Friday, January 16, 2009

ယိုသမျှ အပေါက်တွေ ပိတ်စေဖို့

ငွေကုန်ကြေးကျသက်သာစေတဲ့၊ ဝင်လာတဲ့ငွေမြဲစေတဲ့၊ ငွေယိုပေါက်တွေ ပိတ်စေမယ့် အစီအရင် ယတြာလေးဘာလေး လုပ်ဦးမှ။

အော်..ကိုယ့်ချွေးနည်းစာလေး၊ ခြေမကချွေး နဖူးပေါ်ပြန်တက်သွားလောက်အောင်၊ လည်ပင်းပေါ်ကခေါင်း မီးဟုန်းဟုန်းတောက်လောက်အောင်၊ ရှိသမျှ ဥာဏ်နီဥာဏ်နက် ဥာဏ်ကလက်တွေသုံးပြီး ရှာရဖွေရ၊ အင်ထုခဲ့ရတဲ့ငွေယားလေး၊ ဆရာအီကြာကွေး အဆိုအတိုင်းပြောရရင် ဖွတ်ကလိဒင်္ဂါးလေးက ဝင်လာမယ်မကြံသေးဘူး၊ အိတ်ထဲရောက်တာ ဖင်တောင်မနွေးသေးဘူး၊ လက်ထဲကိုင်တာ ငွေစော်တောင် မနံရသေးဘူး ။။ ဟောဗျာ ကုန်မယ့်အပေါက်တွေက ပေါ်လာလိုက်တာများ၊ ဝေါခနဲ ၀ဲခနဲပြန်ထွက်သွားလိုက်တာမှ ငွေဆိုတာ ရှာရတာတော့ ခက်မယ်။ ကုန်စရာထွက်စရာကျရင် ဆွေနဲ့မျိုးနဲ့ကို ပေါ်လာတတ်တာကိုးဗျ။ မဖြစ်မနေကုန်ရတာတွေရော၊ ကိုယ်လက်ကမြင်းလို့ ခြေကမြင်းလို့ ကုန်ရတာတွေရော၊ ရူးချင်ယောင်ဆောင်ပြီး မဆပ်ဘဲထားတဲ့ အကြွေးတွေ မရူးပြတတ်လို့ ပြန်ဆပ်လိုက်ရတာတွေနဲ့ရော ကြံဖန်ဝင်လာတဲ့ ငွေယားလေးတွေဟာ အဖော်နဲ့အပေါင်းနဲ့ကို ပြန်ထွက်သွားကြပါလေရောဗျာ။ အင်း... မဖြစ်ချေဘူး။ ဒီတိုင်းဆို မဖြစ်သေးဘူး။ ဟိုဟိုဒီဒီ ကျမ်းလေး၊ စာအုပ်လေး ပြန်လှန်လှောလိုက်ဦးမှပဲ။ ငွေကုန်ကြေးကျသက်သာစေတဲ့၊ ဝင်လာတဲ့ငွေမြဲစေတဲ့၊ ငွေယိုပေါက်တွေ ပိတ်စေမယ့် အစီအရင် ယတြာလေးဘာလေး လုပ်ဦးမှ။

အဘဆရာကြီးမင်းသိင်္ခရဲ့ တပည့်ဧကံသဆရာတွေကတော့ ငွေယိုပေါက်ကိုပိတ်စေတဲ့ အစီအရင်အဖြစ် ငါးသေတ္တာဗူးအသစ်ပေါ်မှာ ဖယောင်းတိုင်တင်ထွန်းပြီး ဆုတောင်းဆန္ဒပြုခိုင်းတယ်လို့ မှတ်သားဖူးပါတယ်။ အဘကိုယ်တိုင်ကလည်း ငွေကုန်ကြေးကျများလွန်းလို့၊ ဝင်လာတဲ့ငွေမမြဲလွန်းလို့ တားရော့ကားချပ်ထဲက နံပါတ် ၁၄ ၊ Temperance ကတ်ဒ်ပြားကို အဆောင်ပြုခဲ့ရတယ်လို့ ဖတ်ဖူးပါတယ်။

ဒါ့အပြင် အဘက ကြပ်ကြပ်သတိပေးထားတာ တစ်ခုရှိပါတယ်။ တခြားတော့မဟုတ်ပါဘူး။ ကိုယ့်ဝင်ငွေရဲ့ ဦးဦးဖျားဖျားငွေကို တခြားဟာတွေ၊ ပေါက်ပန်းလေးဆယ်တွေ ဘာမှ မသုံးခင် အိမ်က ဘုရားစင်မှာလိုအပ်တဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်အပါအဝင် ဘာသာရေးဆိုင်ရာ အလှူအတန်းတစ်ခုခုကို ပြုလုပ်ခိုင်းခြင်းပါပဲ။ ပြီးတော့ ဘုန်းကြီးကျောင်း၊ စာသင်တိုက်တွေဆီ ကိုယ့်ဝင်ငွေထဲက တတ်နိုင်သလောက်ဖယ်ထားတဲ့ ငွေလေးကို သွားလှူခိုင်းပါတယ်။ ဒါမှသာ ဝင်သမျှငွေမြဲမယ်၊ ခိုင်မာမယ်လို့ ဆိုမိန့်ခဲ့ပါတယ်။

