Tuesday, October 28, 2008

မဟာဘုတ်က ပြောတဲ့ အိမ်ထောင်ဖက်


အထက်တန်းနေ့ဖွားတွေဖြစ်တဲ့ အထွန်း၊ သိုက်၊ ရာဇနေ့သားသမီးတွေနဲ့ ရွှေဂဟေဆက်မိရင်တော့ အကြမ်းဖျဉ်းအားဖြင့် ကံကောင်းမယ်လို့ ယူဆကြပါတယ်။ ကျန်းမာ၊ ထီပေါက်၊ ချမ်းသာရောက်ပေါ့လေ။

ဝါလကင်းလွတ်သီတင်းကျွတ်လာပြီဆိုတာနဲ့ ဗေဒင်မတောက်တခေါက်လေးသာ တတ်တဲ့ ကျွန်တော့်ဆီ အိမ်ထောင်ပြုမယ်၊ လက်ထပ်မယ့် နေ့ကောင်းရက်သာရွေးပေး၊ ဒီနှစ်အိမ်ထောင်ကျမလား၊ ကျရင်ရော ကောင်းမလား၊ ( ဘာကောင်းမှန်းမသိ ) ၊ သူနဲ့ယူရင်ရော အဆင်ပြေပါ့မလား ( မပြေရင်ရော မယူဘဲနေပါ့မလား ) ၊ စတဲ့ ပူညောင်ပူညောင် မေးခွန်းတွေ တစ်ပြုံကြီး ရှောက်ရှိလာလေ့ရှိပါတယ်။ ကိုယ့်ဖာသာချစ်ရင် ယူပေါ့ ပြုပေါ့၊ ဘယ်နှယ်ဗေဒင်ဆရာဆွဲထည့်နေကြလဲ မသိဘူး။ ဗေဒင်က မတည့်ဘူး မယူနဲ့ဆိုလို့ရော မယူဘဲနေမလား၊ ဝေးသေး။။။။။ သူတို့မေးမြန်း တိုင်ပင်ပုံက ဗေဒင်မေးတာထက် ဓားခုတ်ရာ လက်ဝင်လျှိုခိုင်းသလိုဖြစ်နေတယ်။ ယူပြီးလို့ အဆင်ပြေရင်တော့ ကောင်းသား၊ အဆင်မပြေ၊ ဖိုက်တင်တွေ ပလေးပြီဟေ့ဆိုရင်တော့ ဗေဒင်ဆရာကိုပါ မျက်စောင်းတခဲခဲနဲ့ ဒင်းလည်း ပါတယ်။ ဒင်းကြောင့်င့်င့်...။။။ ဆိုပြီး ရန်တွေ့ချင်လာတာပါပဲ။ ကျွန်တော့် ကိုယ်တွေ့တော့ မကြုံသေးပါဘူး၊ ရှေးရှေးက နောင်တော်၊ ဦးရီးတော် အရွယ် ဆရာ့ဆရာတွေ ကြုံခဲ့ရပုံပြောပါတယ်။ ဒါပေမယ့် ဗေဒင်ပိုးကလည်းကြီးသမို့ သိသမျှ လေ့လာဖူးသမျှထဲကနေ တွက်ချက်လို့ လွယ်ကူမယ်ထင်တဲ့ မြန်မာ့မဟာဘုတ်ပညာက ညွှန်ပြတဲ့ အိမ်ထောင်ဖက်ရွေးချယ်ပုံလေးကို ရှဲလိုက်ပါတယ်။ မဟာဘုတ်တိုင်လည်း ထူတတ်မယ်ထင်ပါတယ်။ မထူတတ်ရင် ဆရာတေးအေးရိပ်ဆီသာ သွားကြည့်ပေရော့။။။

