Tuesday, November 18, 2008

မဟာဘုတ်တော် ရာဇ၀င်ကျမ်း တဲ့


သီပေါမင်း နန်းကျချိန်တွင် မြို့၏ အနောက်မြောက်ဘက်အရပ်မှ ကြောက်မက်ဖွယ် ပြင်းစွာသော အသံကြား၏ ရွှေမြို့တော်တွင် မီးအကြိမ်များစွာ လောင်၏။ မဟာမြတ်မုနိဘုရား မီးသင့်၏။ ၁၂၄၇ သီတင်းကျွတ် လပြည့်ကျော် ၆ ရက် တစ်ညလုံး ကြယ်တာရာများ ကြွေ၏။ မပြတ်စံတော်မူရာ တောင်နန်းဆောင်တွင် ညောင်ရေအိုးမှ သပြေပန်းများ ပြုတ်ကျ၏။ အရူးမိန်းမ ၀င်၏။ လွှတ်တော်သို့ ခွေးတက်၏။

ဒီရက်ပိုင်း ဗေဒင်ဟောခအဖြစ် လက်ဆောင်ပို့လိုက်တဲ့ စာအုပ်တစ်အုပ်ကို သဲသဲမဲမဲဖတ်ရှု လေ့လာနေမိပါတယ်။ စာအုပ်တန်ဖိုးကလည်း မြန်မာကျပ်ငွေနဲ့ဆို မသေးလှပါဘူး။ ငါးထောင်ကျပ်တိတိ ပေးရပါတယ်။ တကယ်တမ်းပြောရရင်တော့ ဒီငွေကြေးတန်ဖိုးထက်စာရင် စာအုပ်ထဲက အကြောင်းအရာတွေက ဗေဒင်ဝါသနာရှင် တစ်ယောက်အနေနဲ့ အင်မတန်မှကို အဖိုးတန်လွန်းလှပါတယ်။ စာအုပ်နာမည်က မဟာဘုတ်တော် ရာဇ၀င်ကျမ်း လို့ခေါ်တဲ့ ရှေးမြန်မာမင်း ၁၂၂ ပါးရဲ့ ကံကြမ္မာကျမ်း ဖြစ်ပါတယ်။ ရေးသူကတော့ ကျွန်တော့်ရဲ့သင်ဆရာလည်း ဖြစ်၊ မြင်ဆရာလည်းဖြစ်တဲ့ အဘဆရာကြီး မင်းသိင်္ခပါ။ ဒီကျမ်းဟာ ဆရာကြီးကို အိန္နိယနိုင်ငံကနေ ချီးမြှင့်တဲ့ နက္ခတ်ဗေဒင်ပါရဂူဘွဲ့နဲ့ အတူ ဒေါက်တာမင်းသိင်္ခ ဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ရရှိစေခဲ့တဲ့ ကျမ်းဖြစ်ပါတယ်။ ဘွဲ့သွားမယူခင် ဆရာကြီးကွယ်လွန်သွားခဲ့တဲ့အတွက် ဆရာကြီး ကိုယ်စား ဘယ်သူသွားယူမယ်ဆိုတာ အခုထိ မသိရသေးပါဘူး။

ဒီကျမ်းစာအုပ်မှာ ထူးခြားသလောက် ကျွန်တော်နှစ်ခြိုက်မိတဲ့ အရာကတော့ နိမိတ်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ကျန်တဲ့ မဟာဘုတ်တိုင်၊ သုံးတန်ပေါ်နိစ်တိုင်တွေကိုတော့ ဒီလောက် မကြည့်မိသေးပါဘူး။ အထူးသဖြင့် ဘုရင်တွေ နန်းကျခါနီး နိမိတ်တွေကတော့ အတော်လေးကိုပဲ ထူးခြားဆန်းကြယ်ပါတယ်။ ဒီ နိမိတ်ဖြစ်ရပ်တွေဟာ အခု လေ့လာနေတဲ့ နက္ခတ်ဗေဒင်ပိုင်းက ကောင်းကင်ဂြိုဟ် အသွားအလာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဖတ်ထားသလောက်ထဲက တစ်ချို့ကို ပြန်မျှဝေရမယ်ဆိုရင် လတ်တလောမှာ ကျွန်တော်တို့ လူငယ်တွေ သိရှိမှတ်မိနိုင်ဦးမယ့် နယ်ချဲ့ အင်္ဂလိပ်မတိုင်ခင်လေး ဖြစ်တဲ့ ကုန်းဘောင်ခေတ် ဘုရင်နှစ်ပါး နန်းကျခါနီး နိမိတ်ပြပုံတွေကို ပြန်ပြောပြချင်ပါတယ်။ ကျမ်းစာအုပ်မှာ ဒီလိုရေးထားပါတယ်။

  • မင်းတုန်းမင်းကြီး နန်းကျချိန်တွင် မြေနန်းတော် လက်ယာဘက်မှာ ပျားစွဲသည်။ တစ်လထဲတွင် မြို့တော်အတွင်း မီး ၂၂ ကြိမ်လောင်ခြင်း၊ ဗေါင်းတော်ဆောင်အမိုး၌ လင်းတ(လဒ)နား၏။
  • သီပေါမင်း နန်းကျချိန်တွင် မြို့၏ အနောက်မြောက်ဘက်အရပ်မှ ကြောက်မက်ဖွယ် ပြင်းစွာသော အသံကြား၏ ရွှေမြို့တော်တွင် မီးအကြိမ်များစွာ လောင်၏။ မဟာမြတ်မုနိဘုရား မီးသင့်၏။ ၁၂၄၇ သီတင်းကျွတ် လပြည့်ကျော် ၆ ရက် တစ်ညလုံး ကြယ်တာရာများ ကြွေ၏။ မပြတ်စံတော်မူရာ တောင်နန်းဆောင်တွင် ညောင်ရေအိုးမှ သပြေပန်းများ ပြုတ်ကျ၏။ အရူးမိန်းမ ၀င်၏။ လွှတ်တော်သို့ ခွေးတက်၏။

