Wednesday, December 3, 2008

သူတို့သုံးလုံး ပြုံးပြခဲ့တယ်


တနင်္လာ၊ သောကြာ၊ ကြာသပတေးဆိုတဲ့ သောမဂြိုဟ်သုံးလုံး ပူးတာမို့လို့ ကောင်းမှကောင်းလို့ ဟောမလားပဲ။

တနေ့တုန်းက ကောင်းကင်မှာ အင်မတန်လှပပြီး မြင်ရခဲတဲ့ မြင်ကွင်းလေးတစ်ခု ဖြစ်တည်ခဲ့ပါတယ်။ သိတဲ့သူလည်း သိပြီး ဖြစ်မှာပါ။ ကိုညီလင်းဆက်ရဲ့ ဘလော့မှာလည်း အဲဒီမြင်ကွင်းအကြောင်းကို ဖတ်လိုက်ရပါတယ်။ Jupiter ဆိုတဲ့ ကြာသပတေးဂြိုဟ်ရယ်၊ Venus ဆိုတဲ့ သောကြာဂြိုဟ်ရယ် Moon ဆိုတဲ့ လမင်းရယ် သုံးလုံးဆိုင်သွားလိုက်တာ၊ ပုံမှာ မြင်တဲ့အတိုင်း ပြုံးရွှင်နေတဲ့ မျက်နှာပေးလေးကို မြင်လိုက်ရတော့တာပါပဲ။

အဲဒီဂြိုဟ်သုံးလုံးဟာ ဓနုရာသီခွင်မှာ ရပ်တည်နေတုန်း အခုလို မြင်ကွင်းလေး ဖြစ်ပေါ်ခဲ့တာပါပဲ။ ဒါနဲ့ပဲ မိတ်ဆွေအပေါင်းအသင်း ရောင်းရင်း ဆရာသမားတွေက ဗေဒင်လေးဘာလေး မတောက်တခေါက်တတ်တဲ့ မောင်ရန်းဂမ်းကို အဟုတ်မှတ်ပြီး လာမေးကြပါတယ်။ ဘာဖြစ်မလဲ။ ဘာအဓိပ္ပါယ်လဲပေါ့။ ကျွန်တော်လည်း ဆရာကြီးစတိုင်ဖမ်းပြီး ပြန်ဖြေလိုက်ပါတယ်။ ဟင့်အင်း မသိဘူးလို့ပေါ့။ ဟုတ်တယ်လေ။ ကိုယ်မှ မသိတဲ့ဟာကို။ အတိတ်နိမိတ်သမား၊ အယူတော် မင်္ဂလာသမားတွေ အတွက်တော့ ဒါဟာ ကောက်ယူလို့ရတဲ့ ကောင်းကင် နိမိတ်ပြကွက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဥပမာ ပြုံးနေတဲ့ မျက်နှာပေးလေးကြောင့် သာယာအေးချမ်းရမယ်ပေါ့။ တချို့သော နက္ခတ်သမားတွေအတွက်လည်း ဒါဟာ လိုရာဆွဲတွေး ဟောပြောနိုင်လောက်တဲ့ ဟောကိန်းတွေ ထုတ်နိုင်မယ့် ကောင်းကင်ဂြိုဟ်အနေအထားပါပဲ။ တနင်္လာ၊ သောကြာ၊ ကြာသပတေးဆိုတဲ့ သောမဂြိုဟ်သုံးလုံး ပူးတာမို့လို့ ကောင်းမှကောင်းလို့ ဟောမလားပဲ။

ကျွန်တော် YoungGun ကတော့ ဝေလေလေ လုပ်နေတုန်းမို့ ဘာမှ ရေရေရာရာ မသိ၊ မသိတော့ မမြင်၊ မမြင်တော့ မဟောနိုင်ပါဘူး။ နက္ခတ်ပညာနဲ့ပက်သက်လို့ အဝေးကနေ သင်ကြား ပညာမျှဝေနေတဲ့ ဆရာသမားကလည်း ဒီအမြင်အယှဉ်ပူးကပ်သွားမှုကို ဘာမှ ဝေဖန်ချက် မပေးခဲ့ပါဘူး။ ဟုတ်လည်း ဟုတ်ပါတယ်။ ဒီဂြိုဟ်သုံးလေးလုံးလောက်ပဲ ကြည့်ပြီး ကြီးကြီးကျယ်ကျယ် ဟောကိန်းတွေ ထုတ်လို့ကတော့ ကောင်းကင်နက္ခတ်အတတ်ပညာဟာ ရမ်းဟော ရမ်းမှန် စာကလေးဗေဒင်အဆင့်လောက် ရောက်သွားတော့မပေါ့။ ကျွန်တော်သိသလောက်တော့ နိုင်ငံတကာ ကမ္ဘာ့ရေးရာတွေကို ဟောပြောနိုင်တဲ့ Mundane Astrology မှာ နေလကြတ်ချိန် ဖွဲ့ထားတဲ့ ဇာတာတွေ၊ မိသာ၊ ကရကဋ်၊ တူ၊ မကာရဆိုတဲ့ စရ ရာသီခွင်ကြီးလေးခုဆီ တနင်္ဂနွေ နေမင်း စတင်ဖြတ်သန်းသွားချိန် ဇာတာတွေ၊ လဆန်း၊ လပြည့်ချိန် ဇာတာတွေ စတဲ့ ဒေတာ အချက်အလက်တွေ အစုံအလင်နဲ့ ချပြီး ဟောကိန်းထုတ်ရတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ ဟုတ်ကဲ့.. ဒီ ဂြိုဟ်သုံးလုံး ပြုံးပြတာနဲ့ ပက်သက်ပြီး ကျွန်တော်ဘာမှ မဟောနိုင်ပါ။ ဟောနိုင်သော ပညာရှင်များရဲ့ ဟောကိန်းတွေကို ရှာဖွေလို့ရရင်တော့ တင်ပေးပါဦးမယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိပေါ့နော။








3 comments:

တက်လူငယ် said...

ကိုရမ်းဂန်းရေ..ကျနော်အမြဲလာဖတ်နေတယ်ဗျာ။ စာတွေကောင်းတယ်။

ညခင်း said...

အဲဒီနေ့ည က ပြုံးပြ တဲ့ ပုံစံလေး မို့လို့...သေချာကြည့်မိပါတယ်...ဘာ နိမိတ်လဲ မသိခဲ့ပါ...လနဲ့ ကြယ်လေး၂လုံးဆိုတာ ဘဲသိလိုက်ပါတယ်...အခုလို ဖတ်လိုက်ရလို့ကျေးဇူး

ကိုပခန်း said...

၂လာက သွားတာမြန်တော့ ရာသီတစ်ခုစာမှာ ၂ရက်ခွဲလောက်ပဲ အသက်ရှည်တတ်လို့ထင်ပါရဲ့ဗျာ ၂လာနဲ့ပတ်သတ်တဲ့ ဟောကွက်ကို ကောင်းကောင်းမတွေ့ဘူးပါဘူးဗျာ သင်္ကြန်လိုနှစ်အစမှာဆိုယင်တော့ ဒီအခြေအနေကကောင်းနိုင်မယ်ထင်ပါတယ်ဗျာ