Thursday, January 1, 2009

၂၀၀၉ မှာ ဘာဖြစ်မယ်၊ ညာဖြစ်မယ်


ကျွန်တော်မောင်ရန်းဂန်းကလည်း နည်းနည်းပါးပါးတတ်သိနေတော့ သူများတွေ အားကျပြီး အခု ၂၀၀၉ မှာ ဘာဖြစ်မလဲ ဆိုတာလေးကို ဟောကိန်းထုတ်ချင်ပါတယ်။

လာပါပြီ။ ၂၀၀၉ ခုနှစ်အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးရဲ့ ဂုဏ်ထူးဆောင် ဝေဒသုတေသနအဖွဲ့ကြီးဆီကနေ ထုတ်လိုက်တဲ့ ပြက္ခဒိန်တော်ကြီး။ သူရသာတီမယ်တော်ပုံအဖုံးနဲ့ပေါ့။ လက်ထဲရောက်လာလို့ လှန်လှောကြည့်ရှုမိပါတယ်။ ထုံးစံအတိုင်း လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်နဲ့ချီတဲ့ကာလက အရေးအသားတွေ၊ အယူအဆတွေ၊ ဥပဒေသတွေကို အရင်အတိုင်းပဲ မပြောင်းမလဲ တွေ့နေရတုန်းပါပဲ။ ဒါပေမယ့် ဒီနှစ် ၂၀၀၉ မှာတော့ ဘာတွေဖြစ်တော့မည် ဆိုတဲ့ ဟောကိန်းမျိုးတော့ မတွေ့ရပါဘူး။ သူတို့လည်း ဟောကိန်းတွေ လွဲလွန်းလို့ ရှက်တတ်လာပြီလို့ ထင်ပါတယ်။ သင်္ကြန်မတိုင်ခင်မှာလည်း ထပ်လာပါဦးမယ်။ သင်္ကြန်စာဆိုပြီး သိကြားမင်းက ဘယ်ဒင်းကိုစီး၊ ဘယ်သင်းကို လက်ကကိုင်ပြီး လူ့ပြည်ကို ဆင်းလာမယ်ဆိုတာ။ နောက်ပြီး မုန်တိုင်းငလျင်အကြောင်း ယောင်လို့တောင်မပါတဲ့ သကြားရည်ဆမ်း၊ သကာရည်လောင်း ဟောကိန်းတွေ လာပါဦးမယ်။

မြန်မာနိုင်ငံလောက် ဗေဒင်ဆရာပေါတဲ့တိုင်းပြည် ကမ္ဘာပေါ်မှာ ရှိမယ်မထင်။ ဗေဒင်ဆရာမျိုးစုံ၊ မတစ်ထောင်သားတွေက ဟောလိုက်တဲ့ ရှေ့ဖြစ်တွေ၊ ချေလိုက်တဲ့ ယတြာအစီအရင်တွေ၊ ရွတ်လိုက်တဲ့ ဂါထာတွေ၊ သူ့ဟာနဲ့သူ၊ သူ့အရပ်နဲ့သူ့ဇာတ်ကတော့ ဟုတ်နေတာပါပဲဗျာ။ အခု ၂၀၀၉ ခုနှစ်အတွက်လည်း ဗေဒင်ဆရာပေါက်စနကနေ ဗေဒင်ဆရာအကောင်ကြီးကြီးတွေအထိ မြန်မာနိုင်ငံတော်ကြီး ဘာဖြစ်မည်၊ ညာဖြစ်မည် ဆိုတဲ့ ဟောကိန်းတွေ ထုတ်နေပါပကောဗျာ။ အရင် ဟောကိန်းတွေကရောဆိုတော့ မှန်သည်လည်းရှိ၊ လွဲတာလည်း မနည်းပေါ့ခင်ဗျာ။ အခုလည်း….ဟဲဟဲဟဲ။။။

