Sunday, July 12, 2009

လုပ်လိုက်စမ်း တစ်လွဲတွေ...

သူတို့ ပေးထားတဲ့ နာရီ၊ မိနစ်၊ အချိန်ခါ၊ နေ့ရက်တွေမှာ ခွဲမွေးလိုက်တာန့ပဲ ဒီကလေးဟာ ဒိတ်ဒိတ်ကြဲ၊ ဆရာ့ဆရာကြီး၊ သူဌေးကြီး ပညာတတ်ကြီး ဖြစ်လာရမယ်ဆိုတာ သဘာဝယုတ္တိကျမကျ၊ ဗုဒ္ဒတရားတော်နဲ့ ညီမညီ တွေးသာကြည့်ကြပါတော့။

ဇူလိုင် ၆ ရက်နေ့မှာတော့ မြန်မာ့နက္ခတ်ဗေဒင် လောကသာမက ကမ္ဘာ့နက္ခတ်ဗေဒင်လောကမှာပါ မျက်လုံးပြူးသွားနိုင်တဲ့ ပေါက်တတ်ကရ ဆော့ဝဲလ်ကြီးကို မြန်မာနိုင်ငံဝေဒသုတေသနကနေ ခွဲထွက်လာတဲ့ နဒီနက္ခတ်ဗေဒင်အဖွဲ့၊ တနည်းအခေါ် မြန်မာနိုင်ငံနက္ခတ်ဗေဒင်အဖွဲ့ ကနေ ဖော်ထုတ်လိုက်ပါပြီတဲ့။ ဘာတဲ့။ ကလေးခွဲမွေးဖို့အတွက် အကောင်းဆုံးအချိန်ခါတွေကို မြန်မာနိုင်ငံအတွင်း ဒေသအလိုက်၊ စံတော်ချိန်များနဲ့ တခါတည်း တွက်ချက်အပြီး အသင့်သုံး ဆော့ဝဲလ်ကို ဒီဝက်ဘ်ဆိုဒ်မှာ ရရှိပြီ ဖြစ်ကြောင်း http://www.bornchildmyanmar.bravehost.com/ တဲ့။

နက္ခတ်ဗေဒင်အဖွဲ့က မျိုးဆက်သစ် လူငယ်ပညာရှင်နှစ်ဦးက ဖန်တီးလိုက်တဲ့ ကမ္ဘာ့ပထမဆုံး မွေးချိန်ရွေးချယ်နိုင်တဲ့ ဆော့ဝဲလ်လို့ ဆိုပါတယ်။ မြန်မာမှာ မပြောပါနဲ့။ ကမ္ဘာမှာတောင် ဒီလိုမျိုး မွေးလာမယ့် ကလေးကို ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ကွန်ပြူတာ ပညာရှင်ကြီး၊ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး စတဲ့ ဘာကြီး ညာကြီး ဖြစ်လာစေမယ့် နက္ခတ်အချိန်ခါကောင်း၊ ဂြိုဟ်စီးဂြိုဟ်နင်းကောင်းတွေကို ဆော့ဝဲလ်နဲ့ တွက်ထုတ်နိုင်တယ်ဆိုတာ သမိုင်းတစ်လျှောက် မရှိခဲ့ဖူးပါဘူး။

အဲဒီအဖွဲ့က ဆရာနှစ်ဦးကတော့ အဲဒီဆော့ဝဲလ်နဲ့ တွက်ချက်ပြီး အဲလို ကံကောင်းမယ့် အချိန်အခါ၊ မွေးချိန် မင်္ဂလာအခါကောင်းကို အဖြေ ထုတ်တွက်စစ် နိုင်တယ်လို့ ဆိုပါတယ်။ တွက်လို့ရတဲ့ နာရီမိနစ်မှာ မွေးလာမယ်ဆိုရင် အဲဒီကလေးဟာ ဘာကြီးညာကြီး ၊ အကောင်ကြီးကြီး အမြီးရှည်ရှည် ဖြစ်လာမယ်လို့ ဆိုထားပါတယ်။ ဒီနေရာမှာ ကျွန်တော် မောင်ရန်းဂန်းက ဘာမှ မဟုတ်သေးတဲ့ ပါမွှားလေးသာ ဖြစ်တဲ့အတွက် ၀င်မပြောလိုပါဘူး။ စာဖတ်သူများ၊ မိတ်ဆွေ ဘလော့ဂါများ နည်းနည်းလောက်လေး စဉ်းစားကြည့်ပါဦးဗျာ။ သူတို့ ပေးထားတဲ့ နာရီ၊ မိနစ်၊ အချိန်ခါ၊ နေ့ရက်တွေမှာ ခွဲမွေးလိုက်တာန့ပဲ ဒီကလေးဟာ ဒိတ်ဒိတ်ကြဲ၊ ဆရာ့ဆရာကြီး၊ သူဌေးကြီး ပညာတတ်ကြီး ဖြစ်လာရမယ်ဆိုတာ သဘာဝယုတ္တိကျမကျ၊ ဗုဒ္ဒတရားတော်နဲ့ ညီမညီ တွေးသာကြည့်ကြပါတော့။

