Thursday, January 22, 2009

အိုဘားမား= CHANGE

ကျွန်တော်မောင်ရန်းဂန်းကလည်း ကိုယ့်ဖာသာ ဟောကိန်းမထုတ်နိုင်ပေမယ့် အိုဘားမားနဲ့ ပက်သက်လို့ မြန်မာဗေဒင်ပညာရှင်တွေရဲ့ ဟောကိန်းတွေကို အခုလို စုစည်းဖော်ပြလိုက်ရပါတယ်။


ဒီရက်ပိုင်း မီဒီယာတွေများ သွားမကြည့်လိုက်နဲ့၊ ကြည့်လိုက်တာနဲ့ အိုဘားမားမျက်နှာကြီးက ၀င်းလက်နေပါတယ်။ ကမ္ဘာကျော်သတင်းဌာနတွေက အစ၊ အပျင်းပြေရေးတဲ့ ဘလော့ဂ်စာမျက်နှာတွေ အဆုံး၊ အိုဘားမားဆိုတဲ့ စာလုံးက အများဆုံး နေရာယူထားပါတယ်။ ဒီမှာတင် နိုင်ငံအသီးသီးက ဗေဒင်ဆရာတွေကလည်း အိုဘားမားသည် လုပ်ကြံခံရကိန်းရှိပြီး အမေရိကန်သမ္မတအဖြစ် သက်တမ်းရှည်ဖွယ် မရှိလို့ ဟောကိန်းထုတ်နေကြပါတယ်။ ဒီတော့ကာ ကျွန်တော်မောင်ရန်းဂန်းကလည်း ကိုယ့်ဖာသာဟောကိန်းမထုတ်နိုင်ပေမယ့် ဟောနိုင်တဲ့ ဆရာ့ဆရာပညာရှင်တွေရဲ့ အိုဘားမားနဲ့ပက်သက်တဲ့ မြန်မာဗေဒင်ပညာရှင်တွေရဲ့ ဟောကိန်းတွေကို အခုလို စုစည်းဖော်ပြလိုက်ရပါတယ်။

ပထမဆုံးဖော်ပြချင်တာက အိုဘားမားနဲ့ ပက်သက်လို့ အခုမှ တစ်ရေးနိုးပြီး ပူပူနွေးနွေး ထဟောလိုက်တဲ့ မြန်မာကျော်ဗေဒင်ဆရာ စံဇာဏီဘိုရဲ့ဟောပြောချက် ဖြစ်ပါတယ်။ ဟောဒီ သံလွင်အိပ်မက်ဝက်ဘ်ဆိုဒ်မှာ သူ့ဟောကိန်းကို သွားဖတ်ကြည့်နိုင်ပါတယ်။ လေ့လာမိသလောက်ဆိုရင် နိုင်ငံရပ်ခြားဗေဒင်ဆရာတွေကတော့ အိုဘားမားကို လုပ်ကြံခံရပြီး သမ္မတသက်တမ်းမရှည်ဘဲ သူ့အစား ဒုသမ္မတက တာဝန်ယူဖို့များတယ်လို့ ဟောပြောကြပါတယ်။ ဆရာစံဇာဏီဘိုကတော့ အိုဘားမားဟာ လုပ်ကြံခံရဘေးကနေ လွတ်မြောက်ပြီး နောက်ထပ်သမ္မတသက်တမ်းတောင် တိုးဦးမယ် လို့ ဟောပါတယ်။ ကဲ.. ဘယ်လိုလဲ။ စောင့်ကြည့်ရတာပေါ့နော်။

