Monday, March 30, 2009

ယတြာမချေတဲ့ဆရာ


မြတ်စွာဘုရားတောင် ဒီအတိုင်းကြည့်နေရတဲ့ ကံတရားကို ဗေဒင်ဆရာတွေက အမှုဖြစ်ရင်နိုင်အောင်၊ ယတြာချေပေးနိုင်တယ်လို့ ကြော်ငြာကြ၊ လုပ်ပေးနေကြတာဟာ ဖြစ်နိုင်၊မဖြစ်နိုင်၊ ဟုတ်မဟုတ်၊ သဘာဝကျမကျ စဉ်းစားကြည့်ပါ၊

နံပါတ်တစ်အနေနဲ့ ဗိမ္ပိသာရဘုရင်ကြီးပေါ့ဗျာ။ အဲဒီဘုရင်ကြီးဟာ မြတ်စွာဘုရားကို အကြွင်းမဲ့ ယုံကြည်သူ၊ကိုးကွယ်ဆည်းကပ်သူ၊ သရဏဂုံတည်သူငါးပါးသီလထိန်းသိမ်းသူ၊ အဲ..နောက်တစ်ခါ ဆွမ်း၊ သင်္ဃန်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါးနဲ့ ဘုရားရှင်ကို အလုပ်အကျွေးပြုနေသူ ဖြစ်ပါတယ်။ အဲဒီလောက် အကြောင်းတရား အကောင်းစားတွေနဲ့ ကျင့်ကြံအားထုတ်ပြုမူ နေထိုင်သူဖြစ်ပါရက်နဲ့ ထောင်ကျရရှာတယ်။ သူသတ်လည်းမဟုတ်၊ ဓားပြလည်းမတိုက်၊ သူတစ်ပါးသားမယားလည်း မပြစ်မှား၊ သောက်စား မူးရူးရမ်းကားသူလည်း မဟုတ်ပါဘဲနဲ့ ထောင်ကျရရှာတယ်။

အဲဒီမှာ မြတ်စွာဘုရားဟာ သာမန်လူနတ်ဗြဟ္မာတို့ထက် မနှိုင်းယှဉ်လောက်အောင်သာတဲ့ မဟာကရုဏာရှင်ဖြစ်ပါတယ်။ ဒီတော့ မြတ်စွာဘုရားဟာ ဒီဘုရင်ကြီးကို ထောင်ကျကိန်းရှိတယ်ဆိုတာကို ဥာဏ်တော်နဲ့ ကြိုတင်သိမြင်တော်မူပါတယ်။ သူ့ရဲ့ဥပသကာတစ်ဦး ဒီလိုထောင်ကျကိန်းရှိတာကို ကြိုတင်သိမြင်တော်မူပေမယ့် ထောင်မကျအောင် ယတြာချေပေးပါသလား၊ ဓာတ်ရိုက်ဓာတ်ဆင်လုပ်ပေးပါသလား၊ မလုပ်ပေးခဲ့ဘူးလေဗျာ။ ဒီဘုရင်ကြီးဟာ ထောင်ထဲမှာပဲ သောတာပန်ဖြစ်ပြီး နတ်ရွာစံခဲ့တာပါ။ နောက်တစ်ခါ ထောင်ထဲမှာရှိနေစဉ်မှာပဲ မြတ်စွာဘုရားဟာ သူ့ဥပသကာကြီးကို ထောင်ကလွတ်အောင် ဘာတစ်ခုမှ လုပ်မပေးခဲ့တာ အထင်အရှားပါ။ အဲဒီတော့ဗျာ တိုတိုပြောရရင် သုံးဆယ့်တစ်ဘုံမှာ အတုလံ၊ အတုမရှိတဲ့ မြတ်စွာဘုရားတောင် ဘယ်လိုမှ ပြုပြင်ပေးခြင်းမရှိခဲ့ဘူးဆိုရင်...။

