Thursday, June 4, 2009

ယတြာကောင်းတော့ တစ်ချက်ပဲ

ဗေဒင်မှန်ချက်ကတော့ ခေတ်စကားနဲ့ ပြောရရင် လန်ထွက်နေတာပါပဲ။ လေနီကြမ်းတိုက်ပြီး မြေငလျင်လည်း လှုပ်ခတ်လိုက်တာများ၊

မင်းတုန်းမင်းလက်ထက်က သူ့ရဲ့တောင်ညာစံ စကြာဒေ၀ီ မိဖုရားကြီးဟာ ဗေဒင်ဟူးရားအတတ်မှာ တစ်ဖက်ကမ်းခတ် တတ်မြောက်ပါသတဲ့။ ပုဏ္ဍားတော်တွေက မယှဉ်နိုင်အောင်ကို တတ်မြောက်တော်မူပါသတဲ့။ တခါတော့ ကောင်းကင်ဂြိုဟ်သွားဂြိုဟ်လာတွေ အနေမမှန်ဖောက်ပြန်လာပြီး မင်းကြီးနေထိုင်ရာ ရွှေနန်းတော်ကို မြေမျိုမယ်လို့ပုဏ္ဍားတော်တွေက တွက်ချက်သိမြင်ပါလေရော။ ဒါပေမယ့်.. သိတယ်မှလား။ အနိဌဟောကိန်းဆို ဘုရင်ကို ဘယ်လျှောက်တင်ဝံ့ကြပါ့မလဲ။ ယတြာအစီအရင်တွေနဲ့လည်း မကာကွယ်နိုင်ဘူးလို့ ပုဏ္ဍားတော်တွေက ဆိုလေရဲ့။ ဒါနဲ့ပဲ ပုဏ္ဍားတွေ ဂဏှာမငြိမ်ဖြစ်နေတာကို မင်းတုန်းမင်းကြီးက ရိပ်မိတာနဲ့ စကြာဒေ၀ီမိဖုရားကြီးရှိရာ အဆောင်တော်ကို ကြွပြီး ဗေဒင်အရ ဘယ်သို့ ဘယ်ပုံမြင်လဲလို့ မေးမြန်းတော့ စကြာဒေ၀ီက ကိန်းခန်းကို သိမြင်ပြီး ဖြစ်တဲ့အပြင်၊ ယတြာကိုလည်း ချေပြီးပါကြောင်း လျှောက်တင်ပါသတဲ့။

ပုဏ္ဍားတွေမြင်တဲ့ ကိန်းနဲ့ စကြာဒေ၀ီမိဖုရားကြီး မြင်တဲ့ကိန်းအရဆိုရင် ရွှေနန်းတော်ကို လေပြင်းတိုက်ပြီး မြေလည်းမျိုမှာ ဖြစ်တဲ့အတွက် နန်းတော်ကို မြေတစ်တောင် အမြင့်ဖို့ရမယ်လို့ မိဖုရားကြီးက အမိန့်ထုတ်ခဲ့ပါသတဲ့။ ဗေဒင်မှန်ချက်ကတော့ ခေတ်စကားနဲ့ ပြောရရင် လန်ထွက်နေတာပါပဲ။ လေနီကြမ်းတိုက်ပြီး မြေငလျင်လည်း လှုပ်ခတ်လိုက်တာများ၊ ဘုရင့်ရွှေနန်းတော်က ကြိုတင်အစီအမံတွေကြောင့် မထောင်းသာပေမယ့်၊ အမရပူရနဲ့အင်းဝက အဆောက်အအုံတွေ၊ စေတီပုထိုးတွေတော့ ထိခိုက်ခဲ့ပါသတဲ့။

