Thursday, July 2, 2009

အဖမ်းခံရတဲ့ ဗေဒင်ဆရာ


သီရိလင်္ကာနိုင်ငံမှာ သမ္မတကို ပြုတ်ကျမယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ နာမည်ကျော်ဗေဒင်ဆရာတစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စန္ဒြသီရိဘန်ဒရာလို့ အမည်ရတဲ့ အဲဒီဗေဒင်ဆရာက လက်ရှိအစိုးရဟာ စီးပွားရေးနဲ့ နိုင်ငံရေး ပြဿနာတွေကြောင့် လာမယ့် စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ အခက်ကြုံရမယ်လို့လည်း ဟောကြားခဲ့ပါတယ်။

ဆရာ စန္ဒြသီရိဘန်ဒရာက စက်တင်ဘာ တစ်ရက်နေ့မှာ လက်ရှိဝန်ကြီးချုပ်ဟာ သမ္မတရာထူးကို ရယူမှာဖြစ်ပြီး အတိုက်အခံခေါင်းဆောင်ကတော့ ဝန်ကြီးချုပ်ရာထူး ဖြစ်လာမယ်လို့ ဟောပြောခဲ့ပါတယ်။

ဒီနှစ်ထဲမှာ တမီလ်ကျားသူပုန်တွေ အမြစ်ပြတ်ချေမှုန်းခံရမယ်လို့ မှန်ကန်တိကျစွာ ဟောကိန်းထုတ်နိုင်ခဲ့တဲ့ ဆရာဘန်ဒရာဟာ အခုအခါမှာတော့ CID တွေရဲ့ စစ်ဆေးမေးမြန်းမှုခံနေရတယ်လို့ ဆိုပါတယ်။ ဆရာဘန်ဒရာဟာ လူကြိုက်များတဲ့ တီဗွီအစီအစဉ်တစ်ခုမှာ အပတ်စဉ်ဟောကိန်းတွေ တင်ဆက်နေသူဖြစ်ပြီး အတိုက်အခံတွေရဲ့ သတင်းစာမှာဆောင်းပါးတွေ ရေးသားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

တကယ်တော့ သီရိလင်္ကာ သမ္မတကိုယ်တိုင်က သူဟာ ဗေဒင်ပညာကို ယုံကြည်သူတစ်ဦးဖြစ်ကြောင်း၊ အခုနှစ်အစောပိုင်းမှာ နိုင်ငံခြားသတင်းထောက်တွေကို ပြောကြားခဲ့ပြီး ဘယ်အချိန်မှာ ခရီးထွက်ရမယ်၊ ဘယ်အချိန်မှာ မိန့်ခွန်းပြောရမယ်ဆိုတာကို သူ့ရဲ့ အတိုင်ပင်ခံဗေဒင်ဆရာတွေနဲ့ ဆွေးနွေးမေးမြန်းလေ့ရှိသူလည်း ဖြစ်ပါတယ်။

AP, BBC က ဇွန်လ ၂၆ ရက်နေ့တုန်းက ဖော်ပြခဲ့တဲ့ ဒီသတင်းကို ဖတ်ရှုမိရင်း ဟိုတစ်လောတုန်းက မြန်မာပြည်အလည်လာသွားတဲ့ သီရိလင်္ကာသမ္မတကြီးကိုတောင် သတိရမိပါသေးတယ်။ ဆရာဘန်ဒရာခမျာလည်း အခုဆို သူ့ကိုယ်သူ ပြန်တွက်ချက်ချိန်တောင် မရလိုက်ဘဲ ရဲကဆွဲစိလို့ အချုပ်ခန်းထဲမှာ မျက်ကလဲဆန်ပြာဖြစ်နေပြီ ထင်ပါတယ်။ ဒီလိုပဲ ခေတ်အဆက်ဆက်၊ တိုင်းပြည်အသီးသီးမှာ ကိုယ်မြင်ရာကို အမှန်တိုင်းထုတ်ပြောမိလို့၊ အမှောင်ထဲဆွဲသွင်းခံရတဲ့ ဗေဒင်ပညာရှင်တွေ ဘယ်လောက်များရှိခဲ့ပြီလဲ။ .. ရှိနေဦးမလဲ။

ဆရာကြီးမင်းသိင်္ခရဲ့ ဝထ္ထုတစ်ပုဒ်မှာတော့ ဧကံသဂိုဏ်းခေါင်းဆောင် ဆရာခဆိုသူက တပည့်တွေကို နဂါးကို ဇာတာမဖတ်နဲ့ လို့ မှာကြားခဲ့ပြီး ဇာတာဖတ်မိတဲ့ တပည့်တစ်ယောက်ကို အသေသတ်၊ လက်ညိုးကိုဖြတ်ယူပြီး ဘုရားမှာ မီးပူဇော်ခဲ့တယ်လို့ ဖတ်ခဲ့ဖူးပါတယ်။ နဂါးဆိုတာ လူမျိုးခြားစနေနံဖြစ်တဲ့ အင်္ဂလိပ်အစိုးရကို ဆိုလိုပါတယ်။ အခုလက်ရှိမှာတော့ ခြင်္သေ့ကို ဇာတာဖတ်နေတဲ့ ဆရာကြီးတွေအတွက် တွေးတွေးပြီးရယ်မော..အဲလေ..ရင်မောမိပါကြောင်း...။

4 comments:

kokomaung.uk said...

မမှားသော ရှေ့ နေ၊ မသေသော ဆေးဆရာ အပြင်
အဖမ်းခံထိသော ဗေဒင်ဆရာပါ ထပ်ထည့်ရမလိုဖြစ်နေပြီ။

မဆုမွန် said...

မှန်ကန်ရင် ကွဲတတ်တယ်ဆိုတာ အဲ့တာ သက်သေပြတာပဲ။။။

မြစ်ကျိုးအင်း said...

အမှန်ပြောတိုင်းလည်း မကောင်းဘူးလေ အတိုက်အခံဘက်ကဆိုတော့
ဒီလိုပဲဆက်ဆံမှာပဲ...သူတို့ကို ကောင်းတာများပြောကြည့်ပါလား ဖူးဖူးတောင်
မှုတ်ထားအုံးမယ်...လူ့သဘာဝကို ဗေဒင်ဆရာလည်း ကျော်လွှားဘို့ ခက်တယ်ထင်ပါရဲ့...
...ခင်မင်သောအားဖြင့်....

JulyDream said...

ခြင်္သေ့ကို ဇာတာမဖတ်ပဲ ဘုရားရှေ့မှာ ငုတ်တုပ်ပြန်ထိုင်ခိုင်းရမယ်။ နောက်ဆို ဘုရားရှေ့က ခြင်္သေ့တွေတောင် ဆေးအစိမ်းရောင် ပြောင်းသုတ်သွားမလားပဲဗျာ။