Saturday, November 1, 2008

စပ်စုမိသော နာမည်ရှင်များ ( ၂ )

ချစ်လို့ခင်လို့ ပြောင်နောက်ပြီး ၀ိုင်းခေါ်နေရာက အတည်ဖြစ်သွားတဲ့ နာမည်တစ်လုံးကြောင့် ရေခဲကနေ မီးတောက်အဖြစ် ပြောင်းလဲသွားရတဲ့ အကြောင်းလေး….။

သူ့နာမည်က တေဇာလင်းတဲ့။ အသားလတ်၊ အရပ်ရှည်ရှည်၊ စူးလက်တောက်ပတဲ့ မျက်လုံးတွေနဲ့။ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားဘ၀မှာ ဒိတ်ဒိတ်ကြဲ စာတော်သူ၊ စာတော်သလောက်လည်း အရမ်းအေးတဲ့သူ၊ အတန်းထဲမှာ ငြိမ်ကုပ်နေသလောက် စာမေးပွဲ အမှတ်ထွက်လာပြီဆိုရင် အဆင့်တစ်နေရာက ဘယ်တော့မှ မဆင်းသူ။ ကောင်မလေးတွေက သူ့နေရာရဖို့အရေး အသည်းအသန်လုံးပမ်းနေချိန်မှာ ကျွန်တော်တို့နဲ့ ပြောသမျှ ပေါက်ကရတွေကို ရယ်မောနားထောင်ပေးပြီး အချိန်ဖြုန်းတတ်သူ။ ရန်ဖြစ်ဖို့ ဝေးစွ။ စကားတောင် မာမာမပြောတဲ့သူ။ သူ့ရဲ့ ထင်ရှားတဲ့ အမှတ်အသားကတော့ ဥာဏ်အရမ်းထက်ခြင်းပါပဲ။

အဲဒီတုန်းက ဗွီဒီယိုတွေ ခေတ်၊ ကျွန်တော်တို့မြို့လေးထဲ နာမည်ကျော်နေတာက ကျော်ဟိန်း၊ နေအောင်နဲ့ ရန်အောင်တို့ သရုပ်ဆောင်ထားတဲ့ မောင်ရင်ငတေမိုက်ကန်းသည် ဇာတ်ကား။ မောင်ရင်ရယ်..။ ငတေရယ်..။ မိုက်ကန်း..ရယ်။ ဖိုက်တာကြီးသုံးယောက်ပါတဲ့ ဖိုက်တင်ဇာတ်လမ်းကြီးး အဲဒါကြီးက တောရောမြို့ပါမကျန်၊ ပေါက်လာတော့ တေဇာလင်းဆိုတဲ့ အေးချမ်းသော၊ ထက်မြက်သော ကောင်လေးကို သူငယ်ချင်းတွေက ချစ်စနိုးနဲ့ နာမည်လေး အဖျားဆွတ်ပြီး ၀ိုင်းဝန်းခေါ်လိုက်ကြတာက ဇာတ်လမ်းထဲက ကျော်ဟိန်းရဲ့ နာမည် “ ငတေ “ တဲ့ဗျား။ ဒီလိုနဲ့ တေဇာလင်း တစ်ဖြစ်လဲ ငတေဆိုတဲ့ ကောင်လေးဟာ သူငယ်ချင်းတွေက အလကားမတ်တင်း ကင်ပွန်းတပ်ပေးလိုက်တဲ့ ငတေ ငတေ ဆိုတဲ့ နာမည်ကြီးကို သာယာသလိုဖြစ်သွားရာက….ရက်၊ လနဲ့နှစ်တွေကြာလာတဲ့အခါ….။