မြတ်စွာဘုရားတောင် ဒီအတိုင်းကြည့်နေရတဲ့ ကံတရားကို ဗေဒင်ဆရာတွေက အမှုဖြစ်ရင်နိုင်အောင်၊ ယတြာချေပေးနိုင်တယ်လို့ ကြော်ငြာကြ၊ လုပ်ပေးနေကြတာဟာ ဖြစ်နိုင်၊မဖြစ်နိုင်၊ ဟုတ်မဟုတ်၊ သဘာဝကျမကျ စဉ်းစားကြည့်ပါ၊ အဲ..တကယ်လို့များ ဟုတ်တယ်။ ဖြစ်တယ် ဆိုရင်တော့ ထောင်ထဲမှာ လူတစ်ယောက်မှ ရှိမှာမဟုတ်တော့ပါဘူး။ လုပ်ပေးနိုင်သူဟာလည်း မြတ်စွာဘုရားရှင်ထက်တောင် တန်ခိုးကြီးသူလို့ ဆိုရပါလိမ့်မယ်။

နောက်တစ်ခုက တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ ရဟန္တာမြတ်ကြီးရှင်မဟာမောဂ္ဂလန်ပါ။ တစ်ခုသောဘဝက မိဘနှစ်ပါးကို တုတ်နဲ့ရိုက်သတ်ခဲ့သူလေ။ သီလအားဖြင့်လည်း စင်ကြယ်တယ်။ တန်ခိုးအရာမှာလည်း ဧတဒဂ်ရတယ်။ ကုသိုလ်အရှိန်အဟုန်ကလည်း အမြင့်ဆုံးမှာ ရောက်နေပြီ။ နောက်ဆုံးနိဗ္ဗန်ဝင်မယ့်ဘဝမှာ ခိုးသားငါးရာက တုတ်နဲ့ရိုက်သတ်လို့ ပရိနိဗ္ဗာန်စံတော် မူရရှာတယ်မဟုတ်လား။ အဲဒီတော့ အဲဒါတွေကို ယတြာချေခဲ့ကြပါသလား။ ချေလို့ကော ရနိုင်ပါသလား။

နောက်တစ်ခု ထပ်ပြောဦးမယ်။ ပညာရပ်နဲ့ပက်သက်လို့ မသိပညာ၊ မတတ်ပညာမရှိလောက်အောင် တစ်ဖက်ကမ်းခတ်အောင် တတ်ကျွမ်းပေါက်မြောက်လို့ ဆိုပြီး မတစ်လုံးကြေ ဆရာတော်ခင်ကြီးဖျော်လို့ ရာဇဝင်တွင်ကာ ကျော်ကြားထင်ရှားတဲ့ အရှင်သူမြတ်ဟာ သူကိုယ်တိုင်အသက် ၃၄ နှစ်မှာ ကံကုန်ခဲ့ရရှာတယ်ဗျာ။ ဆရာတော်ဟာ အဲဒီအဖြစ် အဲဒီကံမကုန်အောင် ဓာတ်ရိုက်ဓာတ်ဆင်နဲ့ ယတြာတွေ ကြိုးစားပမ်းစား လုပ်ခဲ့တယ်လို့ ကျွန်တော်မကြားမိဘူး၊ စာတွေပေတွေမှာလည်း မတွေ့မိဘူး။

ကံကြောင့်ဖြစ်မယ့်ဟာကို ပြောင်းလို့မရပါဘူး။ ဥပမာ ၊ နာမည်မကောင်းဘူး ဆိုပြီးပြောင်းလိုက်တယ်။ အိမ်နံပါတ်၊ ကားနံပါတ်၊ တယ်လီဖုန်းနံပါတ်တွေ ပြောင်းပစ်တယ်ပေါ့။ ဖြစ်မယ့်ကံက ဖြစ်မှာပဲ။ အရက်သောက်တာပဲကြည့်၊ သောက်ခဲ့တဲ့အတွက် ပြီးရင်မူးတယ်။ နာမည်ကြောင့် မူးတာ၊ မဟုတ်ဘူး။ ဆိုင်မှာသောက်လို့ အိမ်မှာသောက်လို့ ဆိုတဲ့နေရာကြောင့်လည်း မူးတာမဟုတ်ဘူး။ အင်္ဂါနေ့သောက်ရင်မူးတယ်။ ကြာသပတေးနေ့သောက်ရင် မမူးဘူးဆိုတာ မျိုးလည်း မရှိဘူး။

