Sunday, May 3, 2009

နားဝမသက်သာသည့် နာဂစ်နှစ်ပတ်လည်သို့


ဇာတာတွင် အနီရောင်ဖြင့် ပြထားသည်မှာ မူလဇာတာပါ ဂြိုဟ်များဖြစ်ပြီး အပြာရင့်မှာ နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က တည်ရှိခဲ့သော အင်အားကြီးဂြိုဟ်များ၏ ရပ်တည်ပုံ ဖြစ်ပါသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး တစ်နှစ်အကြာ..အနှီမြစ်ဝကျွန်းပေါ်မြို့ကလေး၌ အံ့ဖွယ်လူတန်းစားတစ်ရပ် ပေါ်ပေါက်လာချေသည်တမုံ့။ မေးကြောကြီးများ ထောင်၊ ဖနောင့်သံဆူးသည့်နှယ် မြောက်ကြွကာဖြင့် ဆောင့်ကြွားကြွား သွားလာနေကြသူများကို မြင်ဖူးပါသလော။ ဤကား NGO,UN ဝန်ထမ်းများ ဖြစ်တော့လေ၏။ ယခင်က နှစ်လုံးသုံးလုံးရောင်း၊ ဘိလိယက်ခုံကို မိဘအိမ်သဖွယ် သဘောထား ကစားခဲ့ကြသော ဘေးထိုင်ဘုပြော ကာလသားများနှင့် အိမ်ထဲကအိမ်ပြင် မထွက်ချင်ကြကုန်သော ကာလသမီးပျိုလေးများမှာ ယင်း NGOs များထံတွင် မကြံစဖူး၊ နားပင်မထောင်ဖူးသည့် ဒေါ်လာစားများ FEC စားများဘဝသို့ အရှင်လတ်လတ် ရောက်ကုန်ကြလေတော့၏။ နာဂစ်က ပြန်ပေးသည့် ဆုလာဘ်တစ်ပါးပလားဟု ကြားကြသမျှ သြချမိပါလေ၏။

ထို့အတူပင် အနှီမြို့ငယ်ကလေးဝယ် ခဲတစ်ပစ်၊ နှပ်တစ်ရှုံ့အကွာတိုင်းတွင် မိုးဦးကျမှိုပွင့်ကြီးများသဖွယ် အပြိုင်းအရိုင်း နင်လားငါလားဟဲ့ ဆိုသလို ပေါ်ပေါက်လာသည်က သူရာ၊ ယမကာ ဘီယာဆိုင်များပင်တည်း။ လုပ်စရာ စီးပွားရေးမရှိလို့ပေလား၊ လူစည်လို့ လုပ်ကြံသည်လားတော့ မသိ၊ အရက်ဆိုင်များနှင့် အပြိုင်စည်လာသည်က လက်ဖက်ရည်ဆိုင်များစွာပင် ဖြစ်တော့လေ၏။ ယခင်က အရက်ဖြူပင် နပ်မမှန်ချင်သော ပဲ့ထောင်မောင်းသမားကြီးများ၊ စက်လှေလုပ်သားအပေါင်းတို့မှာ နာဂစ်တန်ခိုးတော်ဖြင့် High Commissioner၊ နှင့်ဘီယာကို လက်ကမချစတမ်း ဂွမ်းကြလေကုန်၏။ အဟောသုခံ၊ ချမ်းသာစွဟု ဆိုရပေချိမ့်။

