Tuesday, February 10, 2009

ရိုးရာဗေဒင်အစွဲများ


ဒီစာစုလေးတွေအတိုင်း တစ်ထစ်ချဖြစ်ရမယ်လို့ တရားသေမမှတ်နိုင်သလို အလကား အယူသီးတာတွေပါကွာလို့ ဆိုပြီးလည်း ပစ်ပယ်လို့ မရသေးပါဘူး။

တနင်္ဂနွေသားသမီးတွေများ ဆံပင်ကောက်၊ ဆံပင်မကောက်ရင် စိတ်ကောက်တယ်တဲ့။

တနင်္လာနေ့များ ခရီးသွားလို့ကတော့ နှစ်ခါသွားရ၊ အလုပ်ဆိုလည်း နှစ်ခါပြန်လုပ်ရသတဲ့။

အင်္ဂါသားသမီးများ တစ်အိမ်ထဲ သုံးယောက်သွားမထားနဲ့။ ဂူတစ်ဂူထဲနှစ်ကောင်တောင် မအောင်းတဲ့ ခြင်္သေ့တွေ၊ သုံးကောင်ဆို ပြီးရောပဲတဲ့။

စနေ၊ ဗုဒ္ဒဟူး၊ ရူးတောင် ထမင်းမငတ်ဘူးတဲ့။ အဲဒီလင်္ကာလေးများ ရွတ်ပြလိုက်လို့ကတော့ စနေ၊ ဗုဒ္ဒဟူးစုံတွဲတွေများ သွားကိုဖြီးနေတာပဲ။

ကြာသပတေးနေ့ကျမှ ကျောင်းအပ်တာပေါ့။ အဲဒီနေ့က ဂုရုဆိုတဲ့ ဆရာသမားနေ့ဆိုတော့လေ။ ကျောင်းအပ်လို့ကောင်းတဲ့ ရက်ကောင်းရက်မြတ်ပေါ့။

သောကြာရေကြောင်း မသွားကောင်းတဲ့။ သောကြာသားတွေများ စကားတယ်များသကိုး။

သားဦးစနေ မီးလိုမွှေတဲ့။ သားဦးသမီးဦးများ စနေနေ့မွေးလာလို့ကတော့ မချောင်ဘူးမှတ်။ ငါ့ကို ဘာမှတ်လဲ။ စနေသား နေတက်ရေတက်မှာ မွေးတာ။ စနေသမီး အားကြီး စိတ်ကြီးတယ်နော။

မြန်မာမှုနယ်ပယ်၊ အထူးသဖြင့် ကျေးလက်ဒေသနဲ့ နယ်မြို့လေးတွေမှာ အခုချိန်ထိ လူပြောသူပြောများနေဆဲ၊ ထုံးတန်းစဉ်လာလိုဖြစ်နေတဲ့ ဗေဒင်နဲ့ပက်သက်တဲ့ စကားစုလေးတွေပါ။ ကျွန်တော် လက်လမ်းမမီတဲ့၊ မမှတ်မိတော့တဲ့၊ မသိသေးတဲ့ စာစုလေးတွေလည်း ရှိဦးမှာပါ။ ပြောချင်တာက ဒီစာစုလေးတွေအတိုင်း တစ်ထစ်ချဖြစ်ရမယ်လို့ တရားသေမမှတ်နိုင်သလို အလကား အယူသီးတာတွေပါကွာလို့ ဆိုပြီးလည်း ပစ်ပယ်လို့ မရသေးပါဘူး။ ကျွန်တော်တို့ ဗေဒင်ဝါသနာရှင်တွေအတွက် အဲဒီစကားစုလေးတွေမှာ မြှပ်ကွက်တွေ ရှိနေမယ်လို့ ယူဆရပါတယ်။ ဗေဒင်ဝါသနာမပါသူ၊ မယုံသူတွေကတော့ ဥပေက္ခာပြုသွားလို့ရပါတယ်။ ပညာရပ်တစ်ခုလို လေ့လာချင်သူ၊ စိတ်ဝင်စားသူတွေကတော့ ဆက်လေ့လာရဦးမှာပါ။ ကိုယ်သိထားတဲ့ ဗေဒင်စကားစုလေးတွေ၊ ရှိရင်လည်း ကွန်းမန့်မှာ လက်တို့ အသိပေးခဲ့ပါဦး။

7 comments:

Anonymous said...

