ပက်သက်နေတဲ့ မြန်မာ့ရိုးရာအင်းပညာရပ်မှာလည်း ၀လုံးကို လက်ယာရစ်ရေးပြီး သုညကို လက်ဝဲရစ်နဲ့ရေးတာက အလကားမဟုတ်ဘူးထင်တာပဲ။

မကျေနပ်သေးဘူး။ အင်္ဂလိပ်လို တစ်ခါပြန်ကြည့်ဦးမယ်။ သုညကို အင်္ဂလိပ်လို ZERO ပေါ့။ Numerology ဆိုတဲ့ ပိုက်သာဂိုရပ်ရဲ့ ဂဏန်းသင်္ချာဗေဒင်အရ အဲဒီ ဇီးရိုးကို တွက်ကြည့်ရင် Z= 7 E=5 R=2 O=7 အားလုံးပေါင်းရင် 3 ဂဏန်းရလာပါတယ်။ ဂဏန်းဗေဒင်အရ 3 ဂဏန်းကို အဆင့်မြင့်ဥာဏ်ပညာ၊ ဥပဒေ၊ အတွေးအခေါ်၊ ဆရာသမား၊ ဘာသာတရားတွေက စိုးမိုးထားပါတယ်။

မြန်မာ့ဗေဒင်က အထင်ကရဖြစ်တဲ့ ကိုးဂဏန်းနဲ့ သိုးဆောင်းတွေရဲ့ ဂဏန်းဗေဒင်က ကြာသပတေးဂဏန်း 3 တွေဟာ ဒီ သုညလေးနဲ့ ဘာလို့များ လာဆက်နွယ်နေရတာပါလိမ့်။ ဒီဂဏန်းတွေ ဆက်နွယ်နေတဲ့ နောက်ကွယ်က အကြောင်းတရားဟာ ဘာလဲ။ တားရော့ကားချပ်တွေမှာတော့ သုညဂဏန်းဟာ သူရူး The Fool ကားချပ်ကို ဖော်ဆောင်ထားတယ်လို့ မှတ်သားဖူးပါတယ်။ သူရူးကတ်ကို နောက်ဆုံးကတ် ထွက်မြောက်ရာ ကတ်အဖြစ်သတ်မှတ်ကြပါတယ်။

ပြီးတော့ မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်မှာ စနေကို ခုနှစ်ဂဏန်းနဲ့မရေးဘဲ သုညလို့သာ ရေးဖြစ်တာကလည်း အကြောင်းမဲ့တော့ မဟုတ်ဘူးထင်ပါတယ်။ စနေကလည်း လောကုတ္တရာအားထုတ်ကျင့်ကြံမှု၊ သံသရာထွက်ရပ်လမ်းကို ဖော်ညွှန်းနေတဲ့ ဂြိုဟ်တစ်လုံးပေမို့ စနေကို သုညလို့ ရေးလိုက်တာဟာ ရှေးရှေးကဆရာ့ဆရာတွေက တစ်စုံတရာကို အရိပ်ပြသွားတာများလား။ ကျွန်တော်ကလည်း ခပ်ညံ့ညံ့ကောင်ဆိုတော့ အရိပ်ပြသလောက် အကောင်မမြင်သေးတာ ဆိုးတယ်ဗျာ။

4 comments:

ပန်းခရမ်းပြာ said...

ဥာဏ်မီ သလောက် ဖတ်မှတ်သွားတယ်။ ၀လုံးကို လက်ယာရစ်ရေးပြီး သုညကို လက်ဝဲရစ်နဲ့ရေးဘို့ ငယ်ငယ်က ဆရာမက သင်ခဲ့တယ်လို့တော့ မှတ်မိတာပဲ.

ရွှန်းမီ said...

၇ ရက်ရှိလို့ ၇ နဲ့ စားတော့ ၇ ခုမြောက်က ၀ ကြွင်းလို့ ၀ လို့ ရေးကြတယ် လို့ပဲ စိတ်ထဲမှာ ပေါ်လာပါတယ်။
အတွေးထဲ ဒီလောက်ပဲ မြင်မိပါတယ်။

younggun said...

မရွှန်းမီကတော့ တော်ပီးရင် တော်နေပြန်ပီ။ ဟုတ်ပါတယ်။ အဲဒါ။။။

ရွှန်းမီ said...

မဟုတ်တာ.. ညီမက သင်္ချာပုံမှန် တွက်တဲ့သူတွေလောက် မတော်ပါဘူး =) သိရုံလေးသိတာ။