အရင်တေဇာလင်းနဲ့ အခု ငတေနဲ့ဟာ တော်တော်လေးကွာခြားသွားပါပြီ။ ဂစ်တာကို ပိုက်ထားမယ်။ ကွမ်းကိုငုံထားတယ်။ ဆေးလိပ်ကို နားရွက်ကြားညှပ်ထားတယ်။ ထစ်ခနဲဟေ့ဆို ဖဲ့မယ် ကိုင်မယ်ဆိုတာချည်း။ အဲဒါ ငတေ့ စတိုင်။ ကျောင်းအရမ်းပျက်လာလို့ ဆရာမကခေါ်တယ်။ ကျောင်းထွက်မယ်ချည်းလုပ်လို့ မနည်း အိမ်ကတောင်းပန်ပြီး ကျောင်းထားရတယ်။ အံမယ် ဒီလောက်ကျောင်းပျက်တဲ့ကောင် စိတ်မပါ့တပါ နဲ့ စာမေးပွဲဝင်ဖြေတော့လည်း အဆင့်က one to ten ၀င်နေတုန်း။ ဒါပေမယ့်ဒါပေမယ့် ပေါ့လေ။ တချိန်ချိန် ဆရာဝန်၊ အင်ဂျင်နီယာကြီး ဘာကြီး ညာကြီး ဖြစ်လာနိုင်တဲ့ တေဇာလင်းဘ၀ဟာ ကွယ်ပျောက်သွားခဲ့ပါပြီ။ ဘ၀ကိုအဆုံးအဖြတ်ပေးတယ်လို့ လူပြောသူပြောများတဲ့ ဆယ်တန်းမှာလည်းမကျရုံတစ်မယ် အမှတ်လေးနဲ့ ရိုးရိုးပဲအောင်ခဲ့ပါတယ်။ သူနဲ့ ကျွန်တော်နောက်ဆုံးတွေ့တုန်းက အဝေးသင်တက္ကသိုလ်မှာ ဒေါင်ချာစိုင်းအောင် သောက်စားပြီး မူးရူးနေတဲ့သူ့ကို စိတ်မကောင်းစွာနဲ့ တွေ့ခဲ့ရပါတယ်။ ဒီလောက် မူးရူးပေတေနေတာတောင် စာမေးပွဲကတော့ မကျဘူးဗျ။ အံရောပဲ။ ဥာဏ်လေးကတော့ ကောင်းသေးသား။ အခုနောက်ဆုံးကြားရတာကတော့ ဘာအလုပ်မှဝင်မလုပ်ဘဲ ကျောင်းပြီးတာနဲ့ ဆားကွင်းဆင်းတယ်။ တခါတလေ ငါးဖမ်း၊ ပိုက်ချနေတယ်ဆိုပဲ။ တောပျော်ကြီး လုပ်လို့။ တောဂေါ်လီကြီးလုပ်လို့ ပေလို့ တေလို့ ကောင်းနေတော့တယ်။

ဒါက တကယ့်ဖြစ်ရပ် ကိုယ်တွေ့လေးတစ်ခုပါ။ စာတွေ့တစ်ခု မှတ်သားဖူးတာကတော့ ကျွန်တော်တို့ လေးစားရပါသော စာရေးဆရာကြီးပီမိုးနင်းကို အဲဒီခေတ်က နာမည်ကျော် ဆန်းကျမ်းဗေဒင်ဆရာကြီး ဦးထွန်းမြတ်က မိုးကို နင်းတယ်ဆိုတယ်ဆိုတာ မိုးကောင်းကင်ကို နင်းတဲ့ နာမည်၊ အဓိပ္ပါယ်လွန်တဲ့ နာမည်မျိုးဖြစ်တဲ့အတွက် ခန္ဓာကိုယ်အောက်ပိုင်း၊ ခြေထောက်ပိုင်းမှာ အကြီးအကျယ်ထိခိုက်စေလိမ့်မယ်လို့ ကြိုတင် ဟောပြောခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ဆရာပီမိုးနင်းဟာ လမ်းလျှောက်ထွက်ရင်း စက်ဘီးအတိုက်ခံရလို့ ပေါက်ကျိုးတဲ့ ဒဏ်ရာကတစ်ဆင့် ကွယ်လွန်သွားခဲ့ပါတယ်။