တစ်အုပ်လုံး အကြမ်းဖျဉ်းအရင် မြည်းစမ်းဖတ်ပြီးတဲ့အခါမှာတော့ ဘုရင်တွေနန်းကျခါနီးမှာ မြေပြင်နိမိတ်ထက် ကောင်းကင်နိမိတ်တွေက ပိုမိုထင်ရှားပြတတ်ကြောင်း တွေ့ရပါတယ်။ ဥပမာ ကိတ်ဆိုတဲ့ ကြယ်တံခွန်ထွက်ပေါ်လာတာ၊ သောကြာကြယ် လကို ထွင်းတာ၊ ဖျောက်ဆိပ်ကြယ် လကိုချဉ်းတာ၊ စနေ၊ အင်္ဂါဂြိုဟ်တွေ ခွပ်တာ၊ ( စစ်ထိုးတာ) ၊ ဂြိုဟ်တွေ နောက်ပြန် ဖောက်ပြန်သွားကုန်တာ၊ နေနဲ့လ တစ်လတည်းမှာ ကြတ်သွားတာ စသဖြင့် တွေ့ရှိရပါတယ်။ အဘ မင်းသိင်္ခက ကျမ်းတစ်အုပ်လုံးကို မဟာဘုတ်၊ သုံးတန်ပေါ်နိစ်တိုင်တွေ၊ နိမိတ်တွေ၊ ခုနှစ် သ က္ကရဇ်တွေ၊ မင်းနာမည်တွေနဲ့သာ ဖော်ပြသွားပြီး အသေးစိတ် တွက်ချက်ပြထားတာကိုတော့ မတွေ့ရပါဘူး။ ကိုယ့်ဖာသာပဲ လိုက်စဉ်းစားခိုင်းတာလား၊ စာအုပ်ထုတ်ဝေသူကပဲ ဖြတ်ထုတ်ထားလိုက်ရတာလား မသိပါဘူး။ ပါရဂူဘွဲ့အတွက်တင်တဲ့ ဗေဒင်စာတမ်းဖြစ်တဲ့တာမို့လို့ အတော်ကို သုတေသနပြု တင်ဆက်ထားမှန်းတော့ သိသာပါတယ်။ ကဲ.. ကျွန်တော်တို့ ရှေးမြန်မာဘုရင်ကြီးတွေ အကြောင်း သိထားသင့်သမျှ ဆက်လေ့လာလိုက်ဦးမယ်။


9 comments:

Apprenticeship said...

အင်းကောင်းခန်းတွေတော့ရောက်တော့မယ် :)

Heartmuseum said...

ကိုရောင်ဂန်းရေ.... စိတ်ဝင်စားစရာတော့ ကောင်းသားဗျ။ ဆက်ရေးပါအုံး ဗဟုသုတ ရတာပေါ့ဗျာ။ မျှော်နေမယ်ဗျာ ဆက်ရန်ကို.......

Upasaka said...

ကောင်းတယ်ဗျာ အခုရေးတဲ့ စာ အုပ် ကို လည်း ဖတ် ချင် တယ် ဘယ မှာရနိုင် မလဲ
မျှော် နေမှာ ပါ ဆက် ရေး နော။
လေးစားလျက် ဥပသကာ

YoungGun said...

ဟုတ်ကဲ့ မြန်မာပြည်က စာအုပ်ဆိုင်ကြီးတွေမှာ ရနိုင်ပါတယ်။ ထွက်တာ သိပ်မကြာသေးဘူး လို့ သိရပါတယ်။ ၀ယ်ဖတ်ကြည့်ပါ။ နိမိတ်တွေအကြောင်း အကုန်ပါပါတယ်။

အိမ် said...

ဆရာရေ သန်းရွှေ ကျချိန်လေးလဲသိပါ၇စေဗျာ

Yegyi said...

ဗဟုသုတရတယ်ဗျာ၊ ဆက်ရေးပါဦး၊ မျှော်နေမယ် အစ်ကိုရေ။

Andy said...

အဲဒီစာအုပ်လေး လိုချင်တယ်

လူလ said...

မင်္ဂလာပါ ကိုရောင်ဂမ်း၊

လာဖတ်သွားတယ်။
မင်းတုန်း သီပေါမင်းတို့ နန်းကျအချိန် နိမိတ်ပေါ်တာကို ဗဟုအဖြစ် မှတ်သားသွား၏။ ဦးနေ၀င်း နန်းကျအချိန်က ဘာ နိမိတ်တွေ ပေါ်ခဲ့သလဲမသိဘူး။။ ရှာဖွေ တင်ပြပေးပါလား သိချင်လို့ပါ။

ရွှင်လန်းချမ်းမြေ့ပါစေ...

ကိုပခန်း said...

စာအုပ်ကို ပြန်လည်ဝေငှပါလားဗျ လေ့လာချင်ပါတယ်ဗျာ