Tuesday, February 3, 2009

နဂါးခံတွင်းသို့


တစ်ကမ္ဘာလုံးက လူတွေ၊ ယာဉ်တွေ၊ သင်္ဘောတွေလည်း အဲဒီလ အဲဒီရက်မှာ နဂါးခံတွင်းထဲ ၀င်ထွက်သွားလာ နေကြတာပါပဲ။

ပြဿဒါးတို့၊ ရက်ရာဇာတို့ကတော့ ဟုတ်ပါပြီ။ နဂါးခေါင်းလှည့်တယ်ဆိုတာက ဘာကြီးတုန်း၊ ဘယ်လိုသုံးတာတုန်း… ဆိုပြီး မေးခွန်းထုတ်၊ ခေါင်းစားလေ့ရှိတဲ့ ကိုယ်လိုဝါသနာရှင်တွေအတွက်၊ နောက်ပြီး မြန်မာ့ရိုးရာ အခါပေးပညာတွေကို ယုံကြည်မြတ်နိုး သုံးစွဲသူတွေအတွက် သိထားတာလေး နည်းနည်း ရှဲလိုက်ပါတယ်။

ဒီလိုပါဗျာ။ ရှေးရှေးတုန်းက လင်္ကာတိုလေးတစ်ခု ရှိတယ်။ “ တတာက နောက်၊ န၀ါဝါ မြောက်၊ တောင်ကျွတ်မုန်း ရှေ့၊ နတ်ပြာတွဲ တောင်၊ ဘုန်းခေါင်ဖျား၊ နတ်ဝါး၊ ခေါင်းဖျားလှည့်ရပ်၊ မသွားအပ် “ တဲ့။ ဆိုလိုတာကတော့ ဥပမာ၊ အခု တပို့တွဲလဆိုရင် အဲဒီလင်္ကာလေးမှာပါတဲ့၊ နတ်ပြာတွဲ တောင် နတ်တော်၊ ပြသိုနဲ့ တပို့တွဲ ဆိုတဲ့အတိုင်း နဂါးခေါင်းက တောင်ဘက် လှည့်နေတယ်ပေါ့။ ဒီတော့ ဘာဖြစ်မလဲ။ နဂါးခေါင်းက တောင်ဘက်လှည့်နေတယ်ဆိုတော့ မြောက်ဘက်ကို မသွားသင့်ဘူးပေါ့။ တောင်အရပ်ရဲ့ ဆန့်ကျင်ဘက် မြောက်ဘက်ဆီသွားမိရင် နဂါးခံတွင်းထဲ ၀င်မိသလို ဖြစ်ပြီး ခံတွင်းကနေ ဗိုက်ဗိုက်ထဲအထိ ၀င်ရောက်သွားမှာ ဖြစ်ပါတယ်။ နဂါးခံတွင်းထဲ ၀င်မိတော့ ဘာဖြစ်တုန်းပေါ့။ ဘာမှတော့ မဖြစ်ပါဘူး။ တစ်ကမ္ဘာလုံးက လူတွေ၊ ယာဉ်တွေ၊ သင်္ဘောတွေလည်း အဲဒီလ အဲဒီရက်မှာ နဂါးခံတွင်းထဲ ၀င်ထွက်သွားလာ နေကြတာပါပဲ။ နဂါးခံတွင်းတင် မကဘူး။ စအိုထိတောင် ပေါက်မတတ်ပါပဲ။ သွားလာ ၀င်ရောက်နေကြတာ။ ဘာဖြစ်သတုန်း။ ဘာမှ မဖြစ်ကြပါဘူး။ ဒါပေမယ့် အိမ်၊ အလုပ်ခန်း၊ စတဲ့ အပြောင်းအလဲကြီးတွေ လုပ်တဲ့အခါမှာတော့ နဂါးခံတွင်းထဲ ၀င်တဲ့အဖြစ်မျိုးကို ရှောင်ကျဉ်သင့်ပါတယ်။

