Saturday, February 14, 2009

ဗေဒင်ဘာ့ကြောင့် မှားသင့်သလဲ


ဗေဒင်ပညာ၏ ဗေဒင်မှန်ခြင်း၊ မမှန်ရခြင်း၏ သဘောသဘာဝကို ပိုမို နက်နဲစွာ သိမြင်ရေး ရှေးရှုလျက် ထပ်ဆင့်ပြန်လည် ဖော်ပြလိုက်ရပါသည်။

ဗေဒင်ပညာ၏ မကျေနပ်ဖွယ်အကောင်းဆုံးသော အပိုင်းကား အနာဂတ်အဖြစ်အပျက်ကို တွက်ချက်ဟောပြောရသော အပိုင်းပင်ဖြစ်သည်။ ယခုအချိန်အထိ အားထားရလောက်သော အကျိုးကိုပေးမည့် ဗေဒင်ဟောနည်းစနစ်ကို မတွေ့ရသေး။ အချို့သောဟောကိန်းများသည် အဘယ့်ကြောင့် မိုးကြိုးပစ်သံနှင့် အလားတူစွာ အတိအကျဖြစ်ပေါ်လာရသနည်း။ အချို့သော ဟောကိန်းသည် သိသိသာသာ မဖြစ်ဘဲ အဘယ့်ကြောင့် ပျောက်ကွယ်နေဘိသနည်း တို့ကို ရှင်းပြရန်လည်း လိုပေသည်။

အဘယ့်ကြောင့် ဤသို့ဖြစ်ရသည်ကို မည်သူမျှ မပြောတတ်ချေ။ ကံကြမ္မာဆိုး ကြုံမည်ကို ကြောက်ရွံ့ထိတ်လန့်တတ်သော လူသားတို့၏ စိတ်ဓာတ်သည် ပဋိသန္ဒေကပင် ပါဝင်သောကြောင့် လူသားများအတွက် ဘုရားသခင်က လိမ္မာပါးနပ်စွာ စီမံပေးချက်ပင် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ဗေဒင်မေးသူအား အချိန်တစ်ချိန်တွင် သေဘေး သို့မဟုတ် ကြမ္မာဆိုးကြီးတစ်ခုက အသင့်စောင့်နေမည်ဟု အတပ်သိနေရပါက ကမ္ဘာ့လူထုပေါင်း အများအပြားသည် ရူးလျင်ရူး၊ မရူးလျင် မိမိကိုယ်ကို သတ်သေသူများ ဖြစ်သွားကြလိမ့်မည်။ ဤနည်းအတိုင်းပင် သွေးထွက်သံယို အကြီးကျယ်ဆုံးသော ကမ္ဘာ့စစ်ပွဲကြီး၊ သို့မဟုတ် အကြီးကျယ်ဆုံးသော သဘာဝဖောက်ပြန်မှု၏ ဘေးဒဏ်နှင့် ရင်ဆိုင်ရသော လူသားသည် ကြောက်လန့် တုန်လှုပ်သကဲ့သို့ မှန်ကန်သော ဗေဒင်သည်လည်း အလွန် ကြောက်စရာကောင်းသော ပညာတစ်ခု ဖြစ်သွားနိုင်သည်။

( Guide To Astrology Book By Edwin Raphael ကို တစ်စိတ်တစ်ဒေသ ပြန်ဆိုထားသော ရှေးမြန်မာနက္ခတ်ပညာရှင် ပျဉ်းမနားဆရာ ဦးသန်းမောင်၏ နက္ခတ်ဗေဒင်အဘိဓန် ကျမ်းမှ ကောက်နုတ်ဖော်ပြပါသည်။ )

အဆိုပါ Edwin Raphael ၏ အယူအဆကို ထပ်မံထောက်ခံတင်ပြထားသော ဆရာဦးသန်းမောင်၏ ထပ်ဆင့် ရေးသားချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ တွေးခေါ်မြော်မြင်ကြည့်နိုင်ရန် တင်ပြလိုက်ပါသည်။

ဗေဒင်ဟောရာတွင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုမှန်တတ်သည်။ စိတ်ဓာတ်မခိုင်မာသော မိန်းမသား၊ ယောကျာင်္းပင်ဖြစ်လင့်ကစား မိန်းမစိတ်ရှိသော မိန်းမလျာများအဖို့ မည်သည့်အချိန်သေမည်၊ သို့မဟုတ် ရှိသမျှ စည်းစိမ်ချမ်းသာ အကုန်ပျက်ပြားမည်၊ သားတကွဲ၊ မယားတကွဲဖြစ်မည်၊ စသည့်ဖြင့် ကိန်းကြုံသည်ဖြစ်စေ၊ မကြုံဘဲနှင့်ဖြစ်စေ၊ ဗေဒင်ဆရာက ဟောတိုင်း တထစ်ချသာ မှန်ရမည်ဆိုလျှင် ရူးသူရူး၊ သတ်သေသူသေ သို့မဟုတ် အကြီးအကျယ်စိတ်ဓာတ်ကျဆင်းကာ ရောဂါတစ်ခုခု ဖြစ်ပေါ်လာနိုင်ပေသည်။

