Tuesday, November 11, 2008

ကြယ်တွေစုံတဲ့ည


ထူးခြားတာကတော့ နက္ခတ်စုံတယ်ဆိုတဲ့ ဒီရာသီဟာ ကင်းမြီးကောက်လို့ လူသိများတဲ့ ဗြိစ္ဆာရာသီခွင်ကာလဖြစ်ပါတယ်။ ဒီရာသီဟာ လျှို့ဝှက်နက်ရှိုင်းတဲ့ အတတ်ပညာတွေ၊ သဲကြီးမဲကြီး လက်စားချေတာတွေ၊ ခံစားချက်ပြင်းထန်တာတွေ စုစည်းထားတဲ့ ရာသီအိမ်တစ်ခု ဖြစ်ပါတယ်။

ကြယ်တာရာ နက္ခတ်တွေစုံလင်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ကြီးကို မကြာခင်ဖြတ်သန်းရပါတော့မယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ လပြည့်ည ၁၂ နာရီတိတိမှာ မဲဇလီဖူးသုပ်စားရင် ဘာဘာညာညာ သိဒ္ဓိတွေ ရမယ်၊ ကျန်းမာမယ်၊ ချမ်းသာမယ်၊ လန်းဖြာမယ် ဆိုပြီး မဲဇလီကိုင်းတွေပေါ် ခွထိုင်ရင်း ည ၁၂ နာရီတိတိကို စောင့်ခဲ့တဲ့ ကလေးဘ၀ကို ပြန်သတိရစေပါတယ်။ တစ်ချို့ကတော့ မဲဇလီရွက်တွေကြိုခူးသုပ်ထားပြီး ၁၂ နာရီတိတိကျမှ ၀ါးတီးဖွင့်ကြတဲ့ အယူအဆလည်း ရှိပါသေးတယ်။ တကယ်တော့ နက္ခတ်စုံတယ်သာဆိုတယ် ကောင်းကင်ကြီး မော့ကြည့်လိုက်ရင် တောက်ပလွန်းတဲ့ လရောင်နဲ့ ဘာနက္ခတ် ဘာကြယ်မှ သေချာမမြင်ရတာ အမှန်ပါပဲ။ ကိုယ်တိုင်လည်း ၀ါးတားတားပါပဲ။

လေ့လာဖူးသမျှ နက္ခတ်အတတ်ပညာမှာတော့ တန်ဆောင်မုန်းလပြည့်နေ့ဟာ ကြတ္တိကာနက္ခတ်နဲ့ စန်းယှဉ်ပါတယ်တဲ့။ အဲဒီ နက္ခတ်ကို မြန်မာလူမျိုးတွေက ဖျောက်ဆိတ်ကြယ် လို့လဲ မှတ်သားထားကြပါတယ်။ ဖျောက်ဆိပ်ကြယ်ဆိုတာက နာမည်ကျော် ခုနှစ်စဉ်ကြယ်နဲ့ ရုပ်ချင်းဆင်တူပါတယ်။ မှုန်မှုန်မွှားမွား ကြယ်စုကွေးကွေးလေးပါပဲ။ ပုံပြင်တွေအရ အဲဒီဖျောက်ဆိပ်ကြယ်ဟာ ခုနှစ်စဉ်ကြယ်က ရသေ့ခြောက်ပါးရဲ့ ဇနီးများဖြစ်ပြီး လင်သားတွေအပေါ်မှာ သစ္စာမရှိကြလို့ ပုံစံချင်းဆင်တဲ့ ဖျောက်ဆိပ်ကြယ်အဖြစ် ခွဲခွာနေထိုင်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ အဲဒီဇနီးတွေ ဆိုတာကလည်း ဒက္ခ ဆိုတဲ့ နတ်မင်းကြီးရဲ့ သမီးတော်တစ်ဦးသာ ဖြစ်ပြီး ခြောက်ကိုယ်ခွဲထားခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထူးခြားတာကတော့ နက္ခတ်စုံတယ်ဆိုတဲ့ ဒီရာသီဟာ ကင်းမြီးကောက်လို့ လူသိများတဲ့ ဗြိစ္ဆာရာသီခွင်ကာလဖြစ်ပါတယ်။ ဒီရာသီဟာ လျှို့ဝှက်နက်ရှိုင်းတဲ့ အတတ်ပညာတွေ၊ သဲကြီးမဲကြီး လက်စားချေတာတွေ၊ ခံစားချက်ပြင်းထန်တာတွေ စုစည်းထားတဲ့ ရာသီအိမ်တစ်ခု ဖြစ်ပါတယ်။ ဒီလိုရာသီခွင်မျိုးနဲ့ ဒီလို နက္ခတ်စုံတဲ့ညနဲ့ ဆက်စပ်မှုကတော့ စဉ်းစားတွေးခေါ်စရာပါပဲ။ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသားဘ၀တုန်းက ကောင်းကင်ကြီးမော့ကြည့်ရင်း ဟိုကြယ်က ဘယ်လို၊ ဒီကြယ်က ဘယ်နားက ဆိုပြီး မော့တော့မော့တော့နဲ့ ငေးလွန်းလို့ သူငယ်ချင်းတွေက ငကြောင်၊ လူကြီးတွေက ကြယ်ရူးဆိုပြီး ၀ိုင်းအားပေးခံခဲ့ရဖူးပါရဲ့။ အရွယ်ကလေး ရောက်လာပြန်တော့လည်း ဘာသာရေးသမားဆိုတဲ့ သူငယ်ချင်းတွေ၊ လူကြီးတွေက အလကား နိဗ္ဗာန်မဂ်ဖိုလ်နဲ့ ဖီလာဆန့်ကျင်နေတဲ့ပညာတွေဆိုပြီး ၀ိုင်းတွယ်ကြပါသေးတယ်။ ကိုယ်ကတော့ ပြုံးဖြီးဖြီးကြီးနဲ့ ပြန်ပြောလိုက်ပါတယ်။ နိဗ္ဗာန်မဂ်ဖိုလ်ကို ဦးဦးဖျားဖျား မျက်မှောက်ပြုသိမြင်သူ ပဉ္စဝဂ္ဂီငါးဦးမှာ ဗေဒင်ဆရာ ပုဏ္ဍားလည်း ပါတယ်လို့။ ဟုတ်တယ်ဟုတ်။