ကဲပါလေ။ ကျွန်တော်မောင်ရန်းဂန်းကလည်း နည်းနည်းပါးပါးတတ်သိနေတော့ သူများတွေ အားကျပြီး အခု ၂၀၀၉ မှာ ဘာဖြစ်မလဲ ဆိုတာလေးကို ဟောကိန်းထုတ်ချင်ပါတယ်။ ၂၀၀၉ မှာ Financial Crisis ဆိုတဲ့ ငွေကြေးအကျပ်အတည်းကြီး ဆက်လက်ဖြစ်ပွားမည်။ ကမ္ဘာ့ဒေသများစွာမှာ နောင်ဂျိန်စစ်ပွဲများစွာ ဆက်လက်ပလေးကြဦးမည်။ အမေရိကန်သမ္မတ အိုဘားမားအတွက် ယားလို့တောင် မကုတ်အားအောင် ခေါင်းမီးတောက်မည်။ ငလျင်မုန်တိုင်းများသည် ဟိုနားသည်နား ကြုံသလို ဖြစ်ပွားဦးမည်။ ကဲ.ဘယ်နှယ်လဲ ပစ်မလွဲဟောကိန်းတွေ ထုတ်လိုက်ပြီနော်။ မှန်ကို မှန်စေရမယ်။ စောင့်သာကြည့်ပေတော့။

အော်.. ကျွန်တော်တို့ အမိမြန်မာပြည်ကြီးအတွက်ကတော့ အခု ၂၀၀၉ ခုနှစ်မှာလည်း အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဦးမည်ပေါ့။ အဲလိုပဲ ပြောရမှာပဲ။ ဝေဒအဖွဲ့တွေတောင် မျက်နှာပြောင်တိုက်ပြီး ဟောကိန်းလှလှလေးတွေ ထုတ်နေတာကိုးဗျ။ မနှစ်တုန်းက သင်္ကြန်စာနဲ့ ဝေဒအဖွဲ့ကထုတ်တဲ့ ဟောကိန်းတွေမှာတော့ သမိုင်းတွင်နာဂစ်မုန်တိုင်းနဲ့ပက်သက်တဲ့ ဟောကိန်းလေး ယောင်လို့တောင် မတွေ့မိပေါင်။ ဖြစ်ပြီးမှသာ အေပီသတင်းဌာနကို မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့ ဒုဥက္ကဌဦးမြင့်လွင်က ကိုယ့်ကိုကိုယ် စိတ်ပျက်မိကြောင်း၊ သေဆုံးသူများအတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ နောင်ထပ်ကြိုးစား လေ့လာရဦးမည်ဖြစ်ကြောင်း ပြောတဲ့ အသံတော့ ကြားမိလိုက်ပါရဲ့။ ဒီနှစ်မှာလည်း အဲလိုတောင်းပန်သံလေး ကြားရဦးမလား မသိဘူး။ အံမယ်လေး.. မဦးမချွတ်နော်။ ဖွဟဲ့ ယောင်လို့။ ငါတို့ မြန်မာနိုင်ငံကြီး ဘာမှ မဖြစ်ပါစေနဲ့။ ငြိမ်းချမ်းပါစေ၊ အေးချမ်းပါစေ။ မြန်မာပြည်သူပြည်သားအပေါင်း ကောင်းခြင်းမင်္ဂလာအဖြာဖြာ ပြည့်စုံပါစေသော်ဝ်။။။

11 comments:

မိုးမောင်(happycloud) said...

ရမ်းဂန်း.. နင်နော်..နင်နော်.. ဖွဟဲ့..လွဲပါစေ..
တော်ပြီ.. ဘောလုံးပွဲလောင်းဖို့ ကိစ္စနင့်ကို အပူမကပ်တော့ဘူး.. နံကြားထိုးပြီးပဲ လောင်တော့မယ်.. :P

Upasaka said...

ကိုရမ်းဂန် ရေ ဟောထားတာလေးတွေ ဖတ်သွားတယ် နောက်ည်းရေးပါ လို့ မေတ္တာရပ် ခံပါတယ်

YoungGun said...

