Saturday, December 13, 2008

ထူးလည်း ထူးတဲ့ ၂ဝဝ၈


ကြည့်ဦးလေ၊ ဂဏန်းဗေဒင်နဲ့ ဖြတ်ခနဲပဲ ကြည့်လိုက် ၂ဝဝ၈ဆိုတာ ပေါင်းခြင်း တစ်ဆယ်ရတယ်၊ တစ်ဆယ်ဆိုတော့ တားရော့ကတ်မှာ ကြမ္မာလှည်းဘီးတဲ့။ နိမ့်ရာကမြင့်၊ မြင့်ရာက ခွေးကျ ပြန်ကျ၊ ပြီး ကျရာက ပြန်မြင့်မလိုလို၊ အဲသလို ဘီးဇာတ်ခင်းတဲ့ နှစ်ပေါ့။

ထူးတော့ ထူးဆန်းတယ်ဗျာ။ ဒီ ၂ဝဝ၈ က။ ဘယ်နှယ်ဗျာ။ ပထမ ခြောက်လလောက်မှာ တစ်ကမ္ဘာလုံးက ကုန်ဈေးနှုန်းတွေ သမိုင်းဝင် စံချိန်တင်အောင်ကို တဟုန်ထိုး မြင့်တက်သွားလိုက်တာ၊ ဥပမာ ပြောရရင် ရေနံ ၊ တစ်စည်ကို ၁၄၇ ဒေါ်လာနဲ့ မြင့်သွားလိုက်တာများ တခါမှ မကြားဖူးပေါင်၊ ကြည့်ဦး ရွှေကိုလည်း တစ်အောင်စကို ၁ဝဝဝ ကျော်သွားလိုက်တာများ၊ အားရစရာကြီး၊ ဘာထူးလို့လဲ။ သတင်းတွေ လိုက်ဖတ်ကြည့်တော့ ဆန်တို့ စားအုန်းဆီတို့၊ ပဲပုပ်၊ ဂျုံဈေးကွက်တွေလည်း အားရဝမ်းသာ လိုက်တက်ကုန်ကြတာများ Food Crisis ဖြစ်ပြီလား ဆိုတဲ့ ပူညောင်ပူညောင်အသံတွေတောင် ထွက်လာခဲ့တာပေါ့။ ဒီကြားထဲ သဘာဝဘေးဥပါဒ်က ဘယ်ဝိုက်နဲ့ ဝင်လာလိုက်တာများ၊ နာဂစ်ဆိုတဲ့ မုန်တိုင်းကြောင့် ကျွန်တော်တို့ မြန်မာပြည်ရဲ့ စားဖိုဆောင်ကြီး ဧရာဝတီခမျာ မျော့မျော့သာ ကျန်ခဲ့ရှာ၊ တရုတ်လည်း ဘယ်နေမတုန်း၊ မြန်မာနဲ့ ပေါက်ဖော်သားချင်းတွေမို့လား မသိဘူး။ မုန်တိုင်းနဲ့ ရက်ပိုင်းပဲခြားတယ်။ စီချွမ်ပြည်နယ်က ငလျင်ကြီး ပစ်လှုပ်လိုက်တာ တရုတ်တွေ သိန်းချီ ကွိသွားတာပါပဲ။ မုန်တိုင်းနဲ့ ငလျင်ပြီးလို့ မှ မကြာသေးဘူး။ စက်တင်ဘာလောက်ကျတော့ တစ်ကမ္ဘာလုံး တစ်ပြိုင်တည်း အသံကျယ်ကျယ်လောင်လောင်ဖြစ်လာတဲ့ ဘဏ္ဍာရေးဈေးကွက်ပြိုလဲ ကျဆင်းတာနဲ့ အတူ ကမ္ဘာ့ စီးပွားရေးလည်း ဆုတ်ကပ်ထဲ အော်တိုမစ်တစ်ကို ဝင်လာတော့တာပါပဲ။ အရင်က စံချိန်တင်ဈေးတွေလို့ လက်မထောင်ခဲ့တဲ့ ရွှေ၊ ရေနံတွေလည်း မြှောက်ပြီးမှ ရိုက်ချခံရသူတွေလို အကျနာသွားလိုက်ကြတာ။ ကုန်စည်အကုန်လုံးနီးပါးပါပဲ။ ရုပ်ပျက်ဆင်းပျက် ပြုတ်ကျကုန်ကြတာ။