နာမည်လေးတစ်လုံးက ဒီလိုပြောင်းလဲစေပါ့မလား။ ဒီလို သက်ရောက်စေပါ့မလား။ သူ့ဘ၀အကြောင်းကံက ဒီလိုလာလို့နဲ့တူတယ်။ စသဖြင့် လေကန်ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့် ပညတ်သွားရာ ဓာတ်သက်ပါ ဆိုတဲ့ ရှေးမြန်မာဓာတ်စကား အလကားတော့ မဟုတ်လောက်ပါဘူးနော်။ ယုံချင်ယုံ၊ မယုံချင်နေပေါ့။

9 comments:

Freshup said...

စိတ်ဝင်စားဖို့ကောင်းတယ်ဗျာ..။
ပိုစ့်တော်တော်များများ ဖတ်ဖြစ်တယ်
အမြဲရောက်တယ်ဗျ

Heartmuseum said...

ဒီပို့စ်လေးတော့ ကြိုက်၏။ ကျွန်တော့် ကလောင် နာမည် အညတရဆိုတာကော ဘယ်လိုထင်လဲဗျ။ ဝေဖန်ပေးပါအုံး။
ဗေဒင်အမြင်ပေါ့ဗျာ။

Upasaka said...

ကောင်းတယ်ဗျာ ဆက်ရေးပါ ကျနော် လည်းနာမယ်တွေကို မရမ်းကြောက်တယ် ဒီနောက်မှာ ပါလာတဲ့ အသံလှိုသ်းရိုကမှုတွေကိုပါ ဆက်ရေးပေးပါနော်

ပန်းခရမ်းပြာ said...

ပီမိုးနင်း ဆိုတာ အင်္ဂလိပ်နာမည် ထင်နေတာ။ ခုတော့ ဗမာနာမည် ဆိုတာ သိသွားပြီ။
ပန်းခရမ်းပြာ ဆိုတဲ့ နာမည်နဲ့ ဘလော့ရေးရင် အောင်မြင်နှိုင်မှာလား။ ကြည့်ပေးပါဦး

အလင်းစေတမန် said...

ဥာဏ်ကောင်းတယ်ဆိုတော့ ကျွန်တော်သူငယ်ချင်းကိုတောင် သတိရမိတယ် ဇတ်လမ်းလေး ကောင်းတယ်

Younggun said...

ကိုစေတမန်ရေ အဲဒါ ဇာတ်လမ်းမဟုတ်ပါဘူး။ ဖြစ်ရပ်မှန်လေးပါ။ နောက်ထပ်အဲလို ဥပမာပြနိုင်တဲ့ ဖြစ်ရပ်တွေ ရှိပါသေးတယ်။ အားပေးမှုကို ကျေးဇူးတင်ပါတယ်။

OWAY AUNG said...

dear ko young gun,ကျွန်တော့် ကလောင် နာမည် အိုးဝေအောင် ဆိုတာကော ဘယ်လိုထင်လဲဗျ။ ဝေဖန်ပေးပါအုံး။

Kyaw Naing Soe said...

ဟဲဟဲ... ကျွန်တော်လဲ မေးလိုက်အုံးမယ်.. ကျွန်တော် ဘလော့ ရေးကတည်းက နာမည်ကို ကျားလေး လို့ပေးထားတာ . အဲဒီ နာမည်လေးက ဘယ်လို အကြိုး သက်ရောက်မှုတွေ ရှိနိုင်လဲဆိုတာ ပြောပေး ပါအုံးဗျာ..

နှစ်သစ် said...

ဆရာကြီးဦးထွန်းမြတ်ဆီမှာဗေဒင်မေးချင်လိုက်တာ....
:-P