ပုတိနေနံ ကို ယူမိရင် အဟိတ်တိရိစ္ဆာန်နဲ့တူတဲ့ အိမ်ထောင်ရေးမျိုးတဲ့။ ညှိနှိုင်းမရ၊ တိုင်ပင်မရတဲ့အိမ်ထောင်ဖက်မျိုး၊ တချို့သော ဆရာတွေရဲ့ အယူအဆအရ ပုတိနေ့နံသမားတွေယူမိရင် အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ နောက်မီးလင်းတာတွေ၊ ကမြင်းကြောထတာတွေနဲ့ ကြုံရပြီး ဒူးနဲ့မျက်ရည်သုတ်ရတတ်တယ်တဲ့။

ဘင်္ဂနေ့နံသမား ကို ယူမိရင်တော့ ငရဲနဲ့တူတဲ့ အိမ်ထောင်ရေးမျိုးဆိုပဲ။ အခုရန်ဖြစ်၊ အခုပြန်ချစ်နဲ့ နေ့စဉ်နီးပါး နောင်ဂျိန်ပလေးနေကြရမယ့် အိမ်ထောင်ရေးမျိုးလို့ ဆိုပါတယ်။ ဖိုက်တင်မပလေးဘဲနဲ့ အေးဆေးငြိမ်နေရင်တော့ အတွင်းကြိတ်ဖောက်ပြန်နေတတ်တယ် ဆိုပဲ။ တစ်ခု မှတ်သားစရာ ကောင်းတာက ဘင်္ဂနေ့နံသမားနဲ့ယူဖြစ်ရင် စီးပွားဖြစ်သလောက် ရန်ဖြစ်မယ်၊ ရန်ဖြစ်သလောက်လည်း စီးပွားဖြစ်တတ်တယ်လို့ ဆိုပါတယ်။

မရဏနေ့နံသမား ယူမိရင်တော့ သူခိုးဓားပြနဲ့တူတဲ့ အိမ်ထောင်ဖက်မျိုးလို့ မှတ်ယူနိုင်ပါတယ်။ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဒိုင်းနမိုက်လိုပါပဲ။ စည်းကမ်းကြပ်မတ်ရင် ပြဿနာ တက်နိုင်ပြီး သူ့ဟာနဲ့သူ လွှတ်ပေးထားမှ အဆင်ပြေနိုင်ပါတယ်။ တချို့သော ဆရာတွေကတော့ မရဏနေ့နံယူမိရင် တစ်ယောက်မဟုတ်၊ တစ်ယောက် မကျန်းမမာဖြစ်တတ်တယ်လို့ ဆိုပါတယ်။

အဓိပတိနေ့သမား ယူမိရင်တော့ ဆင်းရဲသားနဲ့တူတဲ့အိမ်ထောင်မျိုးလို့ ဆိုပါတယ်။ ပူပင်ရမယ်။ ဆရာကြီးအလုပ်ခံရမယ်။ သြဇာပေးခံရမယ်ပေါ့။ စီးပွားဖြစ်နိုင်ပေမယ့် စိတ်ဆင်းရဲရမယ့် ပူလောင်နေရမယ့် အိမ်ထောင်ရေးဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။

အထက်တန်းနေ့ဖွားတွေဖြစ်တဲ့ အထွန်း၊ သိုက်၊ ရာဇ နေ့သားသမီးတွေနဲ့ ရွှေဂဟေဆက်မိရင်တော့ အကြမ်းဖျဉ်းအားဖြင့် ကံကောင်းမယ်လို့ ယူဆကြပါတယ်။ ကျန်းမာ၊ ထီပေါက်၊ ချမ်းသာရောက်ပေါ့လေ။ ဒါပေမယ့် အဆင့်မြင့် မဟာဘုတ် အမြင်မှာတော့ အဲလိုမျိုးမရှိပါဘူး။ ဒါကတော့ ကျွမ်းကျင်တဲ့ ဆရာ့ဆရာ တွေကသာ ရှင်းပြနိုင်မှာပါ။