ရှုပါဦး အဆွေ၊ တာလပတ်စများ၊ ပလတ်စတစ်စများ၊ ဓနိဟောင်းများဖြင့် တန်ဆာဆင် ပနံတင့်နေသော အနှီရပ်ကွက်လေးများ၊ ဝါးများ ထိုးထောင်ထနေသော ပြန်လည်တည်ဆောက်ဆဲ တိုက်တာများနှင့် ပျဉ်ထောင်အိမ်များ၊ ခနော်နီခနော်နဲ့ လမ်းလေးများကြားမှာ လမ်းသလားနေသည်က NGO,UN ထိပ်သီး သိုးဆောင်းကြီးများနှင့် နားထင်ကြောများ ထောင်ထနေသည့် ရာထူးကြီးရွှေမြန်မာများ၏ မြို့အင်္ဂါနှင့် လွန်စွာလျှော်ညီသော ပရာဒို၊ ပါဂျရိုး ပြောင်ပြောင်လက်လက် ဟီးထ၊ ထိုကားဝဝကြီးများပါတကား။ DT အကောင်းစား ဖင်ကြားညှပ်ဆိုင်ကယ်ကြီးများ ပါတကား။ အိုဘယ့် ပြည်ပမှ အလှူရှင်များ၊ ယင်းတို့၏ ဖွေးလက်ဖြူစင်လှသော အလှူငွေ ဒေါ်လာများကား NGO ဝန်ထမ်းများ၏ စီးတော်ယာဉ်များအတွက် အတော်ပင် အသုံးတည့်သည်ကို သိရလျှင် အဘယ်မျှ ဝမ်းသာကြမည်နည်း။ နှစ်ထောင်းအားရ ရှိကြပေမည်နည်း။

NGOs များက တစ်နေ့ နှစ်ထောင်၊ သုံးထောင်ဖြင့် ဆွဲဆောင်၍ NGO လုပ်အားပေးများနောက် ကောက်ကောက်ပါသွားကုန်သော ရွာသူရွာသားအပေါင်းကြောင့် လယ်လုပ်သား၊ ဆားကွင်းလုပ်သား ရှားပါးချို့ငဲ့စွာဖြင့် ထွက်နူန်းကောင်း လျာထားချက်များအား ထမ်းပိုးထားရရှာသည့် လယ်ရှင်များ၊ ဆားဖိုသူကြီးများကို ကြည့်ရသည်မှာလည်း စိတ်မသက်မသာ၊ ဘဇာဝဋ်ကြွေးဟု ဖြေရမည်မသိ။

သင်္ကြန်မိုးသည်းထဲက မြင်ကွင်းတစ်ခုက အမှတ်တရဟု ဆိုနိုင်၏။ ခမ်းနားဝင့်ထည်လှသော NGO မြို့နယ်ရုံးချုပ် မလှမ်းမကမ်းဝယ် တစ်ကိုယ်လုံး ရွှဲစိုနေရှာသည့် အင်္ကျီပင် မကပ်နိုင်ရှာသော လူမမည်အရွယ် ကလေးငယ်လေးများမှာ ထင်းအလို့ငှာ သုံးနိုင်မည့် သစ်တိုဝါးစများအား ကင်းမကြောက်၊ မြွေမကြောက်နိုင်ရှာဘဲ အမှိုက်ပုံများကြားဝယ် ရှာပုံတော်ဖွင့်ကြကုန်လေ၏။

အကယ်၍ အလှူရှင်တစ်ဦးက လေဘေးသင့်ပြည်သူများသို့ ငွေ ၁ဝဝဝ လှူသည် ဆိုငြားအံ့။ မုန်တိုင်း အမှန်အကန်ထိ၍ အသံပင် ကျယ်ကျယ်မထွက်နိုင်ရှာသော ရွာသူရွာသားအပေါင်းမှာ ၂ဝဝ ကျပ်လောက်တော့ ကျိန်းသေရမည်ဟု ဆိုနိုင်ပါ၏။ ဤသည်ကား စေတနာဗရဗွဖြင့် ကြားဝင်ကူညီကြရှာသော NGO တို့ လုပ်ကွက်တည်း။ အကုန်လုံးကိုတော့ သိမ်းကြုံးမဆိုလို။

သူတကာထက် မဟားဒရားပိုမိုသည့် လစာငွေအပြင်၊ ဘောက်ချာဖြတ်ပိုင်းငွေကို မဆိုစလောက် ထောင်ဂဏန်းပစ်တင်လိုက်သော NGO မှ ဝန်ထမ်းကောင်းများ၏ ရိုက်ချက်ကြောင့် ကျေးရွာများသို့ အထောက်အပံ့ရရှိမှုမှာ မိုင် ၃ဝ တိုက်လျှင် အမြစ်ပါသွင်သွင် ကျွတ်သော မြေစိုက်တဲသာသာ အိမ်လေးများပင် ဖြစ်လေ၏။