အခုတစ်ခါ ထပ်ညွှန်းချင်တာကတော့ မြန်မာရိုးရာဗေဒင်ဘလော့ဂ်က ဆရာတေးအေးရိပ်နဲ့ ဆရာဇေယျာမောင်တို့ရဲ့ အိုဘားမားနဲ့ပက်သက်တဲ့ ဟောကိန်းတွေပါပဲ။ ဆရာနှစ်ဦးကတော့ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီတည်းက ဟောခဲ့တာပါ။ ဆရာတေးအေးရိပ်က အိုဘားမား VS စေတန်မားစ် လို့ ဟောပြောခဲ့သလို၊ ဆရာဇေယျာမောင်က အို…ဘားမား ဆိုတဲ့ နိမိတ်ဖတ်ဆောင်းပါးနဲ့ ဟောပြောထားပါတယ်။ စာမြည်းအနေနဲ့ ဖော်ပြရရင် ဆရာတေးအေးရိပ်က အိုဘားမားအနေနဲ့  သမ္မတ ဖြစ်ခြင်းဟာ သေမည့်နေ့ စစ်ထဲဝင်တဲ့ သူ အဖြစ်နဲ့ တူနေပြီး သူ့ကိုင်တွယ်တဲ့အခါမှ အမေရိကန်ပြည်ဟာ အဓိကရုဏ်းတွေ ပိုမို ပြင်းထန် အားကြီးလာမယ်လို့ ယူဆမိပါတယ် လို့ ဟောထားပါတယ်။ ဆရာဇေယျာမောင်ကလည်း ရွာပျက်တဲ့နှစ် သူကြီးဖြစ်ကိန်းပဲလား၊ သူကြီးဖြစ်လို့ ပဲ ရွာပျက်မှာလား။ လို့ မေးခွန်းထုတ် ဟောကိန်းမျိုး ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးတင်ပြချင်တဲ့ အိုဘားမားအတွက် တင်ကြိုဟောကိန်းကတော့ If a black pearl is in the white house ဆိုတဲ့ ကမ္ဘာကျော်မြန်မာ့ဟောကိန်းတွေ တင်ဆက်နေကျ၊ မြန်မာနက္ခတ်ပညာရှင် ဆရာဘဲလားလေဘာတီရဲ့ ဟောကိန်းပဲ ဖြစ်ပါတယ်။ သူ့ဟောကိန်းကိုတော့ အင်္ဂလိပ်လိုရေးသားထားပြီး စိတ်ဝင်စားစရာအကောင်းဆုံးကတော့ So it would not be wrong to say that if a black pearl is in the white house that would be heading to the worst. ဆိုတဲ့ စာတမ်းလေးပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက အိုဘားမားသမ္မတဖြစ်လာခြင်းကို အကောင်းဆုံးမျှော်လင့်ပြီး အပြုသဘောရှုမြင်ကြပေမယ့် အတွေးအခေါ်ပါတဲ့ နက္ခတ်ပညာရပ်အရ အိုဘားမား သမ္မတဖြစ်လာခြင်းဟာ စူပါပါဝါအဖြစ်ကနေ ယိုင်နဲ့လာပြီဖြစ်တဲ့ အမေရိကန်အတွက် နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းသလို ဖြစ်လာဦးမယ်လို့ အပြတ်ကို ဟောကိန်း ထုတ်ထားပါတယ်။

ဟုတ်ကဲ့။ ကျွန်တော်မောင်ရန်းဂန်းကတော့ ဒီပို့စ်တင်မယ့်နေ့မှာပဲ ဟိုဟိုဒီဒီသတင်းတွေ မျက်စိကစားမိရင်း ထူးထူးခြားခြား အိုဘားမားရဲ့ သတင်းလေးတစ်ပုဒ် သွားတွေ့မိပါတယ်။ ဒီလိုပါ။

“ အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲနေ့က အိုဘားမားနှင့် ကျမ်းတိုင်ပေးသည့် ဥသျှောင်တရားသူကြီးတို့ကြား စိတ်လှုပ်ရှားပြီး စကားကျန်သွားသည်ကို တစ်ကမ္ဘာလုံးက သိသွားပြီးနောက် အမေရိကန်သမ္မတများ သက်တမ်းမှာ ရှားရှားပါးပါး ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုပွဲ ထပ်လုပ်ရသည်။ “ တဲ့။ အင်း .. နိမိတ်လား ဘာလားတော့ မသိဘူး။ အိုဘားမားကြီးက ကျမ်းစာကို နှစ်ထပ်ရှိမှ မှတ်မိမယ် လို့ယူဆတာလား။ ကျိန်းကျေအောင် ယတြာပြုလိုက်တာများလားနော်။

3 comments:

Welcome said...

ဖတ်သွားတယ်အစ်ကို၊
သူ့အကြောင်း ပြည့်၂စုံ၂ လေ့လာပါအုန်းမယ်။

Andy said...

အိုဘားမား အိုဘားမား

အိမ် said...

ကျနော်တို့ နိုင်ငံက ဆရာကြီးများကိုရော ဗေဒင်လေး တွက်ကြည့်ပေးပါဦးဗျ။