Wednesday, January 7, 2009

မြန်မာ့နက္ခတ်ပညာရှင်ကြီးများ၏ ပြောပြချက်များ

ဒီစာအုပ်မှာ မျက်ခုံးပင့်စရာ ဖြစ်အောင် ထူးခြားတာကတော့ ယတြာ၊ အစီအရင်တွေနဲ့ ပက်သက်ရင် လုံးဝမလုပ်တဲ့၊ အယုံအကြည်မရှိတဲ့ တစ်ခေတ်တခါက နိုင်ငံကျော်ဆရာစန္ဒြရဲ့ သား ဆရာဒေဝရဲ့ အင်တာဗျူး ဖြေကြားချက်တွေပဲ ဖြစ်ပါတယ်။

မြန်မာ့နက္ခတ်ပညာရှင်ကြီးများ၏ ပြောပြချက်များတဲ့။ စာအုပ်နာမည်က ထူးခြားနေသလို စာအုပ်ပါအကြောင်းအရာတွေကလည်း ဗေဒင်ဝါသနာရှင်များအဖို့ တကယ့်ကို အသုံးဝင်တာတွေ တွေ့ရပါတယ်။ ယနေ့နာမည်ကျော်ဆရာ့ဆရာ ပညာရှင်ကြီးတွေရဲ့ ဗေဒင်ပညာကို စတင်ဝါသနာပါခဲ့ပုံ၊ ပညာကို ဘယ်လိုသင်ယူလေ့ကျက်ခဲ့ရပုံ၊ နောက်တော့ ဗေဒင်ဆရာဘဝ၊ နုစဉ်ဖြတ်သန်းပုံကနေ ရင့်ကျက်လာချိန်အောင်မြင်လာချိန်အထိ အင်တာဗျူးဆရာ စကြာလုလင်က မေးမြန်းထားချက်တွေကို စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်ပါတယ်။ စာအုပ်မှာ ပါဝင်တဲ့ အင်တာအဗျူးခံရတဲ့ ဆရာတွေကတော့ စံ-ဇာဏီဘို၊ ဒေါက်တာဒဂုန်၊ ဆရာမိုးတားဦးထွန်းရှိန်၊ ဆရာဦးမြကြီး၊ ဆရာစံတင်အောင်(ရွှေဘို)၊ ဆရာကာလာစန်၊ ဆရာမြတ်စောလင်း၊ ဆရာမင်းသိန်း၊ ဆရာဒေဝ၊ ဆရာမလှလှစိန်၊ ဆရာမင်းဇယ၊ ဆရာဦးဆန်းလှိုင်၊ ဆရာဦးသန်းဝင်း(ညောင်ဦး)၊ ဆရာကံလင်းအောင် တို့ ဖြစ်ပါတယ်။

ဆရာတွေထဲမှာ ကျွန်တော် တလေးတစားနဲ့ ဦးဦးဖျားဖျား ဖတ်မိတာက ဆရာကာလာစန်၊ ဆရာဦးမြကြီး၊ မိုးတားဆရာဦးထွန်းရှိန်နဲ့ ဒေါက်တာဒဂုန် တို့ရဲ့ ဖြေကြားချက်တွေပဲ ဖြစ်ပါတယ်။ ပညာကို ပညာနဲ့တူအောင် လေ့လာပေါက်မြောက်ခဲ့သူတွေလို့ ကျွန်တော် ယူဆထားတဲ့အတွက် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မျက်ခုံးပင့်စရာ ဖြစ်အောင် ထူးခြားတာကတော့ ယတြာ၊ အစီအရင်တွေနဲ့ ပက်သက်ရင် လုံးဝမလုပ်တဲ့၊ အယုံအကြည်မရှိတဲ့ တစ်ခေတ်တခါက နိုင်ငံကျော်ဆရာစန္ဒြရဲ့ သား ဆရာဒေဝရဲ့ အင်တာဗျူး ဖြေကြားချက်တွေပဲ ဖြစ်ပါတယ်။ ဗေဒင်ဆရာအချင်းချင်း ရိုက်ပွဲဖြစ်လောက်တဲ့ သူ့ဖြေကြားချက်တွေကို သီးသန့် တင်ပြပါမယ်။ နောက်ပြီး ဆရာအသီးသီးရဲ့ ဖြေကြားချက်တွေထဲက ကျွန်တော်သဘောကျ နှစ်သက်မိတဲ့ စကားစုတွေ၊ ဖြေကြားချက်တွေ၊ လမ်းညွှန်ချက်တွေကိုလည်း ဒီပညာတွေအပေါ် ဝါသနာပါ၊ ယုံကြည်လေးစားသူတွေအတွက် ဗဟုသုတဖြစ်စရာ၊ တွေးတောစရာ၊ မှတ်သားကျင့်သုံးစရာတွေအဖြစ် အလျဉ်းသင့်သလို ပြန်လည်တင်ပြရေးသားပါဦးမယ်။ အော်..ဒီစာအုပ်က အောင်နိမိတ်ဂျာနယ် အပါတ်စဉ်မှာ ပါဝင်ခဲ့တဲ့ အင်တာဗျူးဆောင်းပါးတွေကို စုပေါင်းထုတ်ထားခြင်းဖြစ်ပါတယ်လို့ အင်တာဗျူးမေးမြန်းသူ ဆရာစကြာလုလင်က အဖွင့်အမှာစာမှာ ရေးသားထားပါတယ်။