Financial Crisis ဆိုတဲ့ အကျပ်အတည်းကြီးကြောင့် စီးပွားပျက်ကပ်ထဲ ဝင်လာ၊ ဝင်လာလို့ စီးပွားတွေကျ၊ ကျရာက အလုပ်တွေဖြုတ်ပစ်၊ ဖြုတ်ပစ်လို့ အရှိန်ရတုန်းရှိသေး၊ မွန်ဘိုင်းနဲ့ ထိုင်းက ဒိုင်းခနဲဆို ထပူပြန်၊ တစ်ချက်ကလေးမှ မဟန်တဲ့ ၂ဝဝ၈ ပါပဲဗျာ။ ကြည့်ဦးလေ၊ ဂဏန်းဗေဒင်နဲ့ ဖြတ်ခနဲပဲ ကြည့်လိုက် ၂ဝဝ၈ဆိုတာ ပေါင်းခြင်း တစ်ဆယ်ရတယ်၊ တစ်ဆယ်ဆိုတော့ တားရော့ကတ်မှာ ကြမ္မာလှည်းဘီးတဲ့။ နိမ့်ရာကမြင့်၊ မြင့်ရာက ခွေးကျ ပြန်ကျ၊ ပြီး ကျရာက ပြန်မြင့်မလိုလို၊ အဲသလို ဘီးဇာတ်ခင်းတဲ့ နှစ်ပေါ့။ ဒါက ခဏဘေးချထားဦး။ မြန်မာ့ရိုးရာ ကောဇာမဟာဘုတ်မှာရော ကြည့်လိုက်ဦး။ ပြူးကြည့်စရာတောင် မလိုဘူး။ ပညာရှင်တွေက အနည်းနဲ့အများ သိပြီးသား၊ ဒီနှစ် အမေရိကန်ဆိုတဲ့ ၁-၂ အတွဲ ပက္ခကြိုးမိလို့ တစ်ခုခု ထဖြစ်တော့မယ် ဆိုတာ။ ထိပ်သီးအမေရိကန် စထိမှတော့ ကျန်တဲ့ ဈေးကွက်တွေလည်း အပြိုပြိုအလဲလဲ လာတော့မပေါ့။ ဒါက ကျွန်တော် မောင်ရန်းဂန်း မှန်းသမ်းဖြီးဖြန်းကြည့်မိသလောက် ပြောကြည့်တာနော်။ ဒီထက် နက်ရှိုင်းတဲ့ အမြင်၊ အတိတ်တဘောင်တွေက ဒီလို ဖြစ်ရပ်မျိုးလာတော့မယ်ဆိုတာ အရိပ်အယောင်ပြပြီးသား၊ ဥပမာ ကျွန်တော် ရေးခဲ့ဖူးတဲ့ ပို့စ်အဟောင်းတစ်ခုထဲက လို အခုခေတ်လူငယ်တွေ ( ကျွန်တော်တို့လို အပေအတေတွေ ) မကြာမကြာ ပြောနေကြတဲ့ ..မင်းတို့ ငါ့ကို ဝိုင်းကြပ်တာပဲ။ ငါ့ လာမကြပ်စမ်းပါနဲ့ကွာ၊ သူ့ကို ဝိုင်းကြပ်ရအောင် ဆိုတဲ့ ကြပ်တည်းတဲ့ အသံထွက်လေးကို မြိန်ရေရှက်ရေ ပြောနေကြတာများ။