ကဲ.. ဒီနည်းတွေသုံးပြီး ဝင်သမျှငွေလေးမြဲဖို့၊ စုမိဆောင်းမိဖို့ စီရင်စမ်းသပ်ကြည့်ပါဦးမယ်။ စိတ်ဝင်စားတဲ့သူတွေလည်း ယုံကြည်လေးနက်စွာ သုံးကြည့်နိုင်ပါတယ်။ အော် အခုန ဟာသဝေဖန်ရေး စာရေးဆရာကြီးအီကြာကွေးကတော့ သူ့သရော်စာတစ်ပုဒ်မှာ ဒီလိုရေးသားခဲ့ပါတယ်။ ဖွက်ကလိဒင်္ဂါးငွေယားလေး မမြဲရင်၊ ဝင်သမျှ ရှာသမျှ ငွေတွေ ဆီလိုအပေါက်ရှာထွက်နေရင် နည်းလမ်းက တစ်ခုပဲရှိပါတယ်တဲ့။ တခြားတော့ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ အစာအိမ်ကို ခွဲစိတ်ဖြတ်တောက်လိုက်ပါတဲ့။ အစာအိမ်ကို ဖြတ်ထားလိုက်ရင်တော့ အနည်းနဲ့အများဆိုသလို ဝမ်းတစ်ထွာအတွက် ငွေကုန်မှာ မပူရဘူးပေါ့နော။။

6 comments:

JulyDream said...

ကျွန်တော်လို လက်ဖွာတတ်တဲ့သူကို သတိပေးတာလားတော့ မသိဘူး။ ကျွန်တော့် တာ့ရော့ကဒ်ရဲ့ အဖွင့်ကဒ်က အဲဒီ ခြိုးခြံချွေတာခြင်း ကဒ်ပါပဲ ခင်ဗျာ။

Anonymous said...

ကိုရမ်းဖျန်း.. အဲလေ ကိုရမ်းဂန်းရေ ကျနော်က
တော့ လစာက လက်ထဲကို မရောက်တာဗျ
လစာကြိုထုတ်သုံးလို့လေ ဘာဖြစ်ဖြစ်အခုလို
မျှဝေတာ ရှဲရှဲပါ

လူလ said...

မင်္ဂလာပါ ကိုရမ်းဂန်း

ဘဏ်ကဒ်သုံးရင် ဘယ်လို စီရင်မလဲဟင်၊ လခထုတ်တဲ့နေ့မှာ ကဒ်ကို အမွေးတိုင်လေးပေါ့ ဒီလိုလား၊ ခင်လို့ စတာပါ၊
လာဖတ်သွားတယ်ဗျို့.. အားပေးနေပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

December Cinderella said...

ဘယ်လိုပဲဖြစ်ဖြစ်
လှုဖို့တန်းဖို့၊ အိမ်က မိသားစုကို
တတ်နိုင်သမျှ ထောက်ပံ့ဖို့ဆိုတာတော့
အရင်စဉ်းစားလုပ်လိုက်ပါရဲ့ ..
ပြီးတော့လဲ Bank Card ထဲမှာ ရှိသမျှ
ထမင်းဖိုးနဲ့ MRT ဖိုးပဲ ချန်ပြီး
အကုန်သုံးလေ့ရှိတယ်။
ဒီထက့်လွန်ကဲစွာသုံးမိသွားရင်
ရုံးတော့ မသွားပဲနေလို့မရလို့ MRT ခ ချန်ပြီး
အစာအိမ်ကိုတော့ တ၀က်ချုံ့လိုက်ရတယ်။
ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ ..
နောက်လတွေ ပိုလှုကြည့်လိုက်မယ် ..
ငွေလေးမြဲမလားလို့ ..နော်
ကျေးဇူး မောင်ကလေး

Andy said...

ကျနော်အဲဒီကဒ်သုံးကြည့်တယ်... ကျနော်ကပဲ အသုံးအဖြုံးဝါရင့်နေတာလား တခုခုပဲလိုနေလားတော့မသိဘူး... ဒုံရင်းကဒုံရင်းပဲဗျာ...

အဲ...ဆရာကြီးပြောသလို ပေါက်ပန်းဈေးသုံးပစ်မိတာတော့ဝန်ခံရမယ် ဟီးဟီး

YoungGun said...

ဖြစ်နိုင်တယ်ဗျ။ ကိုအန်ဒီရ။ ကျနော်တို့လာဘ်ဦးဖျားဆို ပေါက်ကရချည်းသုံးပစ်နေတာ။ တကယ်က ကုလိုလ်ရေးမသုံးဖြစ်တောင် အကုသိုလ်ရေးမှာ မသုံးအပ်ဘူးထင်တာပဲ။ တားရော့ဒ်ကတ်က ဒီတိုင်းဆောင်ထားရုံနဲ့တော့ မနိုးထလောက်ဘူးထင်ပါတယ်။ တားရော့ဆရာတွေဆီ ကြုံရင်မေးသာကြည့်ဗျာ။ ကျနော်ကတော့ သိပ်နားမလည်ဘူး။