Monday, November 24, 2008

အင်း၊ စမသို့ တကျော့ပြန်



စမရုပ်တွေမှာတော့ နာမည်ကျော် စဓဗ၀စမလေးလုံး၊ ကကြီး၊ဃကြီး၊ဏကြီး၊ဠကြီးဆိုတဲ့ ကြီးလေးကြီး စမ၊ ၀စကြာစမ၊ ကပျက်ယပျက်စမ၊ စမလိပ်ပြာ၊ ရှင်ဥပဂုတ်တ စမ၊ သူရသာတီစမ၊ ပထမံရုပ်စမတွေ အားလုံးပဲ အစုံအလင် ပြန်တွေ့ရပါတယ်။

ဒီနေ့ အိမ်ကပို့ပေးလိုက်တဲ့ ပါဆယ်အိတ်တစ်လုံး ရောက်လာတယ်။ အိတ်လေးကို ဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာက အထက်တန်းကျောင်းသားဘ၀ လက်ရေးနဲ့ ရေးမှတ်သိမ်းဆည်းထားတဲ့ မှတ်စု စာအုပ်လေးတွေ၊ တချို့ဆို စာရွက်အသားတွေက ၀ါထိန်ကြွတ်ဆတ်လို့။ မှင်ရည်တွေလည်း ကျဲတဲ့ဟာကျဲ၊ အရောင်မှိန်တဲ့ဟာ မှိန် ဖြစ်ကုန်တယ်။ တခြားတော့ မဟုတ်ပါဘူး။ ကိုးတန်း၊ ဆယ်တန်း ကျောင်းသားဘ၀တုန်းက လစဉ်ထုတ် နက္ခတ္တရောင်ခြည်၊ ဝေဒ၊ ရောင်ပြန်၊ ဂမ္ဘီရ မဂ္ဂဇင်းတွေ မလွတ်တမ်းဖတ်ပြီး ကြိုက်တဲ့ဟာလေးတွေ၊ တချိန်ချိန် အသုံးတည့်မယ်ထင်တဲ့ အင်း၊ စမတွေအကြောင်း ရေးမှတ်ထားတဲ့ မှတ်တမ်းမှတ်ရာတွေပါ။ အဲဒီတုန်းက ဆယ်ကျော်သက်လေးဆိုတော့ အဓိက မှတ်ထားတာတွေက ပီယအစီအရင်တွေ၊ ပီယနဲ့ ပက်သက်တဲ့ အဆောင်ယောင်တွေ၊ နည်းစနစ်တွေ များနေပါတယ်။ ဒါပေမယ့် ကိုယ်က သူများကို ကိုယ်တတ်တာလေးနဲ့ ကူညီချင်တဲ့ ဥာဉ်လေးက ပါလာတော့ အခက်အခဲကြုံရင် စီရင်ပေးလို့ရမယ့် လာဘ်လာဘရွှင်စေတဲ့ အဆောင်တွေ၊ အကျပ်အတည်း လွတ်မြောက်အောင်မြင်စေတဲ့ အင်းတွေ၊ အတိုက်အခံအပြိုင်အဆိုင်မှာ အနိုင်ကြဲမယ့် စမရုပ် အစီအရင်တွေလည်း မမေ့မလျော့ မှတ်သားထားခဲ့ပါတယ်။ ကျောင်းသားဘ၀မှာ အဲဒီ စမရုပ်တွေနဲ့ လက်တွေ့စမ်းသပ်ခဲ့တာတွေလည်း မနည်းပါဘူး။ အဲဒီကနေ နောက်ပိုင်း နက္ခတ်ပညာဘက် လိုက်နေတော့ မဖတ်ဘဲ ပစ်ထားလိုက်တာ ဆယ်စုနှစ်နီးပါးကို ကြာခဲ့ပါကကော။

