Wednesday, June 24, 2009

ဇွန် ၂၅ မှာ...မျက်တော်ဖြေကြဖို့


အဘမင်းသိင်္ခမွေးနေ့မှာ တပည့်ဟောင်းကြီးတွေအနေနဲ့ အာဃာတတွေ၊ မကြေလည်မှုတွေ ခြေဖျက်ပြီး အဘရဲ့မွေးနေ့ပွဲ အဖြစ်သာမက မျက်တော်ဖြေပွဲအဖြစ်ပါ ပြုလုပ်ကျင်းပသွားစေလိုကြောင်း

မနှစ်က သြဂုတ်လတစ်ရက်နေ့ နေကြတ်တဲ့နေ့မှာပဲ ကွယ်လွန်အနိစ္စရောက်သွားရှာပြီ ဖြစ်တဲ့ ဆရာကြီးမင်းသိင်္ခရဲ့ အသက် ၇၁ နှစ်ပြည့် မွေးနေ့ပွဲကို သူ့ရဲ့ ငယ်မွေးခြံပေါက်တပည့်ကြီး ဆရာဇင်ယော်နီက ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကြားနေရတဲ့ သတင်းတွေအရ အယူတော်မင်္ဂလာခြံဟာ ဆရာဇင်ယော်နီနဲ့ ဘာမှ မပက်သက်တော့သလို၊ အဲဒီခြံကြီးကို အဘမင်းသိင်္ခရဲ့ သားအရင်းဖြစ်သူနဲ့ တပည့်တချို့က ဆက်လက် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဆရာဇင်ယော်နီနဲ့ အယူတော်မင်္ဂလာခြံက တပည့်တွေအကြား နားလည်မှုတစ်စုံတရာ လွဲခဲ့နိုင်သလို၊ အဘရဲ့ ငွေငါးအဆင့်တပည့်ကြီးတွေလို့ ဆိုရမယ့် ဆရာဖြိုးဟန်ကျော်၊ ဆရာသိဒ္ဒိဆန်းနဲ့ ဆရာစောရန်နိုင်တို့ဆီက အယူတော်မင်္ဂလာခြံနဲ့ ပက်သက်တဲ့ အကြောင်းအကျိုး၊ အကောင်းအဆိုး တစ်စုံတရာကိုမှ ကြားဝင်ပြောဆိုမှု တစ်စုံတရာမှ မကြားခဲ့ရပါဘူး။ အဘကွယ်လွန်ပြီးလပိုင်းအတွင်းမှာပဲ သတင်းစာဂျာနယ်ရှင်းလင်းပွဲတွေ လုပ်ရတဲ့အထိ တပည့်ရင်းတွေ၊ တပည့်ဖျားတွေ အကြား ပြဿနာကြီးထွားခဲ့တာကိုလည်း စိတ်မကောင်းဖွယ်ရာအဖြစ် ကြားသိခဲ့ရပါတယ်။

အခုနောက်ပိုင်း သိရတဲ့သတင်းတွေအရ ဆရာဇင်ယော်နီနဲ့ ဆရာဖိုးသူတော်တို့နှစ်ဦးကသာ အိန္ဒိယမှာ အဘရရှိခဲ့တဲ့ ဒေါက်တာဘွဲ့ကို ခက်ခက်ခဲခဲ သွားယူခဲ့ရပြီး၊ လတ်တလောမှာလည်း ဆရာဇင်ယော်နီဟာ အဘရဲ့ ပညာအမွေတွေကို သူ့ရဲ့ ဟောခန်းကနေ ၀ါသနာပါသူတွေအတွက် ပြန်လည်သင်ကြားပို့ချပေးနေတယ်လို့ ဆိုပါတယ်။ တစ်ဖက်ကလည်း အယူတော်အင်္ဂလာခြံမှာ ကျန်ရစ်သူတွေထဲက ဆရာတစ်ဦးက တပည့်တွေအားလုံး စုံစုံညီညီနဲ့ စည်းလုံးနေတာကိုပဲ အဘမြင်ချင်ခဲ့တာပါ။ အခုလို အကွဲအပြဲတွေ ဖြစ်နေတာသာ အဘမြင်ရရင် ဘယ်နည်းနဲ့မှ စိတ်ကောင်းမှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

ဒီတော့ မနက်ဖြန် ဇွန်လ ၂၅ ရက်နေ့၊ အဘမင်းသိင်္ခမွေးနေ့မှာ တပည့်ဟောင်းကြီးတွေအနေနဲ့ အာဃာတတွေ၊ မကြေလည်မှုတွေ ခြေဖျက်ပြီး အဘရဲ့မွေးနေ့ပွဲ အဖြစ်သာမက မျက်တော်ဖြေပွဲအဖြစ်ပါ ပြုလုပ်ကျင်းပသွားစေလိုကြောင်း ၂၀၀၂ ဇွန်လ မိုးရေစက်တွေကြားမှာ သင်တန်းဆင်း လက်မှတ်ရရှိခဲ့ပြီး မထင်မရှား အဘရဲ့ တပည့်လေးတစ်ဦးဖြစ်တဲ့ ရန်းဂန်းက မေတ္တာရပ်ခံလိုက်ချင်ပါတယ်ဗျာ။

4 comments:

JulyDream said...

အရာရာ အဆင်ပြေ ချော့မွေ့ အောင်မြင်ပါစေဗျာ...

နဒီမိုးညို said...

အားပေးလျှက်ပါ..ရှင်

Anonymous said...

ဟုတ်ပါ့ဗျာ။ ဘယ့်နှယ့် ၊ မဖြစ်သင့်တာတွေ မဖြစ်အောင်လို့ ရတယာလေးဘာလေးချေသွားကြပါအုန်း။

ယတရာ = မွေးနေ့ပွဲသွားရောက်တဲ့အခါ လူပေါင်း ၇၁ တစ်ယောက်ကို လက်ဆွဲနူတ်ဆက်ပြီး Calm Downလို့ ၈ခါ (၇+၁=၈) ပြောပါ။ :) :)

ဟန်လင်း

Younggun said...

ဟုတ်တယ် ကိုဟန်လင်းရေ။ ပြောလည်းခံရမှာပါပဲ။ ဗေဒင်ဆရာတွေက သူများလင်မယားကွဲတာ၊ ရည်းစားပြတ်တာကျတော့ ယတြာချေခိုင်းကြ၊ ဓာတ်ရိုက်လိုက်ကြနဲ့ ကိုယ့်အဖွဲ့ကွဲတာကျတော့ ဘာယတြာမှ မနိုင်တာပဲလား။ မချေဘဲ ရူးချင်ယောင်ဆောင်နေကြတာလားတော့ မသိပါဘူးဗျာ။ သေချာတာကတော့ ဗေဒင်ဆရာလည်း ပုထုဇဉ်မို့ ဒီလိုအဖုအထစ်တွေနဲ့ ကင်းမှာ မဟုတ်တာ သတိထားသင့်တဲ့ အချက်ပါပဲ။