ပသို့ဆိုစေကာမူ နာဂစ်ကား မွှေချင်ရာမွှေ၍ ယခု ခွေလိုရာခွေနေတော့သော်လည်း သူ၏ လက်ကျန် အဘေခံခဲ့ရသည့် ဧရာဝတီသားအပေါင်းတို့မှာ အစိုးရမင်းများနှင့် NGOs တို့၏ ကောင်းမှု အကြောင်းပြုပြီး သကာလ ဘဝဘဝများမှာ အိုခေလို့ စိုပြေနေပြီဟု စိတ်ကူးယဉ်လိုက်ရသော် မှားအံ့မထင်။ ထင်သော်မမှားဟု သာ ဆိုရပါတော့အံ့။

ယမန်နှစ် ယခုလိုအချိန် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က မြန်မာ့ဇာတာနှင့် ကောဇာဂြိုဟ်စီးနင်းမှုအနေအထားများကို ပညာလိုလား အမျိုးကောင်းသားတို့နှင့် ကျွန်ုပ်ကဲ့သို့ ဝါသနာရှင်များအတွက် တင်ပြလိုက်ပါသည်။ ဇာတာတွင် အနီရောင်ဖြင့် ပြထားသည်မှာ မူလဇာတာပါ ဂြိုဟ်များဖြစ်ပြီး အပြာရင့်မှာ နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က တည်ရှိခဲ့သော အင်အားကြီးဂြိုဟ်များ၏ ရပ်တည်ပုံ ဖြစ်ပါသည်။

9 comments:

Anonymous said...

ရေးတာ ကောင်းတယ်
ဒါပေမယ့် ဒါတွေ ဘာကြောင့် ဖြစ်သလဲ ဆိုတာလဲ စဉ်းစားဖြစ်စေချင်တယ်။
အထဲမှာ လုပ်ငန်းကို ကျွမ်းကျင်ပြီး ကောင်းတဲ့သူတွေ ဘယ်လောက် နည်းနေပြီလဲ
အပြင်ထွက်လို့ ရတဲ့သူတွေ အပြင်မှာပဲ နေကြတယ် မဟုတ်လား။
လူမရှိတဲ့ ပြဿနာကလဲ တော်တော်ကို အရေးကြီးတဲ့ ပြဿနာဆိုတာ နာဂစ်ကာလမှာ သိသာတယ်။

Anonymous said...

လူမရှိတဲ့ပြဿနာလို့ တော့ မယူဆချင်ပါဘူး၊ လူကရှိပါတယ်။ အနှစ် ၂၀ ကျော် စံနစ်ဆိုးက လူတွေကို စရိုက်ဆိုးတွေဝင်လာအောင် အူမတောင့်မှ သီလစောင့်၊ ဘယ်သူသေသေ ငတေမာ၊ ဘနဖူး သိုက်တူးသမားတွေ ဖြစ်လာအောင် ဖျက်ဆီးပုံသွင်းလိုက်ပါပြီ၊ တိုင်းပြည်မှာ ရုပ်ပိုင်းအဆောက်အဦတွေ ပြိုကျပျက်စီးသွားတာ ပြန်ပြင်လို့ မခက်ပေမယ့် စိတ်ပိုင်းစာရိတ္တတွေလူကျင့်ဝတ်တွေ ပျက်စီးသွားတာ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ပိုအရေးကြီးပါတယ်။ တခွန်းတည်း အဖြေကတော့ နိုင်ငံရေးစီးပွားရေးစံနစ်ကို မှန်မှန်ကန်ကန် မကျင့်သုံးနိုင်တဲ့ ပြည်သူကို တန်ဖိုးမထားတဲ့ တာဝန်မဲ့တဲ့ တဘို့ တည်းသမား စစ်ဗိုလ်ချုပ်တွေသာ အဓိကတရားခံဖြစ်တဲ့အကြောင်း နာဂစ်က မီးမောင်းထိုးပြနေတာပါပဲ။

HAPPYCLOUD said...

