Friday, December 5, 2008

ကြာသပတေး ကမယ့် ဇာတ်

နက္ခတ်ဗေဒင်က ကြာသပတေးဂြိုဟ်ရဲ့ သင်္ကေတ
ကြာသပတေးရဲ့ ရာသီအကူးအပြောင်းကာလတွေမှာ အင်တာနက်၊ သတင်းနဲ့ နည်းပညာကဏ္ဍမှာ ကြီးမားတဲ့ ဆက်သွယ်မှု ပြတ်တောက်ခြင်းတွေ၊ နည်းပညာနဲ့ပက်သက်တဲ့ စီးပွားရေးလုပ်ငန်း၊ ငွေကြေး၊ ဘဏ်၊ စတော့ရှယ်ယာဈေးကွက်တွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်

လာမယ့် ဒီဇင်ဘာ ကိုးရက်နေ့ ည ကိုးနာရီ လေးဆယ်မိနစ်မှာတော့ ကောင်းကင်က ဂျူပီတာခေါ် ကြာသပတေးဂြိုဟ်ကြီးဟာ လက်ရှိ ဓနုရာသီကနေ မကာရ ရာသီကို ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။ မကာရ ရာသီဟာ ကြာသပတေးအတွက် အားနည်းမှိန်ဖျော့စေတဲ့ နိစ်ရာသီခွင်ဖြစ်သလို အဲဒီကြာသပတေးဂြိုဟ်ဟာ ကမ္ဘာနဲ့ အနီးဆုံးနေရာကို ချဉ်းကပ်ရောက်ရှိလာမှာလည်း ဖြစ်ပါတယ်။ ဒါနဲ့ပက်သက်ပြီး မြန်မာနိုင်ငံ နဒီနက္ခတ်ဗေဒင်ပညာရှင်များအဖွဲ့က ဒုဥက္ကဌ ဦးဇေယျာကိုက

ဆယ့်နှစ်နှစ်တစ်ကြိမ် ဒီလိုဖြစ်နေကျဆိုပေမယ့် အခု ကြာသပတေးဂြိုဟ်ရဲ့ ထူးခြားချက်က မကာရ ရာသီမှာ ငါးလနေပြီး ဂြိုဟ်သွားနှုန်း လျင်မြန်စွာနဲ့ ကုမ်ရာသီထဲကို ၂ဝဝ၉ မေလ တစ်ရက်နေ့မှာ ကူးပြောင်းပါမယ်။ နောက်တော့ သြဂုတ်လ တစ်ရက်နေ့မှာ မကာရရာသီထဲ ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီလို သွားလာပုံဟာ အနှစ်ခြောက်ဆယ်မှာ တစ်ကြိမ်သာ ဖြစ်နိုင်ပါတယ် လို့ ပြောပါတယ်။

ထပ်ပြီးတော့ ဦးဇေယျာကိုက ဒီ ကြာသပတေးရဲ့ အနေအထားနဲ့ ပက်သက်ပြီး ဒီလို ဟောကိန်းထုတ်ပြထားပါတယ်။
အဲဒီ ကြာသပတေးရဲ့ ရာသီအကူးအပြောင်းကာလတွေမှာ အင်တာနက်၊ သတင်းနဲ့ နည်းပညာကဏ္ဍမှာ ကြီးမားတဲ့ ဆက်သွယ်မှု ပြတ်တောက်ခြင်းတွေ၊ နည်းပညာနဲ့ပက်သက်တဲ့ စီးပွားရေးလုပ်ငန်း၊ ငွေကြေး၊ ဘဏ်၊ စတော့ရှယ်ယာဈေးကွက်တွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ် တဲ့။

ကြာသပတေးဟာ အခုလို ကမ္ဘာကို နီးကပ်လာတာဟာ ၁၉၁၅၊ ၁၉၃၇၊ ၁၉၄၉ ခုနှစ်တွေမှာလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ အခုတစ်ကြိမ် နီးကပ်ပြီးရင်တော့ နောင် နှစ်ပေါင်းခြောက်ဆယ်လောက်မှ ထပ်ဖြစ်တော့မယ်လို့လည်း သိရပါတယ်။

ကဲ အခု ဘာမဟုတ်၊ ညာမဟုတ် Young Gun လေးရဲ့ အမြင်ကို ပြောချင်ပါတယ်။ ကြာသပတေးဆိုတဲ့ ဗေဒင်ဆရာများစွာက အတိသုခ ချမ်းသာခြင်း၊ ပြည့်စုံကြွယ်ဝခြင်းကို ဖော်ပြတဲ့ အေးချမ်းစေတဲ့ သောမဂြိုဟ်စစ်စစ်ကြီးရဲ့ အသွားမမှန် ဖောက်ပြန်ခြင်းဟာ ဟောဒီ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီးအပေါ် ဘယ်လိုရိုက်ခတ်လွှမ်းမိုးလာမလဲ ဆိုတော့ မှတ်သားဖူးသမျှ ဖတ်ထားဖူးသမျှ ပြောရရင်