ကံကောင်းထောက်မချင်တော့ စာအုပ်က ငါးအုပ်လောက် အကောင်းပကတိနီးပါး ပြန်ဖတ်လို့ရနေပါသေးတယ်။ အဓိကကတော့ အင်းတွေ၊ စမရုပ်တွေနဲ့ သူတို့ကို ဘယ်လို ရေးဆွဲရမယ်၊ ဘယ်လို ဘယ်နေရာမှာ အသုံးချရမယ်လို့ မှတ်သားထားတာ များပါတယ်။ ထူးထူးဆန်းဆန်း ကွမ်းရွက်မှာရေးတဲ့ စမရုပ်နဲ့ ရှင်မဟာကသာပ ကိုယ်တော်မြတ် စမရုပ်အင်းတွေကတော့ မြင်ဆရာ စာအုပ်နဲ့တင် မကဘဲ သင်ဆရာတွေနဲ့ပါ သင်ယူမှတ်သားခဲ့ရတာတွေဖြစ်ပါတယ်။ အင်းပိုင်းမှာတော့ ဘုရားရှင်ရဲ့ သရဏဂုံအင်းခေါ် ခြင်္သေလက်အင်း၊ ဖြစ်တော်ပေါင်းအင်း၊ ကြီးလေးကြီးအင်း၊ သံရှစ်ချက်အင်း၊ ပုဏ္ဍကအင်း၊ ပေါရိသာဒအင်း၊ စမာန၀အင်း၊ အဌာရသအင်း စတဲ့ အင်းမျိုးစုံကို ပြန်တွေ့ရပါတယ်။ စမရုပ်တွေမှာတော့ နာမည်ကျော် စဓဗ၀စမလေးလုံး၊ ကကြီး၊ဃကြီး၊ဏကြီး၊ဠကြီးဆိုတဲ့ ကြီးလေးကြီး စမ၊ ၀စကြာစမ၊ ကပျက်ယပျက်စမ၊ စမလိပ်ပြာ၊ ရှင်ဥပဂုတ်တ စမ၊ သူရသာတီစမ၊ ပထမံရုပ်စမတွေ အားလုံးပဲ အစုံအလင် ပြန်တွေ့ရပါတယ်။ ထူးခြားတဲ့ စမတစ်ခုကတော့ ပဌာန်းနဂါးစမတော်ကြီးပဲ ဖြစ်ပါတယ်။ ပဌာန်း ၂၄ ပစ္စည်းကို နဂါးရုပ်နဲ့ မံထားတဲ့ အကာအကွယ်စမဖြစ်ပါတယ်။ နေကြတ်ချိန်၊ ကြယ်ကြွေချိန်မှာ တစ်ပြိုင်နက်ဆွဲယူရတဲ့ အရဟံစမတော်လည်း စာရွက်သား အကောင်းပကတိနဲ့ ပြန်တွေ့ရပြန်ပါတယ်။

ဒီအင်း၊ ဒီစမတွေကို အများဆုံး သုံးတဲ့ စနစ်တွေကတော့ မှိုင်းကိုင် စက္ကူခေါ်တဲ့ ရှမ်းစက္ကူပေါ်မှာ ချထားတဲ့ အင်းတွေကို ပျားဖယောင်းတိုင်ကြီးရဲ့ အတွင်းသားတွေမှာ လှိမ့်ကပ်၊ ပြန်ပြီး ဖယောင်းတိုင်ပုံ ပြန်ခေါက်ပြီး မီးထွန်းညှိ ပူဇော်ရတာ၊ ကျောက်သင်ပုန်းပေါ် အင်းချပြီး အင်းဆံ အလယ်ခေါင်မှာ မီးထွန်းရတာ၊ ကြေးပြားပေါ်အင်းချ မီးထွန်းရ၊ ရေစိမ်သောက်ရတာတွေ ဖြစ်ပါတယ်။ ထူးထူးခြားခြား အင်းပြားကိုဖောက်ပြီး လေမှာ လွင့်နေစေတဲ့ အစီအရင်မျိုးလည်း ပါပါတယ်။ ဒါကတော့ လတ်တလော ဖြစ်ပေါ်လာတဲ့ ပြသနာတွေ၊ ဖြစ်ချင်တဲ့ လိုအင်တွေအပေါ် သင့်တော်မယ့် စမအင်းတွေနဲ့ စီရင်ပေးရုံသက်သက်အတွက် သုံးတာပါ။ ဆရာတွေရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်မယ့် အဆင့်မြင့် အင်းတက်စဉ်၊ စမကျင့်စဉ်တွေမှတော့ အင်းစမရေးထားတဲ့ စက္ကူကိုမီးရှို့ပြာချပြီး ထုံနေအောင် သောက်ရတာ၊ ဒါမှမဟုတ် အမွှေးနံ့သာရေနဲ့ ဆွတ်ပြီး သောက်ရတာတွေ ပါပါတယ်။ ဒါ့အပြင် တစ်မူထူးခြားပြီး အင်းတစ်ကွက်ကိုပဲ အကြိမ်ကြိမ်ကစားရင်း ရေးလိုက် ဖျက်လိုက်နဲ့ အဆင့်တက်သွားတဲ့ ကျင့်စဉ်စခန်းတွေလည်း ပါရှိပါတယ်။