အလွယ်တကူ သိနိုင်ဖို့အတွက် ဥပမာ နောက်တစ်ခုနဲ့ ထပ်ရှင်းရရင် ပြက္ခဒိန်မှာ နဂါးခေါင်း အရှေ့လှည့်၏ ဆိုရင် ကိုယ်က အနောက်အရပ်မသွားမိစေနဲ့ပေါ့။ နဂါးခေါင်း အနောက်လှည့်တယ်ဆိုရင် အရှေ့အရပ် မသွားမိစေနဲ့ပေါ့။ ဒါပါပဲ။ ရှင်းရှင်းလေးပါ။ ဒါပေမယ့် ခေတ်မီသူလိုလို၊ သိပံ္ပသမားလိုလို၊ ဘာသာရေးသမားကြီးလိုလိုနဲ့ နဂါးခံတွင်းထဲ တည့်တည့် အကြိမ်ကြိမ် ၀င်တိုးမိလာရင်တော့..အင်း.. မယုံရင် စမ်းသပ်ကြည့်လိုက်ကြပါ။ ဒီမှာတော့ အကျယ်တ၀ံ့ ထပ်မပြောချင်တော့ပါဘူး။ ကျမ်းစာအရတော့ နဂါးခံတွင်းကို မရှောင်နိုင်ရင် သောကများ၊ ဒုက္ခများတတ်ပါတယ်။ ဘေးဥပါဒ်နဲ့ ကြုံရတတ်ပါတယ်။ မသွားကောင်း၊ မသွားအပ်တဲ့ အရပ်လို့ ပြတ်ပြတ်သားသားကို ရေးသားဖွင့်ဆိုခဲ့ပါတယ်။

နဂါးလှည့်က မြန်မာ့ရိုးရာပြက္ခဒိန်တွေမှာ ပါနေကျဖြစ်ပါတယ်။ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ အော်.. နဂါးလှည့်လိုမျိုး နတ်နေ၊ လာဘ်နေ၊ စက်နေဆိုတဲ့ အရပ်ဒေသ ရွေးချယ်မှုဆိုင်ရာ မြန်မာ့ရိုးရာပညာတွေလည်း ရှိသေးတယ်။ နောက် ကြုံမှ ထပ်ရေးဦးမယ်ဗျာ။

7 comments:

JulyDream said...

အခု ဘလော့ဂ်လေးကို လာဖို့အတွက် နဂါးခေါင်း ဘယ်အရပ်ကို လှည့်နေလဲ ခင်ဗျ။ :)

ငယ်ငယ်တုန်းက အဲဒါကို အတော် အုံးစားခဲ့တယ်။ နဂါးခေါင်း လှည့်တာ ဘာလုပ်ဖို့လဲပေါ့။ ကြီးလာမှ စာတွေ ဖတ်ကြည့်ရင် နည်းနည်း သိလာတယ်။ အခုတော့ ပိုသိသွားပါပြီ ခင်ဗျာ။

မိုးမောင်(happycloud) said...

အိမ်း... ခုမှပဲ.. ပြက္ခဒိန်ထဲက နဂါးခေါင်းလှည့်ခြင်းရဲ့ အဓိပ္ပါယ်ကို သိတော့တယ်ကွယ်...။ စိတ်ထဲ ထင်ထင်ရှားရှား မှတ်သားသွားပါတယ် ဂန်းကြီးရေ။

အောင်မြေ said...

တန်ဖိုးရှိတဲ့ စာကောင်းလေးတွေပါ။
အမြဲလာဖတ်ဖြစ်ပေမယ့် လိုင်းမကောင်းတာနဲ့ ဘာမှ မရေးဖြစ်ခဲ့ပါဘူး။

Welcome said...

ပို့စ်ကိုဖတ်ပြီး ချစ်တဲ့ အဖွားကို သွားသတိရတယ်။ ဘာပဲလုပ်လုပ်၊ ဘယ်ကိုပဲ သွားသွား ပြက္ခဒိန်မှာ ရေးထားတဲ့ နဂါးလှည့် ဆိုတာကို သိပ်ပြီး အစွဲကြီးပါတယ်။ ငယ်တုန်းက အဖွားကို လှောင်ခဲ့ပေမယ့် အဖွားဆုံးမခဲ့တဲ့ အတိုင်းပဲ လိုက်လုပ်ခဲ့ပါတယ်။ ခုလို ဂဃနဏ တော့ မသိခဲ့ပါဘူး။ ပို့စ်လေးအတွက် ကျေးဇူးပါ

pandora said...

ဗဟုသုတတွေ လာဖတ်သွားတယ်.။ အဲလိုတွေ တွက်ကြည့်ရမှာ ပျင်းတတ်လို့ ခက်နေတယ်။

ရွှန်းမီ said...

နှစ်တိုင်း နဂါးခေါင်းက အစဉ်အတိုင်း လှည့်နေတာ ဆိုရင် မိုးလေ၀သ ခန့်မှန်းချက်တစ်မျိုးများလား .. ??

YoungGun said...

ဖြစ်နိုင်တာပေါ့ မရွှန်းမီရေ။ ကျနော်တောင် အဲလိုမစဉ်းစားမိဘူး။ လမ်းစတစ်ခုဆီ ပြလိုက်သလိုပါပဲ။ ကျေးဇူးတင်ပါတယ်ဗျား