ကဲ.. ဒီနေရာမှာ နက္ခတ်ဗေဒင်အဖွဲ့က အရမ်းကာရော လုပ်ချလိုက်တဲ့ ဒီဆော့ဝဲလ်အပေါ် ဝေဖန်ထားတဲ့ ကမ္ဘာကျော် ဟောကိန်းတွေကို BBC ကနေ တင်ဆက်ပေးနေတဲ့ မြန်မာလူမျိုး နက္ခတ်ပညာရှင် ဆရာဘဲလားလေဘာတီရဲ့ အမြင်ကို First News Journal ကနေ ကောက်နုတ်ပြီး ဖော်ပြချင်ပါတယ်။

အရှေ့တိုင်းနက္ခတ်ဗေဒင်လောကမှာ ဂုရုကြီးတစ်ပါးဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား ဒေါက်တာ ဗွီပီရာမန်က သူ့ရဲ့ Notable Horoscope ( ကမ္ဘာကျော်ဇာတာ ၁၀၀ ) ဆိုတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ ဇာတာကျမ်းကို ပြုစုအပြီးမှာ သူ့ရဲ့ မိတ်ဆွေတွေက သူတို့ရဲ့ သားသမီးတွေကို မွေးဖွားလာတဲ့အခါ ကမ္ဘာကျော်တွေ မွေးဖွားခဲ့တဲ့ အတိုင်း အဲဒီလို အချိန်ခါကောင်းတွေ ရွေးပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီအခါမှာ ဒေါက်တာ ဗွီပီရာမန်က ကျွန်တော် လူတစ်ယောက်ကို သတ်တဲ့ လူသတ်သမားတော့ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် လူတွေ၊ ဘ၀တွေ အများကြီးကို သတ်တဲ့ လူတော့ မဖြစ်ပါရစေနဲ့ လို့ ပြုံးပြုံးလေး ပြန်ဖြေခဲ့ပါတယ်။

ကွန်ပြူတာတွေ ပေါ်ပြီးနောက်ပိုင်း အရှေ့တိုင်းအနောက်တိုင်းမှာ ပရိုဂရမ်ကျွမ်းကျင်တဲ့ နက္ခတ်ပညာရှင်တွေ အများကြီးရှိနေပေမယ့် ဒါမျိုး ကလေးခွဲမွေးမယ့် အချိန်ခါကောင်းဆိုပြီး ဘယ်သူမှ မလုပ်ခဲ့ပါဘူး။ ဒေါက်တာ ဗွီပီရာမန်ပြောသလို လူတွေအများကြီးသတ်တဲ့ လူသတ်သမား မဖြစ်ချင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါ့ကြောင့် သန္ဒေသားလောင်းလေးကို မွေးခါနီးကျမှ ထပြီး ခွဲချိန်တွက်ချက်ပေးလိုက်ရုံနဲ့ အဲဒီကလေးဟာ တစ်သက်လုံး ကံကောင်းထူးချွန်မယ့် ပုဂ္ဂိုလ်ဖြစ်လာ မလား။ နက္ခတ်ဗေဒင်ပညာဆိုတာ ဘုရားဟောတရားတော်ရဲ့ ဘောင်အတွင်းမှာသာ ရှိနေတာဖြစ်ပြီး ဘုရားဟောကို ဆန့်ကျင်လို့ ချမ်းသာအောင်၊ မင်းဖြစ်အောင် အကြောင်းတရား ပါမလာတဲ့အရာတွေကို အကျိုးတရားဖြစ်လာအောင် ဖန်တီးပေးနိုင်တယ်ဆိုတာ လုံးဝ မဟုတ်ရပါဘူး။