ထို့ကြောင့် ဟောတိုင်းမမှန်ခြင်းမှာ သက်သာရာရပေသည်။ ဆရာဝန်များသည် လူနာသေမည်ကို သိစေကာမူ လူနာကို သေမည်ဟု ဖွင့်မပြော။ လူနာ၏ မိဘဆွေမျိုးများကိုသာတိုးတိုးတိတ်တိတ် ပြောတတ်သည်။ ဆရာဝန်က သေမည်ပြောတိုင်း မှန်ချင်မှ မှန်ပေမည်။ အမှန်များသည်ထားဦး၊ လွဲသည့်အခါလွဲသေးသည်။ လူနာမှာ သေမည်ကို သိရပါက အချိန်စောပြီး သေဆုံးသွားရှာပေလိမ့်မည်။ အဘယ့်ကြောင့်နည်း။ စိတ်မခိုင်သောကြောင့်တည်း။ ပုထုဇဉ်လူသားမှန်လျင် သေမည်ကိုကြောက်မြဲ၊ သေမည်ကို မဆိုထားနှင့်ဦး။ မကောင်းကျိုးမှန်သမျှ မဖြစ်ချင်ကြပေ။ ဗေဒင်အမှန်ကို ကြိုက်သည်ဟုသော ယောက်ျား၊ မိန်းမများမှာလည်း တကယ့်ပညာနှင့် ဟောခြင်းကို သဘောမကျ၊ အထင်ကြီးအောင် ပဉ္စလက်နည်းတစ်ခုခုကိုလုပ်ပြပြီးမှ ထင်ရာရမ်းဟောသူ၏ အရူးဆယ်ခွန်းပြော၊ တစ်ခွန်းမှန်ခြင်းကို သဘောကျတတ်ပေသည်။ လောကကြီးတွင် အမှန်တရားကို သိသူနည်းပါး၍ ပုထုဇ္ဖနော် ဥမ္မတကောတွေသာ များပြားလှသည်။ မည်သို့ပင်ဖြစ်စေ တကယ့်ဗေဒင်၊ နည်းစနစ်ကျသော ဗေဒင်ကို ကျွနိုပ်တို့ လေ့လာလိုက်စားရမည်သာတည်း။

ဗေဒင်ပညာ၏ ဗေဒင်မှန်ခြင်း၊ မမှန်ရခြင်း၏ သဘောသဘာဝကို ပိုမို နက်နဲစွာ သိမြင်ရေး ရှေးရှုလျက် ထပ်ဆင့်ပြန်လည် ဖော်ပြလိုက်ရပါသည်။

8 comments:

EipptZaw said...

ကောင်းတာတွေဖြစ်လာတာထက် ဆိုးလာတွေကိုဟောတာပိုမှန်တယ် ဆိုတာကို လက်ခံပါတယ်။ အဲ့ဒါ လူ့စိတ်နဲ့အဓိက ဆိုင်သွားပါတယ်။ လူတွေကကောင်းတာဖြစ်မယ်လို့ သိသွားရင် ကံကိုရိုးမယ်ဖွဲ့လိုက်ပြီး စိတ်ဓါတ်အင်အား လျှော့ချပြစ်လိုက်ပါတယ်။ အချိန်တန်ဖြစ်လာမှာပဲဆိုတဲ့စိတ်က မသိစိတ်ထဲမှာ ၀င်သွားတဲ့အတွက် ဇွဲလျော့သွားလို့ဖြစ်နိုင်ပါတယ်။ နောက်တော့ ကိုယ်အားစိုက်မှုလျော့သွားတာကို အပြစ်မမြင်ပဲ မဖြစ်လာတော့မှ ဗေဒင်ကမမှန်ပါဘူးဆိုပြီးဖြစ်လာတတ်ကြပါတယ်။
နောက်တစ်ပိုင်းကတော့ ဆိုးတာတွေ မှန်တဲ့အပိုင်းပါ။ အဲ့ဟာဟာလဲ လူ့စိတ်ကြောင့်လည်းပါပါတယ်။ အဆိုးဖြစ်မယ်ဆိုပြီး တစ်ထစ်ချယုံကြည်ပြီး ကြိုးစားချင်စိတ်လျော့သွားတယ်။ မရမကလုပ်မယ်ဆိုပြီး အားတင်းမယ့်အစား လုပ်လဲမထူးပါဘူးဆိုပြီးဖြစ်လာတယ်။ အဲ့တော့ ပိုစိုးသွားရော။ မြင်တာကို ဝေဖန်ကြည့်တာပါ။ အဲ့ဟာကြောင့် ဗေဒင်ကို မမေးဖြစ်မလိုက်စားဖြစ်တာလည်းပါပါတယ်။ ယုံတာမယုံတာတော့ မဆုံးဖြတ်တတ်ပါဘူး။

YoungGun said...