NGO ၀န်ထမ်းတွေရိုက်ချက် နည်းနည်းတော့ပြင်းတယ်ဗျို့။ ဒီမှာလည်း ဓမ္မဆရာတချို့က စင်ပေါ်မှာ မျက်ရည်ကျအောင်တရားဟောပြ၊ ဘယ်လောက်သနားစရာကောင်းပါတယ်၊ လာကြည့်လှည့်ပါဆိုပြီး ဟောပြော၊ ပြီးတော့မှ အလှူငွေတွေယူ။ ပြီးတော့ သူတို့မိသားစုကြည့်လိုက် အတော့်ကိုစမတ်ကျကျဖြစ်လို့။ အဲဒီဓမ္မဆရာတွေရဲ့ တော်ကီးတွေကြားချင်ရင် စလုံးကရွှေတွေ Thomson church ကိုသွားသာ နားထောင်ပေတော့ဗျို့။ ယခုအထိအပတ်စဉ် နာဂစ်အကြောင်းပြုပြီး ပုံမှန်အလှူငွေကောက်ခံနေဆဲပါပဲ။ အဟဲ... ကျုပ်တော့ အရိုက်ခံရတော့မှာပဲ..တော်ဘီဗျာ ရန်းဂန်းကြီး ဒီလောက်ပဲပြောတော့မယ်။ ဒီထက် အသေးစိတ်ကတော့ Gtalk မှာပြောပြမယ်။ ဟား ဟားးးးးး

အိမ် said...

အင်း....တနှစ်တောင်ပြည့်ပြီနော် မုန်တိုင်းဒဏ်ခံ ပြည်သူတွေ
သူတို့ဘ၀တွေ ဘယ်လိုများပါလိမ့်.... ပုံမှန်မဟုတ်တော့တာသေချာတယ်။

JulyDream said...

အဲဒါတွေကို စိတ်ပျက်လို့ ကိုယ့်အိတ်ထဲက ကိုယ်စိုက်ပြီး ကုန်းရုန်းလုပ်နေတဲ့ သူတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် အရမ်းနည်းလွန်းလှပါတယ်။ သူတို့တွေက ဒေါ်လာစားဖြစ်ချင်လို့ လုပ်နေတာ မဟုတ်မှန်း သိကြမှာပါလေ။

လောကမှာ ကိုယ့်လိပ်ပြာ ကိုယ်လုံကြရင် အကောင်းဆုံးပဲဗျာ။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...

မြတ်နိုး said...

ကိုဂျူလိုင်ပြောသလိုပဲ ကိုယ့်အိတ်ထဲကကိုယ်စိုက် အလှူရှင်တွေရဲ့ငွေ တပြားမှ အထိမခံနီုင်အောင် ထိန်းသိမ်းပီး လုပ်ခဲ့ရတဲ့အတွက် အချိန်ကုန်ငွေကုန် လူပန်းခဲ့ပေမဲ့ ကိုယ်လုပ်ခဲ့တဲ့ အမူအတွက် ကိုယ့်လိပ်ပြာကိုယ်သန့်နေခဲ့ပါတယ်။

အရေးကြီးတာ ဘာပဲလုပ်လုပ် ကိုယ့်လိပ်ပြာကိုယ် ဘယ်သူမှ ညာလို့မရပါဘူး။ မကောင်းတဲ့လူတွေကြား ကောင်းတဲ့လူတွေလည်းရှိကြပါသေးတယ်..လေ...။

ဟင်းးးး ကနဲသက်ပြင်းချပီး ပြန်သွားပါကြောင်း

ဟန်လင်းထွန်း said...

လာချောင်းသွားတယ်။ တိုင်းပြည်စုတ်ပြတ်နေတာကို ကျနော်တို့အားလုံး ၀ိုင်းဝန်းပြင်လို့ရတယ်။ လူတွေရဲ့ အတွေးအခေါ် စာရိတ္တညစ်ပတ်သွားရင်တော့ သွားပြီပဲလေ။

တားမြစ် ထားသော... said...

အင်း။
ကွန်မန့်ကိုသာ မဖွင့်မိရင် နည်းနည်းများနောက်ကျသွားမလားပဲ။ ပိုစ့်မှာ ကောင်းတဲ့အတွေး ပါနေတယ်ဆိုတာ သိသာတာပဲ။ နောက်ဆုံး ကိုဟန်လင်းထွန်းမှတ်ချက်ကို သဘောအလွန်ကျကြောင်းပါ။

သုခမိန်(E-Journal)

Andy said...

အဲလိုဖြစ်နေကြပြီလား..။