ကျွန်တော့်အထင်ပြောရရင် ဒီလို ဗေဒင်ပညာရှင်ကြီးတွေကို အင်တာဗျူးမေးမြန်း စာအုပ်ထုတ်တာ ဒါဟာ ပထမဆုံးအကြိမ်လို့ ထင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ဗေဒင်ပညာရှင်တွေ၊ ဆရာကြီးတွေကို အမှတ်တရ အင်တာဗျူးမေးမြန်းထားတဲ့ စာအုပ်မျိုး မရှိသလောက်ရှားပါးတာမို့ ၀ယ်ရကျိုးနပ်တဲ့ စာအုပ်ဖြစ်ကြောင်း ၀ါသနာပါတဲ့သူတွေကို လက်တို့အသိပေးလိုက်ရပါတယ်။

5 comments:

အိမ် said...

စိတ်တော့ ၀င်စားစရာပါပဲဗျာ ဖြစ်နိုင်ရင် ပို့စ်အဖြစ် တင်ပေးဗျာ

cmo said...

ဒေါက်တာဒဂုန် ဆိုတာ ဘယ်သူလဲဗျ ဆေးကုတာလား သူ့အကြောင်းလေး သိချင်ပါတယ်။ သိရင်ပြောပြပေးပါဗျာ စိတ်ဝင်တစားမေးတာပါ

YoungGun said...

ဟာ..အစ်ကို ဒေါက်တာဒဂုန်ဆိုတာ ကျွန်တော်တို့ မင်းတုန်းမင်း၊ သီပေါမင်းတွေလက်ထက်တည်းက ပုဏ္ဍားမျိုးရိုးအစဉ်အလာရှိခဲ့တဲ့ မျိုးဆက်၊ လက်ရိုးလက်ဆန်းနဲ့လက်ခဏာကျမ်းတွေ အများကြီးပြုစုရင်း၊ ဗေဒင်ဆရာအဖြစ်လည်း ဟောပြောနေတဲ့ ဆရာကြီးပေါ့။ အိန်ဒိယကနေ နတ်ခတ်ဗေဒင်နဲ့ စမကျမ်းအကြောင်းတွေ စာတမ်းပြုစုပြီး ဒေါက်တာဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၀၅နဲ့ ၂၀၀၆ တွေမှာ ရရှိခဲ့တာပါ။ အခု ၂၀၀၉ မှာတော့ ကျွန်တော်တို့ အဘမင်းသိင်္ခက ရရှိတာဖြစ်ပါတယ်။

ဇေယျာမောင် said...

ဆရာလေးရေ
အယူအဆကောင်းလေးတွေ ကောက်နှုတ်တင်ပေးပါ
လက်ရိုးရော၊ လက်ဆန်းရောပေါ့

JulyDream said...

ရိုက်ပေါက်ဖြစ်စေတဲ့ ဖြေကြားချက်များကို စောင့်မျှော် ဖတ်ရှုနေပါမယ် ခင်ဗျာ။