ဟုတ်ကဲ့။ အခုလို စိတ်ရှည်လက်ရှည်လာရောက် မန့်သွားတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဗေဒင်မမေးချင်တဲ့၊ မမေးဝံ့တဲ့သူတစ်ဦးလို့ ယူဆပါတယ်။ ကိုယ့်အမြင်နဲ့ကိုယ် လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိပါတယ်။ ကြိုဆိုပါတယ်။ လေးလည်းလေးစားပါတယ်ဗျာ။ ကျနော်ကတော့ ဗေဒင်ကို ကောင်းတာဟောရင် ပျော်နေပြီး မကောင်းတာဟောရင် ခင်ဗျားက ဘယ်လောက်တတ်လို့လဲ ပြန်ကလန့်တတ်တဲ့ သာမန်လူတစ်ယောက်သာ ဖြစ်ပါတယ်။

တားမြစ် ထားသော... said...

ပိုစ့်ရော ကွန်မန့်တွေရော ဖတ်လိုက်ရတာ ကောင်းတယ်ကိုးဗျ။

စိတ်ရှုပ်နေရင် အပျင်းပြေသဘော ဗေဒင်မေးတတ်တယ်။ အသေးစိတ်တွေ မှတ်မထားတတ်ပါ။ ဟိုဟာ၊ ဒီဟာလုပ်လိုက် အဆိုးတွေပျောက်ပြီး အကောင်းရောက်မယ်ပြောရင်တော့ မကြိုက်တတ်ပါ။ ဒါပေမဲ့ မြန်မာတွေအပြောလေးကလည်းရှိသားလား “ဘာကောင်းရင် မင်းလောင်းဖြစ်”ဆိုလား။ စဉ်းစားချင့်ချိန်တတ်မှုနဲ့ တွဲထားရင်တော့ ပိုကောင်းတာပေါ့လေ။

သုခမိန်(E-Journal)

Andy said...

ကောင်းတဲ့ပိုစ့်တစ်ခုပါပဲ။

ရွှန်းမီ said...

ညီမအိဖြူရေးသွားသလို ခပ်ဆင်ဆင်တွေးမိပါတယ်။
လူ့သဘာဝမှာ တစ်ခုခုကို ကြိုသိလိုက်ရရင် ဖြစ်လာအောင်ကြိုးစားစိတ်ထက် အားလျော့စိတ်.. ဒါမှမဟုတ် စောင့်ကြည့်စိတ်က အကောင်းတွေကို နှောင့်နှေးစေပြီး အဆိုးတွေကို ပိုမြန်မြန်ဖြစ်စေတတ်တယ်လို့ ထင်ပါတယ်။
ပြီးတော့ ဗေဒင်သာ တစ်ထစ်ချမှန်နေရင် လူ့ဘ၀ကြီးဟာ program ရေးထားတဲ့ software လို စီမံအကွက်ချခံနေရတဲ့ စက်ရုပ်တစ်ခုလို မျှော်လင့်စရာတွေ နည်းသွားနိုင်ပါတယ်။ ဗေဒင်ဟောထားတိုင်း အမြဲတမ်း မမှန်နိုင်ဘူးလို့ ယုံကြည်တတ်တဲ့စိတ်မှာ အကောင်းဘက်ကို မျှော်လင့်ပြီး ဇွဲမလျှော့တမ်း ရင်ဆိုင်ဖို့ အသင့်ပြင်ပြီးသား ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် လူတွေဟာ ဗေဒင်ထက် ကိုယ့်ကိုကိုယ် ပိုယုံဖို့လိုမယ် ထင်ပါတယ်။

YoungGun said...

ဟုတ်ပဗျား။ မိမိကိုယ်သာ ကိုးကွယ်အားထားရာ ဖြစ်ပါတယ်။ မရွှမ်းမီရေ။ cheers !!!!

Apprenticeship said...

အနာဂါတ်ကို အစိုးရသူ တစ်ဦးတော့ရှိတယ်။ :) :D

သူတော် said...

အဲဒီ အနာဂတ်ကို အစိုးရတယ်ဆိုတဲ့လူက မကောင်းတာတွေဖြစ်ရင်တော့ စာတန်လက်ချက်ပါ။ ကောင်းတာတွေဆိုရင်တော့ သူ့အလိုတော်ပါလို့ ချီမွမ်းခံတတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်များ ဖြစ်နေမလား။ :D (အပျော်ပါဗျာ)