လက်ရှိ ကမ္ဘာမှာ ထင်ရှားကျော်ကြားနေတဲ့ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ၊ သူဌေးကြီးတွေ၊ ပညာရှင်တွေဟာ အဲဒီလို ဆော့ဝဲလ်နဲ့ အချိန်ခါကောင်း ရွေးတွက်ပြီး ခွဲမွေးလို့ ဖြစ်လာတဲ့သူ တစ်ယောက်မှ မပါပါဘူး။ လူသားတွေ အတွက် ဘ၀တစ်ခုလုံး ချမ်းသာအောင် ဖန်တီးပေးနိုင်တဲ့အရာကို ပဲကြီးလှော်ထုတ်သလို ကွန်ပြူတာကနေ ထုတ်ပေးနေလို့ မရပါဘူး။ အကယ်၍ မလွဲမရှောင်သာဘဲ ကလေးခွဲမွေးဖို့ အချိန်ခါကောင်း လာရွေးခဲ့ရင်တောင် ချမ်းသာရမယ်၊ ကျော်ကြားရမယ် ၊ သူဌေးဖြစ်ရမယ်လို့ အာမခံချက် မပေးနိုင်ပါဘူး။ အကောင်းဘက်ကို အားများအောင် ကြိုးစားထားတယ်လို့ပဲ ပြောနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ကလေးခွဲမွေးမယ့် အခါဇာတာနဲ့ မိခင်ဖခင်တွေရဲ့ ဇာတာတွေတိုက်ဆိုင် စစ်ဆေးရမှာ ဖြစ်သလို၊ နက္ခတ်ဗေဒင်ပညာကိုလည်း အဆင့်မြင့်မြင့် နားလည်တတ်ကျွမ်းထားမှ သာ ဖြစ်ပါမယ်။ ရှင်းရှင်းပြောရရင် မွေးချိန်ဖွဲ့ယူထားတဲ့ ဇာတာဆိုတာ ကြိုတင်ဟောပြောဖို့အတွက်သာ ဖြစ်ပြီး ဖန်တီးယူရန် မဟုတ်ဘူးဆိုတာ သဘောပေါက်ထားဖို့ပဲ ဖြစ်ပါတယ်

ဒါကတော့ နက္ခတ်ဗေဒင်အတွေးခေါ်ပညာရှင် ဆရာဘဲလားလေဘာတီရဲ့ နက္ခတ်ဗေဒင်အဖွဲ့က ထုတ်တဲ့ ဆော့ဝဲလ်အပေါ် ဝေဖန်ချက် အမြင်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သာမန်ဝါသနာရှင် လူငယ်လေးတစ်ဦးသာ ဖြစ်တဲ့အတွက် ဆရာဘဲလားလေဘာတီလို ထောက်ပြဝေဖန်ဆန်းစစ်မှု အားနည်းပါတယ်။ ဒါပေမယ့် အဲဒီဝေဒအဖွဲ့ကို ပြောချင်တာက အခုလို ကလေးခွဲမွေးမယ့်အချိန်ခါကောင်းတွေ မလုပ်ပါနဲ့ဦး။ အခု လတ်တလော ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က သူတို့ဇာတာတွေ ဖတ်ပြီး အခုလို သန်းကြွယ်ကုဋေကြွယ် သူဌေးကြီးတွေ ဖြစ်လာမယ်လို့ ဟောနိုင်ခဲ့ပါ့မလား၊ အခု အမေရိကန် သမ္မတ အိုဘားမားကို လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်လောက်က သူ့ဇာတာဖတ်ပြီး တချိန်မှာ သမ္မတဖြစ်မယ်လို့ ဟောနိုင်ခဲ့ပါ့မလား။ မြေကြီးကို လက်နဲ့ ပုတ်ပြီး ရန်းဂန်း ပြောလိုက်ပါ့မယ်။ အဲသလို ဟောနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်လို့။