ဟုတ်ကဲ့ အတည်ပေါက်ကြီးဟောတဲ့ ဟောကွက်တွေ မကြာခင် ရေးဖြစ်မယ်ထင်ပါတယ်။ အခုတော့ သောက်ညင်ကပ်နေတဲ့၊ စိတ်အစာမကြေတဲ့ သူများဟောကိန်းတွေကိုပဲ ခပ်မိုက်မိုက်လှောင်ပြောင်နေမိတယ်ဗျာ။

pandora said...

ကြည့်ရတာ ဟောစာတမ်းကိုလည်း ဆင်ဆာဖြတ်ခံရတတ်တယ် ထင်ပါတယ်။
လွတ်လွတ်လပ်လပ် ဟော ဆိုရင် ဆရာတွေ ဘယ်လိုဟောကြမလဲ။

အိမ် said...

ဟိဟိ ဒီလိုပါပဲဗျာ ပညာရှင်ကြီးတွေ မမှန်တာ
တော့ မဖြစ်နိုင်ဘူးထင်တာပဲ နီးရာဓါးကြောက်
ရသလေ ဆရာ။ ဒိတော့ နားလည်ပေးလိုက်ပါဗျာ ဟီးဟီး

JulyDream said...

ဆင်ဆာလွတ်တဲ့ ဟောချက်တွေကတော့ ကောင်းလှချည်လားဗျာ။

အောင်သာငယ် said...

ပထမဆုံး လာလည်ပြီး ပထမဆုံး အကြိမ် မန့်တာပါဗျာ...
ဘာပဲဖြစ်ဖြစ် စာတပုဒ်ရဲ့ နောက်ကွယ်က စေတနာကို စာဖတ်ရင် မြင်ရတာပါပဲ...

ဟောကိန်းတွေ ဆက် ဖတ်ချင်ပါရဲ့ဗျား....

၂၀၀၉ မှာ အစစ အရာရာ အဆင် ပြေပါစေ...

YoungGun said...

မပန်ဒိုရာ ပြောသလို ဆင်ဆာ အဖြတ်ခံရတယ်ပဲထား၊ ကိုအိမ်ပြောသလို နီးရာဓါးကြောက်ရသည် ဆိုပဲထား၊ ဘာလို့များ ရုပ်တည်ကြီးနဲ့ ဂျာနယ်တွေမှာ လျှောက်ဟောပြနေရတာလဲဗျာ။ တစ်လောကပဲ ကြည့်ဦး။ ပြည်မြန်မာမှာ ဖတ်လိုက်ရတယ်။ သြဂုတ်လနေကြတ်အပြီး ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ သဘာဝတွင်းထွက်လုပ်ငန်းတွေ ကောင်းလာမယ်ဆိုတာ။ ဘယ်နှယ်လဲ။ အခု ငွေကြေးအကျပ်တည်းကြီးဖြစ်လာတော့ အဲဒီလုပ်ငန်းတွေပဲ ကားခနဲနေအောင် အရင်ထိသွားတာပဲ။ လွဲချက်ကယ်နာတဲ့ ဟောကွက်တွေပေါ့ဗျာ။ ကြောက်ရင်လည်း တိတ်တိတ်နေကြပေါ့။ အခုတော့ ဟုတ်ပေါင်...။

ShwunMi said...

ဟောကိန်းကို လာဖတ်ကြည့်တယ်.. ရယ်လည်းရယ်ချင် မရယ်လည်း မရယ်ချင်တော့ပါ ကိုရန်းဂန်း..

ကိုရန်းဂန်း အဆင်ပြေပါစေ။

ရွှေပြည်သူ said...

ဟောကိန်းက အတွေးတွေ ဆက်ပေးသွားပါတယ်။ အကောင်းဆုံးတွေပဲ ဖြစ်လာပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းနေမိတော့တာပါပဲ ကိုYoungGun ရေ...

တက်လူငယ် said...

ဆောင်းပါတွေကောင်းတယ်ဗျာ။

လာဖတ်သွားတယ်။

တက်လူငယ်