အခုတော့ ပြည်ပက ကျပ်တည်းမှု၊ အရှုပ်ထုပ်ကြီးက ကျွန်တော်တို့ မြန်မာနိုင်ငံကြီးက ဘယ်နည်းဘယ်ပုံနဲ့ စတင်ရိုက်ခတ်လာနေပလဲ ဆိုတာ။ ခရီးသွားအေဂျင်စီတွေ၊ ကျောက်မျက်ရတနာရောင်းပွဲတွေ ဘယ်နှာဖြစ်ကုန်ပလဲ မသိ။ ကဲဗျာ ထားပါတော့ ဟိုစစ ဒီစစ တိုလီမုတ်စ အမြင်တွေကို၊ နောက်ရေးမယ့် ၂ဝဝ၈ Review မှာတော့ ၂ဝဝ၈ နှစ်ဦးကနေ နောက်ဆုံးလအထိကြားမှာ ကောင်းကင်က ဂြိုဟ်တွေ ဘယ်လို စီးနင်းဖြတ်သန်းသွားလို့ ဒီလို သမိုင်းတင်ရမယ့် အဖြစ်တွေ ဖြစ်လာသလဲဆိုတာ တင်ဆက်ပါဦးမယ်။ ပညာပိုင်းဆိုင်ရာ အမြင်တွေမို့လို့ ပျင်းတော့ပျင်းသား။ ဒါပေမယ့် ဂန်းဂန်းတို့လို ဗေဒင်ဝါသနာရှင်၊ လေ့လာလိုသူတွေ အချင်းချင်း အတင်းတုတ်၊ သုတေသနလုပ်လို့ ရအောင် မှတ်တမ်းတင်တဲ့အနေနဲ့ ရေးသားရပေဦးမပေါ့။

9 comments:

myatnoe said...

ကောင်းတယ်ကွ
မှတ်တမ်းသဘောမျိုးလေးဖြစ်သွားတယ်

အမေရိကန်မှာလဲ မုန်တိုင်းဝင်မွှေသွားသေးတယ်လေ။
ဂျပန်ကတော့ ငလျင်ပေါ့ ..

၂၀၀၉ ရော လုပ်ပါဦးးးး

ပျူနိုင်ငံ said...

ဒီလိုပို့စ်မျိုးတွေ များများရေးသင့်တယ် ညီလေးရေ။

- said...

၂၀၀၉ လည်း လုပ်ပါဦး သိချင်ပါတယ်။

http://winzaw-mdy.blogspot.com

Aung said...

ကောင်းဗျို့ ၂၀၀၉ လဲ The Wheel of Fortune ပဲနော... ဘယ်တော့မှ The Sun ကားချပ်လေးကျမလဲမသိ

YoungGun said...

၂ဝဝ၉ က ပေါင်းခြင်း ၁၁ ရတယ်ဗျ။ ပေါင်းရင်တော့ နှစ်ရမယ်။ ၁၁ အတွဲက နည်းနည်းထူးဆန်းတယ်။ တချို့ဆရာတွေက Justice လို့ ခေါ်ပြီး တစ်ချို့ကျတော့ Strength လို့ပြောကြတယ်။ ဒါပေမယ့် ၁၁ ဟာ Justice ပဲဖြစ်ပါတယ်။ တရားသူကြီးလိုပဲ အမှန်တရားတွေကို ဖော်ထုတ်လှစ်ဟမယ့် နှစ်လို့ထင်တာပဲ။ တခြားအကြောင်းအကျိုးတွေလည်း ရှိသေးတယ်။ နောက်မှ ရေးတော့မယ်ဗျာ။

Aung said...

ဟုတ်တယ်ဗျို့ ငါ့နှယ် တော်တော်အူကြောင်ကြောင်နိုင်တဲ့ကောင်ပါလား... ၂ နဲ့ ၉ နဲ့ကို ၁၀ လုပ်ပစ်တယ် ဟီးဟီး

Andy said...

Justice ဆိုတော့ စိတ်ဝင်စားစရာပဲ

Anonymous said...

ဖင်္တရှုသွားပါတယ်ဗျာ။ ကိုယ့်ဆရာပြောတော့လဲ
ဟုတ်သလိုပဲဗျ ဟိ

ကိုပခန်း said...

ကျွန်တော်လည်း ရမ်းချင်တာပါပဲဗျာ ငဲ့ကွက်သောအားဖြင့်တွေက များနေလို့ဗျာ ၂၀၀၉ မှာတော့ ဇာတာတွေရမ်းဟောတော့မယ်ဗျာ ပိုစ်လေးတွေက မလောက်မငှ မပြည့်မစုံလေးမို့ မရမ်းရဲသေးဘူးဗျ ပိုစ်များစုံလို့ကတော့ ကိုရမ်းဂန်းနဲ့ အပြိုင် ဇာတာအဟောတွေပတ်ရမ်းမယ်ဗျ ကိုရမ်းဂန်းကြီးကလည်းကူဦးဗျို့ မှားတယ်ထင်လည်း ၀ိုင်းပြင်ကြပေါ့ဗျာ