ကျွန်တော်လေ့လာဖူးသလောက်ဆိုရင် မဟာဘုတ်က အထက်တန်း၊ အောက်တန်းဖွားတွေ ရွေးချယ်ယူတာအပြင်၊ နာမည်ချင်း ပက္ခတ်ကြိုးငြိတာ၊ အင်္ဂဝိဇ္ဇာတိုင်ချင်း သဟဇာတဖြစ်တာ၊ မဟာဘုတ်ချင်းယှဉ်ကြည့်တာ၊ စတဲ့ အသေးစိတ်တွေကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာ့ရိုးရာ မဟာဘုတ်ပညာနဲ့ အိမ်ထောင်ဖက်၊ ရင်ခုန်ဖက်၊ ချစ်သူရွေးချယ်တာဟာ အခုခေတ်စားနေတဲ့ ရာသီဖွားချင်း တိုက်ဆိုင်တာထက်တော့ ပိုမိုတိကျပြီး မြန်မာဆန်မှာဖြစ်ပါတယ်။ ဒါဟာ မြန်မာ့ရိုးရာစနစ်နဲ့ သုံးသပ်ကြည့်တာသာ ဖြစ်ပါတယ်။ နက္ခတ်ဗေဒင် နည်းစနစ်အရ ဇာတာချင်းတိုက်ဆိုင်စစ်ဆေးတာမျိုးကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ ဒီလို ဇာတာချင်း စစ်ဆေးတာအပြင် လက်ထပ် မင်္ဂလာပြုမယ့်အချိန် စင်ကြယ် သန့်ရှင်းတာ၊ ညီညွှတ်တာ ကလည်း အထူးအရေးပါပါတယ်။

ဘာပဲဖြစ်ဖြစ်၊ ဗေဒင်နည်းစနစ်နဲ့ဘယ်လောက်ပဲ ရွေးချယ်ပါစေ၊ ရာစုသစ်မှာ အထူး ခေတ်စားလာတဲ့ ပေသီးခေါက်၊ စီးပွားတွက်တွက်ပြီးပဲ ရွေးချယ်ပါစေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ကြင်နာမှု ခေါင်းပါးနေရင်တော့ အဲဒီအိမ်ထောင်ရေးက သာယာမှာ မဟုတ်ဘူးဆိုတဲ့ လူသိများသလောက် လူတွေမေ့နေလောက်တဲ့ အချက်လေုးကို ညွှန်လိုက်ပါရစေဗျား။

12 comments:

Anonymous said...

ဆရာရေ ကျနော်ဘာဖွားတုန်းဗျ
တြော့ကြာပြီ ဆရာတယောက်ပြောတာတော့
ဖင်ကဖွား.... အဲလေ...မှားလို့ ဘင်္ဂဖွားလို့ဟောဖူးတယ် ဟုတ်လားဟင်

myatnoe said...

ဘာပဲဖြစ်ဖြစ်၊ ဗေဒင်နည်းစနစ်နဲ့ဘယ်လောက်ပဲ ရွေးချယ်ပါစေ၊ ရာစုသစ်မှာ အထူး ခေတ်စားလာတဲ့ ပေသီးခေါက်၊ စီးပွားတွက်တွက်ပြီးပဲ ရွေးချယ်ပါစေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ကြင်နာမှု ခေါင်းပါးနေရင်တော့ အဲဒီအိမ်ထောင်ရေးက သာယာမှာ မဟုတ်ဘူး

right!

- said...

မင်္ဂလာပါ
အကျိုးထူးပို့စ်လေးယူသွားတယ်။ သွားမေးကြည့်ပြီး တိုက်ကြည့်မလို့... ကျေးဇူးပါ
http://winzaw-mdy.blogspot.com

Upasaka said...

ကောင်းတယ်ဗျာ များများရေ ကျနော်တို့ဗမာတွေကိုယ်တိုင်မသိသေးတဲ့ အရမ်းထက်တဲ့ဗမာ့ ပညာရပ်တွေရှိနေသေးတာကိုတော့ သိရုံလေးသိနေပါတယ် လေးစာလျှက်။

ပန်းခရမ်းပြာ said...