အော်.. ရှေးရှေးမြန်မာဘုရင်တွေများ အံ့မခန်းလောကီပညာတွေ တတ်မြောက်တဲ့ ပညာရှိတွေ အနားမှာ ရှိပေမယ့်၊ နယ်ချဲ့လက်အောက် ကျရောက်မယ့် ကိန်းကိုတော့ ပညာရှိတွေပဲ မမြင်ခဲ့တာလား၊ မြင်ရဲ့သားနဲ့ ဘုရင်အမျက်ရှမှာစိုးလို့ ရူးချင်ယောင်ဆောင် တိတ်ဆိတ်နေခဲ့သလားဆိုတာ စဉ်းစားစရာပါပဲ။ ဒါနဲ့ ဟိုတစ်လောက ဟိုစေတီကြီး ဟိုသင်းဖြစ်သွားတာကလည်း ဒီလို ပညာရှိတွေ ကြိုများသိခဲ့မလားပဲ။ ပညာရှိဂျီးတွေလည်း ယတြာမနိုင်ဘဲ ဖင်ထိုင်လဲကျခဲ့ရတယ်နဲ့ တူပါရဲ့။ ဘာပဲဖြစ်ဖြစ် အဲဒီသမိုင်းဖြစ်ရပ်လေးကို ဖတ်ပြီး ကျွန်တော်ကတော့ အဲလို လေပြင်းကျ၊ မြေငလျင်လှုပ်မယ့် ကိန်းကို ကြိုသိနိုင်တဲ့ ဗေဒင်ပညာရယ်၊ အဲဒီလို အနိဌကိန်းတွေကို ကြိုတင်ချေဖျက်ပစ်နိုင်တဲ့ ယတြာပညာရယ် ဆန်းကြယ်သော လောကီပညာရပ်များကို ပိုမို စိတ်ဝင်စားမိလာတာကတော့ အမှန်ပါပဲဗျာ။

5 comments:

မဆုမွန် said...

ဘုရား အရင်ပြိုပြီးမှ နေပြည်တော်ကို မြေမျိုမယ် ဆိုတဲ့ နမိတ်ဖြစ်ပါစေ

mmtarotlenormand said...

ကောင်းတယ်ဗျာ... တွေးစရာလေး ရလာတယ်။ ဥပမာဗျာ... ဟိုဘုရားကြီး ပြိုတယ်ဆိုတာ နိမိတ်လား၊ ဖြစ်တည်လာတဲ့ အခြေအနေလား။ နိမိတ်ဆိုရင်တော့ အဲဒါကို ကောက်ရတော့မှာပဲ။ အဲ... တကယ်လို့ အခြေအနေဆိုရင်တော့ ကိုရမ်းပြောသလိုပဲ ပညာရှိတွေ ကြိုသိရက်နဲ့ ပညာစိထားတာလားဆိုတာ... ကောင်းတယ်ဗျာ... ဘယ်ဟာတွေကို နိမိတ်အဖြစ် သတ်မှတ်ရမလဲဆိုတာ တော်တော်လေး စဉ်းစားစရာပဲဗျ။

အိမ် said...

ပညာရှိသတိဖြစ်ခဲ ဆိုသလိုပေါ့ဗျာ အဟီးဟီး ဖြေတွေးလိုက်ပါဗျာ။
ဒါလဲ ရှေးမြန်မာတွေ အယူအဆပဲလေဗျာ..။

Anonymous said...

I m also want to get such kind of future teller.

MN

့ထက်မြက်သူ said...

တချို့ကိစ္စတွေမှာ ဗေဒင်တွက်စရာ မလိုပဲ တွေးကြည်ရုံနဲ့ရပါတယ်၊ အောက်မြန်မာပြည်တစ်ခုလုံးနယ်ချဲ့လက်အောက်ရောက်နေတာတောင် ပြန်ယူဖို့ မစဉ်စား ၊ အချင်းချင်းသတ်ကြ ၊ မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက်ယူနေတာ ၊ ကျွန်မဖြစ်လို့ ဘာဖြစ်ဦးမှာ လဲ ။ အခုလည်းကြည် နိုင်ငံရဲ သုံးပုံ တစ်ပုံ တရုတ်ကြီး လက်ထဲရောက်နေပြီး၊ ဒါကိုမှ ကိုယ်လူမျိုးအချင်းချင်း မရိုင်းပင်း၊ မစည်းလုံးရင် နောက်အနှစ် ၃၀ မှာ ပြည်ထောင်စု တရုတ်သမ္မတ မြန်မာနိုင်ငံ ဖြစ်ပါလိမ့်မယ် ဘုရား လို့ လျှောက်တင်လိုက်လို့တောင်ရတယ် ၊ ဘာမှ တွက်စရာ မလိုဘူး ၊ အကြောင်းကြောင့် အကျိုးဖြစ်တာပဲလေး ၊ အကြောင်းမကောင်းရင် အကျိုးမကောင်းနိုင်ဘူးပေါ့