Thursday, December 18, 2008

2008 Review ( volume: one )


ကျွန်ုပ်၏ လေ့လာဖူးသလောက်၊ မှတ်သားဖူးသလောက်၊ အမြင်များကို ၂ဝဝ၈ ပထမခြောက်လတာအတွက် ဦးစွာ မှတ်တမ်းပြုခဲ့ပါသည်။

ဇန်န၀ါရီ လေးရက်နေ့တွင် Sunspot အစက်အပြောက်များ နေမျက်နှာပြင်ပေါ်တွင် ဖြစ်ပွားခဲ့သည်။ Sunspot သို့မဟုတ် သေမင်းတမန် အစက်အပြောက်များ စာစုကို ဒီလင့်ခ်က တစ်ဆင့် သွားဖတ်နိုင်ပါသည်။

ဒုတိယထူးခြားချက်အဖြစ် ဖြစ်တောင့်ဖြစ်ခဲလှသော တစ်လတည်းအတွင်း နေရောလပါကြတ်သည့် ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၇ ရက်နှင့် ၂၁ ရက်နေ့များတွင် ဖြစ်ပေါ်ခဲ့သည်။ အသေးစိတ်ကို နေနဲ့လတစ်လထဲမှာကြတ်ကြလေသောအခါ စာစုတွင် ရေးသားဖြစ်ခဲ့သည်။ အဆိုပါ ထူးခြားဖြစ်စဉ်နှစ်ခုနှင့်အတူ နေစကြာဝဠာအတွင်း အကြီးမားဆုံးဖြစ်သည့် Jupiter ခေါ် ကြာသပတေးဂြိုဟ်ကြီးမှာ ပုံမှန်ထက် လျင်မြန်သော နှုန်းဖြင့် ရှေ့သို့လည်ပတ်ခဲ့သည်။ နောက်လများတွင်မူ ရှေ့တိုးနေရာမှ အလွန်အကျူးနောက်ပြန် ဆုတ်ခဲ့ပြန်သည်။ ထူးခြားစွာ ဖောက်ပြန်ခြင်းတစ်ခုပင်။

မကြာမီမှာပင် ၃၀.၄.၂၀၀၈ ၌ အရိပ်ဆာယာဂြိုဟ်များဖြစ်သော ရာဟုနှင့် ကိတ် အမှောင်ဂြိုဟ်ဝင်ရိုးနှစ်ခုမှာ မကာရနှင့် ကရကဋ်ရာသီနှစ်ခု သို့ ကူးပြောင်းခဲ့သည်။ ထိုမတိုင်မီ ဧပြီ ၂၈ ရက်နေ့တွင် အင်္ဂါဂြိုဟ်သည် ကရကဋ်ရာသီသို့ ကူးပြောင်းဝင်ရောက်ခဲ့သဖြင့် ရာဟု၊ ကိတ်နှင့် အင်္ဂါ ဟူသော သုံးပွင့်ဆိုင်ပါပ၀င်ရိုးတန်းတစ်ခု ဖြစ်တည်ခဲ့သည်။ အဆိုပါ ထူးခြားဖြစ်စဉ်ကို ရာဟုဂြိုဟ်အပြောင်းနဲ့ အင်္ဂါအမြင်အယှဉ် ဟု စာစုဖြင့် မှတ်တမ်းတင်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသမိုင်းတွင် တကြိမ်တခါမှ မကြံစဖူးသော သင်္ကြန်စာဟောစာတမ်းများတွင် မပါဝင်သည့် နာဂစ်အမည်ရ မုန်တိုင်းကြီး ၀င်ရောက်မွှေနှောက်ခဲ့ရာ မုန်တိုင်းနာဂစ်မပါဝင်တဲ့ သင်္ကြန်စာဟောကိန်း နှင့် ကျိန်စာသင့်မြစ်ဝကျွန်းပေါ်ဒေသ ဟူသော စာစုကို နာကျည်းစွာဖြင့် မှတ်တမ်းတင် ရေးသားဖြစ်ခဲ့သည်။

မုန်တိုင်းဝင်လို့မှ အရှိန်မသေသေး၊ အိမ်နီးချင်းတရုတ်တွင်လည်း စီချွမ်ငလျင်ဟူသည့် သဘာဝဘေးဆိုးကြီး ၀င်ရောက်ခဲ့ရာ တရုတ်ငလျင်နဲ့ နက္ခတ်အမြင် ဟူသော စာစုဖြင့် ရေးသားဖြစ်ခဲ့သည်။

သဘာဝဘေးဆိုးကြီးများနှင့်အတူ နိုင်ငံတကာတွင်လည်း အခြေခံစားသောက်ကုန်မှသည် ရေနံလောင်စာအလယ်ထား၊ အဖိုးတန် ရွှေဆိုသည်ကား စံချိန်တင် ထူးကဲလှသော ဈေးနှုန်းများ သို့ မိုးမျှော်ရောက်ရှိခဲ့သည်။ ကျွန်ုပ်၏ လေ့လာဖူးသလောက်၊ မှတ်သားဖူးသလောက်၊ အမြင်များကို ၂ဝဝ၈ ပထမခြောက်လတာအတွက် ဦးစွာ မှတ်တမ်းပြုခဲ့ပါသည်။

အထူးသဖြင့် ပညာရှင်မဟုတ်သော၊ ၀ါသနာရှင်၊ လေ့လာသူတစ်ဦးအနေဖြင့် ကျွန်ုပ် သိရှိမြင်မိသမျှ သုံးသပ်ရသော် နေပေါ်မှ Sunspot ဟူသော အစက်အကွက်ကြီးများသည် လည်းကောင်း၊ ထူးထူးခြားခြား နေရောလပါ တစ်လအတောအတွင်း ကြတ်ခဲ့သည့် ဖြစ်ရပ်သည်လည်းကောင်း၊ အင်္ဂါနှင့် တချိန်တည်းနီးပါး ရာသီကူးပြောင်းခဲ့သော ရာဟု၊ ကိတ် နဂါးဝင်ရိုးတန်းသည် လည်းကောင်း၊ ပုံမှန်မဟုတ်ဘဲ ထူးခြားစွာ ရှေ့တိုးနောက်ဆုတ်ပြုလုပ်ခဲ့သည့် အာကာသထဲမှ အကြီးဆုံးဂြိုဟ် ကြာသပတေးသည် လည်းကောင်း၊ သိဟ်ရာသီထဲ နောက်ပြန်၊ ဖောက်ပြန်နေသည့် သေခြင်း၊ ဆင်းရဲခြင်းဂြိုဟ် စနေသည်လည်းကောင်း ယင်းသမိုင်းဝင်၊ စံချိန်တင်ဖြစ်ရပ်များနှင့် ကြောင်းကျိုးဆက်နွယ်မှု မကင်းဟု ယူဆမိပါတော့သည်။


2 comments:

Andy said...

မှတ်တမ်းလေးကကောင်းသလို မှတ်တမ်းဟောင်းတွေကိုလည်း ပြန်ဖော်ပေးထားလို့ တွဲလေ့လာလို့ရလိုက်တယ်ဗျာ.... စိတ်ဝင်စားဖို့ကောင်းတယ်.. လုပ်ပါဦး

အိမ် said...

ဆရာသေနတ်လေးရေ ဖတ်မှတ်သွားပါတယ်
ဗျာ။ဝေတော့ မဝေဖန်ရဲဘူးဗျာ ကိုယ်မသိတာ
ဆိုတော့ ဖတ်မှတ်လေ့လာသွားယုံပါပဲဗျာ။