ဆရာရန်းဂန်းရဲ့ ကိုယ်တွေ့ ရွေးချယ်ထားတာလေးလဲ ထည့်ရေးဦးမှပေါ့...

younggun said...

ဟုတ်ကဲ့ လာပါမယ် ကိုယ်တွေ့အသည်းကွဲရတာက အစ၊ သူများ အကွဲအပြဲ၊ အာဝါဟ ၀ိဝါဟ အဆုံး စာတွေ့မဟုတ်တဲ့ ငါတွေ့လေးများကို ကြုံသလို ရေးပါဦးမယ်။

Heartmuseum said...

ရေးအုံးမယ်ဆို.... ဖတ်အုံးမယ်ဗျ....:P

ခွန်း said...

ဆရာ ရန်းဂန်း ရေ။ ကျနော်က ရာဇ ဘွားဆိုတော့ ကျနော်ကို ယူတဲ့သူ ကံကောင်းမယ်ပေါ့။ ( ဒီနေရာမှာ မသိမသာလေး ကြေငြာ လာထည့်တဲ့ သဘော :D )။ ဒါပေမယ့် အဲလိုသာဆို အဲဒီ အဖွားသုံးခုက လွဲပြီး ကျန်တဲ့ အဖွားတွေ မယူကြတော့ရင် ခက်ကုန်မယ်။

Dr.Tin Bo Bo said...

ကိုရန်းဂန်းရေ
ခရီးထွကနေလို့ ပို့စ်တွေ အသစ် မတင်နိုင်ဘူးဖြစ်သွား တယ်။ ပြန်ရောက်တော့လည်း အလုပ်အကြွေးတွေက တောင်ပုံရာပုံ။ ဒါပေမယ့် လူတွေစိတ်ဝင်စားနေတဲ့ အမေရိကန် ရွေးကောက်ပွဲလေးဘဲ ထပ်တင်ပေးလိုက် တယ်။ ဇာတာစနစ်နဲ့ သုံးသပ်ကြည့်တာပါ။ ဖတ်ကြည့် ပါဦး။ လိုတာ မှားတာရှိရင်လည်း ကွန်မင့်ပေးခဲ့ပါဗျာ။
ကျေးဇူးအထူးတင်လျှက် ...

Apprenticeship said...

ငါတော့ ပေသီးလဲမခေါက်ဘူး ဗေဒင်ဆရာလဲ မျက်စောင်းမထိုးဘူး နှလုံးသားခြင်းနားလည်တဲ့လူပဲယူမှာ :P

Anonymous said...

ဝကြွင်းလေ အင်္ဂါကမရဏမို့လို့မိုင်းနပ် စနေကလည်းတစ်စက်မှမတည့် တနင်္ဂနွေကတော့နောက်မီးလင်းမယ်တဲ့ (၅)တေးကျတော့လဲ ဆရာတင်ဗိုလ်ဗိုလ်က ပက္ခတ်မိကြီးတဲ့ (၄)ဟူးဆိုတော့လည်း ဆရာလုပ်ခံရလို့စိတ်ဆင်းရဲမယ်တဲ့ သောကြာကျတော့လဲတနင်္လာနဲ့က သောကဆိုပဲ (၂)လာနဲ့ ရာဟုပဲရှိတော့တယ် အဲဒီ၂နေ့ကလဲလာမကြိုက်ကြဘူး အသိလေးဘာလေးရှိရင်မိတ်ဆက်ပေးကြပါ ခေါင်းဖြူနေပြီဒုက္ခပါပဲ

Anonymous said...

အိမ်ထောင်ဖက် နှင့် ပက်သက်ပြီးပြော ရရင်တော့.... (မျှတ) စိတ်ရှိဖို့ လိုအပ်ဆုံးလို့ထင်ပါတယ်.... ကျွန်တော်အမြင်လေးတစ်ခုပါ...........