Saturday, May 9, 2009

တစ်မယ်သိ၊ နှစ်မယ်သိနဲ့ တကယ်ထိသူများ ( ၁ )

ဆရာကြီးကလည်း နူတ်ခမ်းမွှေးစစကို သပ်ပြီး ဒါက ဒီလိုရှိတယ်ကွယ့် ရက်ရာဇာ၊ ပြသာဒါး၊ နဂါးခေါင်းလှည့် အခြေအနေနဲ့ မင်းရဲ့ မွေးနံ တိုင်ထိပ်မှာ ရောက်နေချိန်ကို အသေချာ ရွေးချယ်ရမယ်လို့

တခါတုန်းက နယ်မြို့လေးတစ်မြို့မှာ နက္ခတ်ပညာကို မတတ်ပေမယ့် မြန်မာ့ရိုးရာဗေဒင်နဲ့ လုပ်စားနေတဲ့ နာမည်ကျော် ဗေဒင်ဆရာကြီးတစ်ဦး ရှိပါတယ်။ ဆရာကြီးက ဗေဒင်ဟောတဲ့အပြင် ပယောဂလိုလို၊ ဓာတ်လိုလို၊ နတ်လိုလိုလဲ ထထလုပ်တတ်ပါသေးတယ်။ ဘိုးတော်လိုင်းဝင် လို့ ဆိုနိုင်ပါတယ်။ တခါတော့ မြို့ကြီးပြကြီးက ဘောစိတစ်ပါးက အဲဒီဘိုးတော်လိုလို ဗေဒင်ဆရာလိုလို ဆရာကြီးဆီမှာ ဗေဒင်လာမေးပါတယ်။ ဒါနဲ့ ဆရာကြီးလည်း သူ့နည်းသူ့ဟန်နဲ့ တွက်ချက်စစ်ဆေး ဟောပြောလိုက်တော့ ဘောစိလည်း အတော်ကြွေသွား၊ အဲလေ.. အတော် အထင်ကြီးလေးစားသွားပါတယ်။ ဒါနဲ့ပဲ သူဌေးဘောစိက ဆရာကြီးရယ် ကျနော်များ ဒီနယ်မြို့လေးမှာ လုပ်ငန်းကြီးတစ်ခု အစတည်ချင်လို့ လုပ်ငန်းစတင်မယ့် မင်္ဂလာအချိန်အခါကောင်းလေးတစ်ခုလောက် တွက်ချက် ရွေးချယ်ပေးပါဦးလို့ တောင်းဆိုပြန်ပါတယ်။ လုပ်ငန်းကလည်း နယ်မြို့လေးမှာ မျက်ဖြူလန်သွားလောက်တဲ့ အရင်းနှီးလောက်ကို မြှပ်နှံရတာ ဖြစ်ပါတယ်။

ဒီတော့ ဆရာကြီးကလည်း နူတ်ခမ်းမွှေးစစကို သပ်ပြီး ဒါက ဒီလိုရှိတယ်ကွယ့် ရက်ရာဇာ၊ ပြသာဒါး၊ နဂါးခေါင်းလှည့် အခြေအနေနဲ့ မင်းရဲ့ မွေးနံ တိုင်ထိပ်မှာ ရောက်နေချိန်ကို အသေချာ ရွေးချယ်ရမယ်လို့ ပြောဆိုပြီး သူ့နည်းစနစ်တွေနဲ့ လုပ်ငန်းစ ပန္နက်တည် မင်္ဂလာအခါကောင်းကို ရွေးပေးလိုက်ပါတယ်။ ဘောစိက ဥာဏ်ပူဇော်ခတွေ နင့်နေအောင် ပူဇော်လိုက်တော့ ဆရာကြီးခမျာ အဲဒီမင်္ဂလာအချိန်အခါမှာ သူကိုယ်တိုင်ကြွလာပြီး အမွှေးနံ့သာ၊ ဆန်မန်းပေါက်ပေါက်တွေ ကြဲပက်ဖြန်း၊ ဂါထာပရိတ်တွေရွတ်ဖတ်၊ အစွမ်းကုန် ကူညီမှိုင်းမပြီး လုပ်ငန်းစ အချိန်အခါကို ဖွင့်လှစ်ပေးလိုက်ပါတော့တယ်။