အင်းစမ မှတ်တမ်းတွေ ပြန်လှန်လှောရင်း နီတိတစ်ခုထဲက စာပိုဒ်လေးတစ်ပိုဒ်ကို သွားသတိရမိပါတယ်။ ဘာတဲ့။ ဦးချိုရှိသူက ဦးချိုကို အားကိုးမယ်။ အစွယ်ရှိသူက အစွယ်ကို အားကိုးမယ်။ အဆိပ်ရှိသူက အဆိပ်ကိုအားကိုးမယ်တဲ့။ ကိုယ်ရော ဘာအစွယ်၊ ဘာဦးချို၊ ဘာအဆိပ်ရှိမလဲ။ အရေးကြုံက၊ သက်လုံကောင်းစေ တဲ့။ တစ်ချိန်က အပြင်းအထန် လေ့လာခဲ့သလောက် အခုမေ့ချင်ယောင်ဆောင်ထားတဲ့ အင်းစမပညာတွေကိုလည်း ပြန်လည် အသက်သွင်း လှုပ်နှိုးဖို့ ကိုယ့်ကိုကိုယ် သံပတ်တင်းလိုက်မိပါတော့တယ်။

6 comments:

Heartmuseum said...

စမအင်းတွေကို ကြားသာကြားဖူးတာ တခါမှ ဒီလောက် စုံစုံလင်လင်နဲ့ နာမည်တွေ မကြားဖူးဘူးဗျ။ အခုမှပဲ ဖတ်ဖူး၊ ကြားဖူးတော့တယ်။ အတော်များတာပဲဗျ။ အံ့သြစရာပဲဗျာ။
ဗဟုသုတ အနေနဲ့ အသေအချာလေး ဖတ်သွားတယ်ဗျာ။ နားတော့ လုံးဝမလည်ဘူးဗျို့။ မအအောင်တော့ ဖတ်သွားတယ်။ ဟီးးးးးးးးးး

ပန်းခရမ်းပြာ said...

ဦးဂျိုလည်းမရှိ။
အစွယ်လည်း မရှိ။
အဆိပ်လည်း မရှိ။
ဒါပေမဲ့ ... ဟဲဟဲ.. ဘလော့ရှိတယ်လေ။
အားကိုး လို့ရနှိုင်မလား ....

ဇေယျာမောင် said...

အင်းကို ပြာချပြီးသောက်တယ်ဆိုတာ ကျမ်းမာရေးနဲ့ ညီညွတ်မှုမရှိဘူးလို့ ဆိုပါတယ် (ပြာမချပဲ အလုံးဖြစ်အောင် လုပ်ပြီးသောက်တာ ပိုကောင်းပါတယ်)။ အသက်ရှုလမ်းကြောင်း၊ အစာလမ်းကြောင်း အင်္ဂါအစိတ်အပိုင်းတွေမှာ ပြာစတွေ (ကာဘွန်ဒိုင်အောက်ဆိုဒ်) ကပ်ညိနေမှာဖြစ်ပြီး ကာလကြာတဲ့အခါ ကျမ်းမာရေးကို ထိခိုက်စေတယ်လို့ ဆရာ တစ်ဦးရေးတာ ဖတ်ခဲ့ဘူးပါတယ်။
သောက်မယ့်အင်းဟာ အစွမ်းသတ္တိရှိနေရင်တော့ သိဒ္ဓိဝင်လို့  ကျမ်းမာရေးမထိခိုက်နိုင်ဘူး ဆိုရင်တော့ တမျိုးပေါ့လေ။

YoungGun said...

ဆရာဇေရေ ကျနော်ကတော့ စမရုပ်တွေကို နံ့သာရေဆွတ်ပြီးတော့ပဲ သောက်ခဲ့ဖူးပါတယ် အင်းမ မဟုတ်ဘူးနော်။ စမရုပ်။ ပြာချသောက်တာတော့ ကျန်းမာရေးထိမှာစိုးလို့ တခါမှ မသောက်ဖူးပါဘူး။

Anonymous said...

အင်းစမတွေမှာ ကျနော်သိသလောက်တော့
စဓဘ၀ ဆိုတာ စားတတ်ရင်ဗိုက်ဝတယ်တဲ့ ပြောကြတာပဲ
ဟိဟိ စိတ်ဆိုးရဘူးနော် ကြားဖူးတာလေးညေပာပြတာပါ

ko m1 said...

ko yan

please write or contribute the IN and Sa ma that you have.

thanks in advance