နက္ခတ်ပညာကို လောကရဲ့တုနှိုင်းမဲ့ ဗုဒ္ဓက တောမှာပျော်မွေ့တဲ့ ရဟန်းတော်တွေအတွက် ဘယ်လို မိန့်ကြားသွန်သင် သွားလဲဆိုတာလေးကိုပါ ထည့်သွင်းဖော်ပြလိုက်ပါတယ်။

ဘိက္ခဝေ၊ ရဟန်းတို့၊ အာရညကေန လူသူမနီးသော တော၌ မွေ့လျော်ကာနေသော၊ ဘိက္ခုနာ၊ ရဟန်းသည်၊ သကလာနိ၊ အလုံးစုံသော၊နက္ခတ္တပဒါနိဝါ၊ နက္ခတ်တို့ကိုလည်းကောင်း၊ ဧကဒေသာနိ၊ တစ်စိတ်တစ်ဒေသဖြစ်သော၊ နက္ခတ္တပဒါနိဝါ၊နက္ခတ်တို့ကို လည်းကောင်း၊ ဥဂ္ဂဟေတဗ္ဗာနိ၊ သင်ကြားအပ်ကုန်၏။ ဒိသာကုသလေန၊ အရပ်မျက်နှာတို့၌ လိမ္မာသည်၊ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏

ဝိနယပိဋက၊ စူဠဝါပါဠိတော်၊ ဝတ္တက္ခန္ဓက၊ အာရည်ကဝဂ္ဂ၊ စာမျက်နှာ၊ ( ၃၈၆ )။


9 comments:

myatnoe said...

ကြယ်တွေစုံတဲ့ညက ရန်ကုန်မြို့က သိပ်မကြည်လင်ဘူးဟ

အဲဒီအချိန်ခရီးသွားတုန်းက ကောင်းကင်ကြီးကို မော့ကြည့်တာ ကောင်းကင်မှာတကယ်ပဲ တိမ်တွေ ကင်းပီး ကြယ်တွေစုံမှစုံပဲ..။ တကယ်ပါ။

ဒါနဲ့ စကားမစပ် မြန်မာပြည်က နက္ခတ်တာယာပြခန်းရော ရောက်ဖူးလား။ အဲဒီမှာကြည့်ခဲ့ရတာ ခေါင်းမူးခဲ့ဖူးတာ မှတ်မိသေးတယ်။
ဒီမှာလဲ တခေါက် ဘာရယ်မဟုတ် ပြခန်းသွားကြည့်ဖြစ်ခဲ့သေးတယ်။ ဒီမှာကြည့်ရတာ ပိုကောင်းတယ် ဓာတ်ပုံက ရိုက်ခွင့်မကြုံလို့မရိုက်ခဲ့ရဘူး။

တက်လူငယ် said...

တယ်ကောင်းတဲ့ အတွေးနဲ့ အရေးလေးတွေပါလားဗျာ။ နှိုင်းယှဉ်ပြချက်တွေကတော့ အချက်အချာကျပါပေတယ်။

လူကြီးတွေက အလကား နိဗ္ဗာန်မဂ်ဖိုလ်နဲ့ ဖီလာဆန့်ကျင်နေတဲ့ပညာတွေဆိုပြီး ၀ိုင်းတွယ်ကြပါသေးတယ်။ ကိုယ်ကတော့ ပြုံးဖြီးဖြီးကြီးနဲ့ ပြန်ပြောလိုက်ပါတယ်။ နိဗ္ဗာန်မဂ်ဖိုလ်ကို ဦးဦးဖျားဖျား မျက်မှောက်ပြုသိမြင်သူ ပဉ္စဝဂ္ဂီငါးဦးမှာ ဗေဒင်ဆရာ ပုဏ္ဍားလည်း ပါတယ်လို့။ ဟုတ်တယ်ဟုတ်။

မှန်တယ်ဗျာ။ လေးစားမိပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

သိပ်ကောင်းတဲ့ ပို့စ်လေးဘဲဟေ့ ညီလေးရေ
အားပေးတယ်။

Dr.Tin Bo Bo said...