ကြာသပတေးဟာ နိုင်ငံရေးဗေဒင်မှာတော့ ငွေကြေးရေးရာ၊ ဘဏ်လုပ်ငန်း၊ ဥပဒေ၊ တရားသူကြီး၊ တရားစီရင်ရေး၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ဘာသာရေးပုဂိုဟ်များ၊ ဘာသာ၊ သာသနာပိုင်းဆိုင်ရာများ၊ စေတီ၊ ဘုရားအဆောက်အဦးများ ကို စိုးမိုးပါတယ်။ ကိုယ်သိသလောက်ပြောတာနော်။ ဒီလိုအရာတွေကို စိုးမိုးတဲ့ဂြိုဟ်ကြီးက ဖောက်ပြန်ပြီဆိုမှတော့ … အင်း .. ဘယ်နှယ်ရှိစပေါ့နော်။ လက်ရှိဖြစ်နေတဲ့ နိုင်ငံတကာက ငွေကြေးအကျပ်အတည်းကြီးရဲ့ ပြသာနာဟာ ပိုမိုနက်ရှိုင်းကျယ်ပြန့်လာမယ်ပေါ့။ ကြာသပတေးဟာ ရာသီဥတုဆိုင်ရာ ဗေဒင်ပညာအရ ငလျင်တွေကိုလည်း ဖော်ပြတာမို့ ငလျင်တွေလည်း အားပါးတရ လှုပ်ခတ်နိုင်ပါတယ်။ ဘယ်နားလှုပ်မလဲဆိုတာတော့ မသိပါဘူး။ အခု ဘလော့ရေးနေတဲ့ အဆောက်အဦး အထပ်မြင့်ကြီး အောက်ကလည်း လှုပ်နိုင်တာပဲလေ။ ဒီတော့ကာ လာမယ့် ဒီဇင်ဘာ ကိုးရက်နေ့ကနေ နောင်တစ်နှစ်တာ ကြာသပတေး မကာရမှာ စီးနင်းဖြတ်သန်းနေချိန် အမျိုးမျိုးဖောက်ပြန်ရင်း ကမ္ဘာနီးကပ်လာရင်းနဲ့ ဘယ်လိုဘယ်သင်းတွေဘယ်ပုံ ဖန်တီးသွားမယ် ဆိုတာ ဇာတ်ပွဲတစ်ပွဲလို စောင့်ကြည့်ကြစို့ဗျာ။

မှတ်ချက်လေးတစ်ခုတော့ ထားချင်ပါသေးတယ်။ တခြားတော့ မဟုတ်ပါဘူး။ အထက်ပါ နဒီအဖွဲ့က ဟောကိန်းနဲ့ ကျွန်တော် Young Gun ရဲ့ ဟောကိန်းတွေဟာ ကြာသပတေးတစ်လုံးတည်းကိုသာ ကြည့်ပြီး လျှောက်ဟောထားတာဖြစ်တဲ့အတွက် လုံးဝဥသုံ မှန်ချင်မှ မှန်ပါလိမ့်မယ်။ မဟုတ်မှ လွဲရော ဟောကိန်းတွေသာ ဖြစ်ပါကြောင်း။

အော် တစ်ခုကျန်ခဲ့သေးတယ်။ မြန်မာနိုင်ငံဆိုတာ ကြာသပတေးနံဖြစ်တဲ့အတွက် ကြာသပတေး နောက်ပြန်ရော၊ နီးကပ်လာတာရောမှာ မြန်မာ ဘာဖြစ်မလဲ ဆိုတာလေးက စိတ်ဝင်စားစရာ ကောင်းမနေဘူးလားလို့နော်။


5 comments:

မျှစ်ချဉ် said...

ကြာသပတေး ကမယ့်ဇာတ် . . . .

ပညာရှင်များ ဆင်းရဲပင်ပန်းကြီးစွာ ၀မ်းစာ ရှာဖွေရအံ့ . . တတ်မြောက်ထားသော ပညာရပ်များနှင့် သွေဖီကာ အသက်မွေးဝမ်းကြောင်း ပြုရအံ့။

YoungGun said...

ဟုတ်မယ် ဟုတ်မယ်ဗျို့၊ အခု ကိုရန်းဂမ်းလေးတောင် တတ်ထားတဲ့ပညာက လူရိုသေ၊ ရှင်ရိုသေပညာ၊ လုပ်နေရတဲ့အလုပ်က လူမလေး၊ခွေးမခန့် အလုပ်ဖြစ်နေတယ်။ မှန်ပ့ါဗျာ။

Andy said...

ကမ္ဘာအနှံ့အပြားမှ မြန်မာပညာရှင်များ ကမ္ဘာ့စီးပွားရေး ပြဿနာကြောင့် နေရပ်ပြန်ကြရအံ့...။ သို့ရာတွင် စိုးရိမ်ဖွယ်ရာ မရှိလတ္တံ့...။ မြန်မာနိုင်ငံတော်တွင် ဆီအုန်း ဆီကြိတ်ရန် ဆီဆွတ်ရန် ရာဘာစေးခြစ်ရန် စသော လယ်ယာလုပ်ငန်းများလုပ်ဆောင်ရန် အလုပ်သမား သန်းနှင့်ချီလိုအပ်မည်ဖြစ်ရာ နေရပ်ပြန်၍ အဆိုပါအလုပ်များကို လုပ်ကိုင်စားသောက်နိုင်အံ့... လို့ပါဖြည့်ချင်သဗျ...။

Younggun said...

ဟုတ်ပါတယ် ကိုအန်ဒီရေ ကျနော်လည်း ရာဘာစေးခြစ်မလားလို့ ဟဲဟဲ။

အိမ် said...

ဆရာလေးရေ ကျနော်ကတော့ ဒါတွေနားမလည်တော့ ရမ်းမတုတ်ရဲဘူးဗျ။