Friday, November 28, 2008

Laptop ဆိုင်က ကြေးခေါင်းလောင်း

အဲဒီ Laptop အရောင်းဆိုင်ကတော့ ရန်ကုန်မြို့ကြီးမှာ ရောင်းအားကောင်းတဲ့ နာမည်ကျော် ဆိုင်တစ်ဆိုင်ဖြစ်နေတာ မျက်မြင်သက်သေမို့ မငြင်းနိုင်ပါဘူး။

တနေ့က ရန်ကုန်က သူငယ်ချင်းတစ်ယောက်နဲ့ ချက်တင်ပြောကြတော့ နာမည်ကျော် Laptop အရောင်းဆိုင်တစ်ဆိုင်ရဲ့ ကောင်တာမှာ သူတွေ့မိတဲ့ ယတြာအစီအရင်လေး တစ်ခုအကြောင်း ပြောဖြစ်ကြတယ်။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကြေးကလပ်လေးတစ်ခုပေါ်မှာ ကြေးခေါင်းလောင်းလေး တစ်လုံးတင်ထားတဲ့ အစီအရင်တစ်ခုပါ။ အင်္ဂဝိဇ္ဇာမှာတော့ ဒါဟာ ငွေဝင်စေတဲ့ ကက်ကင်းအစီအရင် တစ်မျိုးဖြစ်တာကို သွားသတိရမိပါတယ်။

ဒီလိုလေးပေါ့။
ငွေဝင်= ကလပ် + ခေါင်းလောင်း
၂၄= ၂၄ + ၂၄

အဲလို ကက်ကင်းသဘောနဲ့ တွက်ချက်ယူဆပြီး စီရင်ထားတာလို့ မှတ်သားဖူးပါတယ်။ တစ်ချို့ဆရာတွေကတော့ ကြေးကလပ်တွေ၊ ကြေးခေါင်းလောင်းတွေ မသုံးဘဲ ကြေးဖလားတစ်လုံးထဲမှာ ခရေညွှန့်တွေထည့်၊ ကျပ်စေ့တစ်စေ့ပါ ထည့်ပြီး ငွေဝင်စေတဲ့ ကက်ကင်းအစီအရင် အဖြစ် အသုံးပြုကြပါတယ်။

ကျွန်တော်ဆိုချင်တာက ဒီအစီအရင်တွေအကြောင်း မဟုတ်ပါဘူး။ နောက်ဆုံးပေါ် ခေတ်မီ အိုင်တီနည်းပညာတွေ ထွန်းကားလာတဲ့ ကာလ၊ နောက်ဆုံးပေါ် လူ့အသုံးအဆောင်ဖြစ်တဲ့ Laptop ဆိုင်မျိုးမှာတောင် ရှေးနှစ်ပေါင်းထောင်နဲ့ချီနေတဲ့ ပညာတစ်ခုက အောင်ပွဲခံ နေရာယူနေဆဲ ဖြစ်တာကို ပြောချင်တာပါ။ မြန်မာပြည်မို့လို့ ရှေးစွဲလေးတွေ ရှိနေတာပါလို့ မပြောပါနဲ့။ ဘီလ်ဂိတ်ကြီးရဲ့ ဆော့ဝဲလ်တွေ ဓာတ်ရိုက်ဓာတ်ဆင်မလုပ်ဘဲ အရောင်းစွံနေတာပဲလေ လို့ ဘုဂလန့် မပြောပါနဲ့။ အဲဒီ Laptop အရောင်းဆိုင်ကတော့ ရန်ကုန်မြို့ကြီးမှာ ရောင်းအားကောင်းတဲ့ နာမည်ကျော် ဆိုင်တစ်ဆိုင်ဖြစ်နေတာ မျက်မြင်သက်သေမို့ မငြင်းနိုင်ပါဘူး။

အော်..တစ်ခုတော့ ပြောဖို့ကျန်ခဲ့တယ်။ အဲဒီ Laptop အရောင်းဆိုင်မှာ ကလပ်ပေါ်က ခေါင်းလောင်းကို ဆိုင်မန်နေဂျာက နမောငါးချက် ဂါထာရွတ်ဖတ်ပူဇော်ရင်း မနက်တိုင်း ဂလိုင်ဂလိုင်မြည်အောင်ကို ခေါက်ပေးတယ်ဆိုတာကိုပါ ကျွန်တော့်သူငယ်ချင်းက အစ်အောက်ပြီး စပ်စုမေးမြန်းခဲ့ကြောင်းပါ။ လာဘ်လာဘအထူး ပွင့်စေတဲ့ နမောငါးချက်ဂါထာ အကြောင်းကိုတော့ နောက်မှပဲ ပြောတော့မယ်။

4 comments:

တက်လူငယ် said...

တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ လောကီပညာရပ်တွေပဲဗျ။ ကျနော်လည်းတော်တော်ရူးခဲ့ဖူးပါတယ်။ ရေစက်မရှိလို့ ဘာမှ ကောင်းကောင်း မလေ့လာခဲ့ရဘူးဗျာ။ ဘယ်အချိန်ကျမှ ရေစက်ပြန်ဆုံဦးမလဲမသိဘူး။ အဘနဲ့လဲ မတွေ့နိုင်တော့ဘူးလေ..။ တွေ့ချင်ရင်တော့ ရှမ်းဘဲလားကို လိုက်သွားနိုင်မှပဲ..ဟဲဟဲ။

Upasaka said...

ကိုရမ်းဂမ်ရေ၊ အခုမှဒီစာကိုရေဖြစ်တယ် ဗျာ
ကျနော်နားလည်သလောက်လေးတော့ပြောခဲ့ပါတယ်၊အမှားရှိရင်ပြင်ပေးပါ
ကြေးခေါင်းလောင်းနဲ့ငွေဝင်ဆိုတဲ့ ကက်ကင်းအစီရင်လေးကောင်းတယ် ဗျာ၊ဒါပေမဲ့
(၃)ခုကြွင်မဟာဘုတ်သမားတွေဆောင်ရင်တော့ မကောင်းတော့သလို(၁)ခုကြွင်းမဟာဘုတ်သမားတွေအတွက်လည်းအားရှိတဲ့အစီရင်မဟုတ်
ဘူးလို့ကျနော်မြင်ပါတယ်၊ဘာဖြစ်လို့လဲဆိုတော (၃)ခုကြွင်းအတွက် ခေါင်းလောင်းက အဆင်းပက္ခလေနော်၊
လေးစားစွာဖြင့်..ဥပသကာ

YoungGun said...

ဟုတ်ပါတယ် အစ်ကိုရေ.. သုံးကြွင်းတွေအတွက် ဒီကိန်းဟာ ပက္ခဖြစ်နေသလို တစ်ကြွင်းတွေအတွက် ပုတိ၊ မရဏ ညှပ်ထားတဲ့ ကိန်းဖြစ်နေပါတယ်။ ကျွန်တော် ဒီအစီအရင်ကို ဆောင်ဖို့ မတိုက်တွန်းထားပါဘူး။ ဒီလို စီရင်ကြောင်းကိုသာ အသိပေးတင်ပြထားတာသာ ဖြစ်ပါတယ်။ အသံဓာတ်နာမည်နဲ့ မှည့်ထားတဲ့ အင်္ဂါနာမည်ရှင်တွေအတွက်ကတော့ အမြစ်အညွှန့်မှန်ပြီး တိုးတက်မလားလို့လည်း စဉ်းစားမိပါတယ်။ ဒါပေမယ့် အင်္ဂဝိဇ္ဇာပညာရှင်တွေကတော့ ဒီအစီအရင်ကို လက်မခံဘူးတဲ့ဗျာ။ အဲတော့ ဂမ်းဂမ်းလည်း မတတ်နိုင်ဘူးပေါ့နော်။

ကိုပခန်း said...

ကျွန်တော်ဗေဒင်အကြောင်းတွေ ဖတ်ခဲ့တယ် ဟောခဲ့ဖူးပါတယ် ဒီအစီအရင်တွေနဲ့ပတ်သတ်လို့ သိကိုမသိဘူးဖြစ်နေတယ်ဗျာ စိတ်မ၀င်စားလို့လားတော့မသိဘူးဗျာ ဗေဒင်ဆရာတစ်ယောက်က မေးဖူးတယ် ဘာလို့ ဗေဒင်လေ့လာတာလဲ လူတွေကို ကူညီဖို့ အနာဂတ်ကို ပြင်ဖို့မဟုတ်ဘူးလားတဲ့ ကျွန်တော်ကတော့ စိတ်ဝင်စားလို့လေ့လာတာပါလို့ဖြေခဲ့တယ် အကျိုးအမြတ်က ဘာလဲဆိုတာတော့ ကျွန်တော်မစဉ်းစားခဲ့မိဘူး ၀ါသနာဆိုတာကလည်း အကျိုးအမြတ်မှ မလိုပဲကိုးဗျ အခွင့်သင့်ယင်တော့ သိကြလေ့လာဖူးကြသူများ အစီအရင်တွေအကြောင်း စုစီးတင်ပြကြပါခင်ဗျာ လေ့လာလိုပါတယ်ဗျ