သိပ်မကြာပါဘူး။ ခြောက်လလောက်အကြာမှာ ဆရာကြီးရွေးပေးလိုက်တဲ့အခါမှာ စတင်ခဲ့တဲ့ အဲဒီဘောစိရဲ့ လုပ်ငန်းကြီးဟာ ဟိုဟာနဲ့ငြိ၊ ဒီဟာနဲ့ငြိကုန်ပြီး တိုးလို့ တန်းလန်းနဲ့ ရပ်တန့်သွားခဲ့ရပါတော့တယ်။ ဘောစိခမျာမှာလည်း ဆရာကြီးဆီက နောက်ထပ် ယတြာအစီအရင်တွေတောင် ထပ်မတောင်းနိုင်တော့ပဲ အကြွေးတွေပတ်ကုန်လို့ ရှောင်ပြေးနေရပါတော့တယ်။ တကယ်တော့ မြန်မာမှု ပတ်ဝန်းကျင်မှာ မြန်မာ့ရိုးရာဗေဒင်ပညာမှာ ပြဿဒါးနဲ့ ရက်ရာဇာဟာ အရေးပါတဲ့ နေရာတစ်ခုမှာ ရှိနေပါတယ်။ ဒီလိုပဲ နဂါးလှည့်ဟာလည်း သူ့နေရာနဲ့သူ မှန်ကန်တဲ့ ပညာတစ်ခုဖြစ်ပါတယ်။ မွေးနံတိုင်ထိပ်ကလည်း ဆိုင်ရာပညာရှင်တွေအနေနဲ့ နဝင်းအခါလို့ အလေးနက်ပြုကြတဲ့ အခါတစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် လုပ်ငန်းကြီးတွေ စတင်မယ့်၊ တံတားကြီးတွေ စထိုးမယ့်၊ စေတီတော်ကြီးတွေ စတည်မယ့်၊ အဆောက်အဦးကြီးတွေ ဆောက်လုပ်မယ့်၊ မင်္ဂလာအချိန်အခါကောင်းဟာ ဒီနည်းစနစ်တွေနဲ့တင် မလုံလောက်ဘဲ နှစ်ပေါင်းများစွာတည်းက ပေါ်ပေါက်ခမ်းနားခဲ့တဲ့ နက္ခတ်ပညာနဲ့သာ အဓိက စိစစ်ဖော်ထုတ်သင့်တယ်လို့ ခံယူမိပါတယ်။ လက်ဆန်းဆရာတွေ၊ မြန်မာ့ရိုးရာဗေဒင်ပညာသည်တွေ အတွက် ခါးသီးသွားစေနိုင်တဲ့ စကားစုဆိုပေမယ့် ပညာအမြင်ကို အမြင်တိုင်း ပွင့်ပွင့်လင်းလင်းကို တင်ပြရမှာပါပဲ။ မတတ်နိုင်ပါဘူး။ ဒီနေရာမှာ ပညာရှင်တွေ မဟုတ်ဘဲ နက္ခတ်ပညာနဲ့ စိမ်းနေနိုင်တဲ့ သာမန်လူတွေနဲ့ အချို့သော ဝါသနာတူ သူငယ်ချင်းတွေကို မင်္ဂလာအခါရွေးခြင်း အတတ်ပညာရဲ့ အကိုင်းအခက်တစ်ခုကို တင်ပြလိုက်ရပါတယ်။ ကြိုက်သော်ယူ၊ မကြိုက်သော ဘူ.. ပေါ့ဗျာ။

နေလကြတ်ပြီး သုံးရက်အတွင်း အခါမပေးရဘူး၊ ငလျင်လှုပ်ပြီး ခုနှစ်ရက်အတွင်း အခါမပေးရဘူး၊ ကောဇာ တနင်္ဂနွေ ရာသီတစ်ခုကနေ တစ်ခုအကူပြောင်းရက်မှာ အခါမပေးရဘူး၊ သောကြာ၊ ကြာသပတေးဂြိုဟ်တွေ ကောင်းကင်မှာ နေနဲ့နီးကပ် အတ္တဖြစ်ချိန် အခါမပေးရဘူး၊ ဆဲကြီးလေးပါးဆိုတဲ့ နေထွက်ဆဲ၊ မွန်းတည့်ဆဲ၊ နေဝင်ဆဲ၊ ညဥ့်နက်ဆဲတွေမှာ အခါမပေးရဘူး လို့ မှတ်သားထားဖူးကြောင်း ပြန်လည် ဝေမျှ လိုက်ရပါတယ်။ ဒီထက်နက်ရှိုင်းခက်ခဲတဲ့ ဥပဒေသတွေကိုတော့ ဝါသနာပါရင် မေးလ်ကတစ်ဆင့် ပေးပို့ပေးမှာ ဖြစ်ပါတယ်။ အခါကောင်းကို ကိုင်မိရင် ရာဇပလ္လင်ကိုတောင် တုန်လှုပ်စေမယ်လို့ မှတ်ယူသလို ၊ ဘုရားဟော သုနက္ခတ္တံအရ အခါကောင်းကို စောင့်ပြီး အချည်းနှီးဖြစ်နေတဲ့ လူမိုက်ဆိုတဲ့ အစွန်းကလည်း လွတ်အောင် ကြိုးစားပမ်းစား နေထိုင်ကျင့်ကြံလျှက် ရှိပါကြောင်း..။

4 comments:

ဆောင်း said...

တကယ်လား ဒါဆို မေးလ်ထဲက နေ မေးလိုက်မယ်နော်

တားမြစ် ထားသော... said...

တုန်လှုပ်စေတဲ့နည်းများ သိချင်ပါတယ်။

သုခမိန်(E-Journal)

YoungGun said...

ကိုသုခမိန် ကျနော့်ကို ကောင်းကောင်း မမြင်ချင်ဘူးနဲ့တူတယ်

အိမ် said...

ဟိ... မှတ်သားစ၇ာတွေ ယူသွားတယ်