ကိုရန်းဂန်းရေ
စာဖတ်တဲ့သူတွေ ပိုအဆင်ပြေအောင်လို့ Read More ... (အပြည့်အစုံသို့..)ဆိုတာမျိုးကို ဘယ်လို ထည့်ရ သလဲ ဆိုတာ နည်းလမ်းလေးညွှန်ပြ ပေးပါလား။ ပြည့်ပြည့်စုံစုံ အီးမေးလ်နဲ့ဆိုရင် ပိုကောင်း တာပေါ့။ ဗေဒင်ပညာမှာတော့ အထက်တန်း အောင်ပြီလို့ ယူဆထားပေ မယ့် Web Knowledge မှာတော့ သူငယ် တန်းဘဲ ရှိသေးတယ်။ မသိတာရှိရင် မေးမြန်းခွင့်ပြုပြီး လမ်းညွှန်ပေးစေလိုပါတယ်။
အီးမေးက kobobo11@gmail.com ပါ။

ကျေးဇူးတင်စွာဖြင့်

Upasaka said...

နက္ခတ်ပညာကို လောကရဲ့တုနှိုင်းမဲ့ ဗုဒ္ဓက တောမှာပျော်မွေ့တဲ့ ရဟန်းတော်တွေအတွက် ဘယ်လို မိန့်ကြားသွန်သင် သွားလဲဆိုတာလေးကိုပါ ထည့်သွင်းဖော်ပြလိုက်ပါတယ်။

ဘိက္ခဝေ၊ ရဟန်းတို့၊ အာရညကေန လူသူမနီးသော တော၌ မွေ့လျော်ကာနေသော၊ ဘိက္ခုနာ၊ ရဟန်းသည်၊ သကလာနိ၊ အလုံးစုံသော၊နက္ခတ္တပဒါနိဝါ၊ နက္ခတ်တို့ကိုလည်းကောင်း၊ ဧကဒေသာနိ၊ တစ်စိတ်တစ်ဒေသဖြစ်သော၊ နက္ခတ္တပဒါနိဝါ၊နက္ခတ်တို့ကို လည်းကောင်း၊ ဥဂ္ဂဟေတဗ္ဗာနိ၊ သင်ကြားအပ်ကုန်၏။ ဒိသာကုသလေန၊ အရပ်မျက်နှာတို့၌ လိမ္မာသည်၊ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏

ဝိနယပိဋက၊ စူဠဝါပါဠိတော်၊ ဝတ္တက္ခန္ဓက၊ အာရည်ကဝဂ္ဂ၊ စာမျက်နှာ၊ ( ၃၈၆ )။

ကိုရန်းဂန် ကျေးဇူးပါဗျာ ကျနော်လည်း ဒီစာပိုဒ်လေးကိုဗေဒင်မသင်ခင် ကျနော့်ဆရာကပြောပြီးမှ ဗေဒင်ပညာကို သင်ခဲ့ရတာပါ လူတွေကတမျိုးပြောနေကြလို့
ဗေဒင် သင်ရင်အခုပဲသာသနာတော်ကိုဖျက်ဆီး
နေသလိုပြောလို့ပျနော် နဲ့အမြဲရှင်းပြရတယ်
တကယ်တော့ ကိုရမ်းရန်ရေ ကျနော် တို့ဗမာ့ပညာဟာ အရမ်းနက်တယ်ဆိုတာကိုရန်းဂန်တို့ကပိုသိမှာလေ။
လေးစားလျက် ဥပသကာ

ရွှန်းမီ said...

:-) နိဗ္ဗာန်မဂ်ဖိုလ်ကို ဦးဦးဖျားဖျား မျက်မှောက်ပြုသိမြင်သူ ပဉ္စဝဂ္ဂီငါးဦးမှာ ဗေဒင်ဆရာ ပုဏ္ဍားလည်း ပါတယ်။
ရှေးက ခရီးသွားရင် နက္ခတ်တွေကိုပဲ ကြည့်သွားကြရတာပဲ။

Yegyi said...

နိဗ္ဗာန်မဂ်ဖိုလ်ကို ဦးဦးဖျားဖျား မျက်မှောက်ပြုသိမြင်သူ ပဉ္စဝဂ္ဂီငါးဦးမှာ ဗေဒင်ဆရာ ပုဏ္ဍားလည်း ပါတယ် ဆိုတာဟုတ်ပါတယ် ၀ါသနာပါတာလုပ်တာကို အနော်တို.က မဝေဖန်ပါဗျာ။

HAPPYCLOUD said...

ဗဟုသုတတွေ... မသွားတယ်ဗျာ... ကိုရမ်းသမ်း... အဲ...ဟုတ်ပေါင်...ကိုရမ်းဂမ်း...
လေးစားမိပါရဲ့ဗျာ...
(ဖိုးမောင်)

ပန်းခရမ်းပြာ said...

ဖျောက်ဆိပ်ကြယ် အကြောင်း သိရတာ ကျေးဇူးပဲ။