မွေးနေ့သောကြာတနင်္လာ ကေသာဆံညှပ်မပြုရတဲ့

အစကအဲလိုလိုက်နာတာ သေချာတွက်ကြည့်တော့ ကိုယ့်မွေးနေ့က ၁နွေကွာ ..ဒါဆို ၁ပတ်မှာ ၃ရက်တောင် ခေါင်းမလျှော် ရသလို အလျဉ်းသင့်သလို ဆံပင်မညှပ်နိုင်ဘူးပေါ့။

ပီးတော့တခါ ဗုဒဟူးနေ့ခေါင်းလျှော်ရင် ၄၅ရက်လာဘ်တိတ်ပြန်သတဲ့။ကဲ ဘယ်လောက်ဆိုးသလဲ...

နောက်တော့ ဝေဒသုတေသီက ဆရာမတယောက်ကပြောတာရယ် စာအုပ်တအုပ်မှာဖတ်ဖူးတာရယ် ။နဲ့ ကိုယ့်မွေးနံရဲ့ အညွန့်နေ့မှာပဲ ကေသာဆံညှပ်ခြင်းခေါင်းမလျှော်ခြင်းလုပ်တော့တယ်။ဟဲဟဲ
ခုတော့ ၁ရက်ခြားတခါပဲ ၂ နေကလွဲလို့ပေါ့


မြတ်နိုး

ရွှန်းမီ said...

"သားဦးစနေ မီးလိုမွှေ၊ သားနှောင်းစနေ ဒေါင်းအိုးဝေ" ဆိုတာ ကြားဖူးတယ်။ အဲ့လိုအယူတွေကို သဘောမတွေ့ဘူး။ နေတက်ရေတက်မှာမွေးတဲ့ စနေသားသမီးပဲ ဆိုးတာလား။ တနင်္ဂနွေသားသမီး ကောက်လား ဆိုတော့ လူဆိုတာ အကုန်ဖြောင့်နေတာ ရှားသားပဲ။ အဲ့ဒီတိုင်း တကယ်ဟုတ်ရင် ကလေးမမွေးရ ပိတ်ရက်ပါ ထားသင့်တယ်။
တချို့ စကားတွေက ဗေဒင်နဲ့ပတ်သက်တယ်လို့တောင် မထင်ဘူး.. ဘလိုင်းကြီး နေ့နံလိုက်ပြီး လိုရာဆွဲပြောတာ လို့ ထင်မိတာ။

တားမြစ် ထားသော... said...

ကြုံဖူးတာတစ်ခုတော့ ပြောအုံးမယ်။
တစ်ခါက ကျွန်တော့်အကိုရဲ့ အမျိုးသမီး မီးဖွားတော့ ဆေးရုံမှာ သူ့ဘေးက အမျိုးသမီးကလည်း ကလေးလာမွေးတာ။ ခေတ်နည်းပညာတွေနဲ့ ယောက်ျားလေးဆိုတာ သိသတဲ့ - စနေနေ့မွေးချင်လို့ ဆေးထိုးထားပြီး စနေကိုစောင့်နေသတဲ့။
ဒီဘက်က မြန်မြန်မွေးချင်နေတဲ့ ကျွန်တော့်မရီးက သူ့ကိုပဲ စိတ်ဆိုးရမလိုလို...

သုခမိန်(E-Journal)

Welcome said...

ပစ်ပယ်လို့မရတဲ့ ရှေးထုံးလေးတွေ အမှတ်တရ ယူသွားပါတယ်ဗျာ
လေးစားလျက်..

My Diary said...

တို့က ကြသပတေးသမီးလေ
မွေးနေ့တိုင်းခေါင်းလျှော်တယ်
:)

vanko said...

အဟား. . ကျွန်တော်က တနင်္ဂနွေဗျ။ ဆံပင်က နည်းနည်းလေးရှည်လာတာနဲ့ ကောက်ကောက်သွားလို့ စိတ်ညစ်နေတာ။ အခုတော့ အဲဒါကိုပဲ ကျေးဇူးတင်ရမလို။ :P

ရွှေပြည်သူ said...

ကို YoungGun ပြောသလိုပါပဲ။ ပုံသေကြီးမမြဲမမှန်နိုင်ပေမယ့် ပစ်ပယ်လို့လည်း မရတာလေးတွေပါ။ တစုတစည်းထဲ ပြန်ဝေမျှတာ ကျေးဇူးတင်ပါတယ်ရှင်