တော်တော်များများ ဗေဒင်ဆရာတွေဟာ ငါဘယ်လိုလေ့လာရဦးမယ်၊ ငါဘယ်လောက်မှန်အောင် ဟောရမလဲ ဆိုတာကို လေ့လာတဲ့သူ၊ ပညာစစ်စစ်နဲ့ ရိုးရိုးသားသား အသက်မွေးတဲ့သူ ဆိုတဲ့ ဗေဒင်ဆရာအနေနဲ့ အတော်ကို နည်းလွန်းပါတယ်ဗျာ။ ဥပမာ ၉၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ဗေဒင်ဆရာတွေဟာ ယတြာကို အားကိုးနေကြတာတွေ့ရတယ်။

ဒါကတော့ မြန်မာနိုင်ငံမှာ တချိန်က လက္ခဏာပညာရပ်နဲ့ နာမည်ကျော်ကြားခဲ့တဲ့ ဆရာကြီးစန္ဒြရဲ့ သားဖြစ်သူ ဆရာဒေဝရဲ့ ပြောစကားတွေ ဖြစ်ပါတယ်။ အပေါ်ယံဖတ်သွားရင် ဗေဒင်ဆရာအချင်းချင်း ရိုက်ပွဲဖြစ်သွားလောက်တဲ့ စကားလုံးတွေဖြစ်သလို၊ အမှန်တရားမို့ ခါးသီးတဲ့ စကားလုံးတွေလည်း ဖြစ်နေနိုင်ပါတယ်။

ဆရာဒေဝဟာ ဗေဒင်လုပ်ငန်းကြော်ငြာရာမှာ ထူးထူးခြားခြားပါပဲ.. ပျောက်စေဖြစ်စေ ဆရာတွေ၊ စေတစ်လုံးပိုင်ရှင်ဆရာတွေနဲ့ လားလားမျှ မတူတဲ့ ယတြာမချေတဲ့ဆရာ လို့ အတည့်အလင်းကို ပြောထားတာ တွေ့ရပါတယ်။ ယတြာဓာတ်ရိုက်ဓာတ်ဆင်ကို လုံးဝ မသုံးတဲ့သူလို့လည်း ကြားဖူးပါတယ်။ ဆရာဒေဝရဲ့ အာဘော်ကို စဉ်းစားတွေးခေါ်မှုရှုထောင့် တစ်နေရာကနေ တင်ပြလိုက်ပါတယ်။ ကျွန်တော့်အမြင်မဟုတ်သလို ဆရာဒေဝအယူအဆကိုလည်း လုံးဝမထောက်ခံ၊ လုံးဝမငြင်းပယ်ပါဘူး။ အင်တာနက်ပေါ်မှာ တွေ့ရှိရတဲ့ဆရာဒေဝရဲ့ လိပ်စာကတော့ http://www.sayadeva.com ဖြစ်ပါတယ်။ ဆရာဒေဝရဲ့ ပြောကြားချက်တွေကို မြန်မာ့နက္ခတ်ပညာရှင်ကြီးများ၏ ပြောကြားချက်များ စာအုပ်ကနေ ကောက်နုတ် တင်ပြတာဖြစ်ပါတယ်။

မှတ်ချက်။ ဆရာကြီးစန္ဒြရဲ့ သား ဆရာဒေဝမှာ ဆရာဗြဟ္မဆိုတဲ့ သားတစ်ယောက်ရှိခဲ့ပါတယ်။ ဗေဒင်ဆရာအလုပ်ကိုပဲ ဘမျိုးဘိုးတူ လုပ်ကိုင်လာတဲ့ ဆရာဗြဟ္မဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကွယ်လွန်ခဲ့တယ်လို့ သိရှိရပါတယ်။

2 comments:

flowerpoem said...

ကို YoungGun ဒီပို့စ်လေးကို ကြိုက်တယ် ...

HAPPYCLOUD said...

ယတြာမချေဘူးဆိုတာကို သဘောကျတယ်။ လက်ခံတယ်။ အမှန်ပြောရင် ဗေဒင်ဝါသနာ မပါဘူး။ ဗေဒင်ဆရာအချို့ရဲ့ ယတြာဆိုတဲ့ ဝေါဟာရကို သဘောမကျခဲ့လို့။ ဒီပိုစ့်ဖတ်ရတော့ တဖြည်းဖြည်းရှင်းလာပြီ။ ယတြာနဲ့ ဗေဒင်ပညာ မပက်သက်ဖူးလို့လည်း မြင်တယ်။

ခင်မင်လျက်...
မိုးမောင်