တစ်ခုထပ်ပြောပါ့မယ်။ နာဂစ်မုန်တိုင်းတိုက်အပြီးမှာ ဝေဒအဖွဲ့က ဆရာဦးမြင့်လွင်ဆိုသူက မုန်တိုင်းလာမယ် ၀င်တိုက်မယ်ဆိုတာကို ဇာတာမဖတ်နိုင် ကြိုမဟောနိုင်ခဲ့တဲ့အတွက် သူစိတ်မကောင်းပါဘူး။ နောက်တစ်ကြိမ် ဒီလိုမဖြစ်အောင် ကြိုးစားသွားမယ်လို့ အေပီသတင်းတစ်ပုဒ်မှာ ပြောကြားခဲ့ပါတယ် အဲဒီလိုပဲ ဝေဒသုတေသနအဖွဲ့ကနေ ခွဲခွါလာရတဲ့ နက္ခတ်ဗေဒင်အဖွဲ့ကရော ကမ္ဘာရော မြန်မာအတွက်ပါ အံ့အားသင့်သွားစေနိုင်တဲ့ တိကျမှန်ကန်တဲ့ဟောကိန်းတွေ ဘယ်မှာ ထုတ်ပြနိုင်ခဲ့လို့လဲ။ မနှစ်က သြဂုတ်လနေကြတ်တုန်းကတောင် အခု နက္ခတ်ဗေဒင်အဖွဲ့က သင်တန်းကျောင်းအုပ်ကြီး ဦးထွန်းလင်းက နေကြတ်ခြင်းဟာ မြန်မာပြည်အတွက် ဘာမှအဆိုးမရှိတဲ့အပြင် ကားလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းတွေ၊ ရေလုပ်ငန်းတွေတောင် ကောင်းလာစေမယ်လို့ ဟောချလိုက်တာ ဖတ်ဖူးပါတယ်။ သိပ်မလွဲလှပါဘူး။ ကမ္ဘာ့စီးပွားရေးအကျပ်တည်းကြီး ထဖြစ်ရော မြန်မာပြည်က သူကောင်းစားမယ်ဟောခဲ့တဲ့ ရေလုပ်ငန်းအပါအဝင် လုပ်ငန်းအတော်များများ ဖင်ထိုင်ကျသွားခဲ့တာ လွဲချက်ကယ်နာပေါ့။ အဲဒီလို အနာဂတ်တောင် မှန်အောင် အခုထိ မတွက်နိုင်သေးတဲ့ နက္ခတ်ဗေဒင်အဖွဲ့ဟာ လောကထဲတောင် မရောက်သေးတဲ့ ကလေးတွေကို ကြီးလာရင် ဘာကြီးဖြစ်ရမယ် ညာကြီးဖြစ်လာစေရမယ်ဆိုတဲ့ မင်္ဂလာအခါတွေ ရွေးတဲ့ ဆော့ဝဲလ်နဲ့ ၀က်ဆိုဒ်ကို တည်ထောင်ဖန်တီးလိုက်တာဟာ.. ရယ်စရာကောင်းမနေဘူးလားဗျာ။

12 comments:

Anonymous said...

ဟားဟားးးလို့ပဲ ရီလိုက်တယ်..။
အဲဒီကိစ္စ အမလဲ ငြင်းခဲ့ဖူးသေးတယ်..
ကလေးတယောက်မွေးဖွားလာတဲ့ ကံကြမ္မာကို သာ ဖန်တီးလို့ရမယ်ဆိုရင် ကလေးတွေအာားလုံး ကြီးလာခဲ့ရင် ဆင်းရဲသား ဆိုတာမရှိ ပညာမတတ်သူဆိုတာ မရှိဘူး အားလုံးသူဌေးတွေ အတတ်ပညာရှင်တွေကြီးပဲ ဖြစ်မှာလို့..။

အဲဒါကြောင့် အမ ဆရာနဲ့ ဆွေးနွေးဖြစ်ခဲ့တုန်းကတောင် ဘယ်လိုပဲ တွက်ချက်တွက်ချက်ခဲ့ ကလေးရဲ့ ကံကြမ္မာက မလိုက်နိုင်ရင် တကယ်ပဲ အဲဒီအချိန်မှာ အကြောင်အမျိုးမျိုးကြောင့် မမွေးနိုင်ပါဘူးတဲ့။

လူတွေ ..ဘာလို့များ ဖန်တီးလို့ ရနိုင်မယ်ဆိုတာ ယုံကြည်နေလဲ စဉ်းစားမရပါဘူးး။ ဆရာပြောသလိုပဲ ဘယ်ကမ္ဘာကျော်မှ နက္ခတ်နဲ့ တွက်ပီး မွေးထုတ်ခဲ့တာမဟုတ်ပါဘူး..။

အမ

နဒီမိုးညို said...

အရမ်း..မှန်ပါတယ်..အစ်ကိုရေ
ခုခေတ်မြန်မာပြည်မှာ..ခွဲစိတ်မွေးဖွားတာ..အရမ်းခေတ်စားနေပါတယ်
ရှေုးကုသိုလ်..ခုဘဝပြုတဲ့ကုသိုလ်..ကြောင့်..ဘယ်လောက်ပဲ
အချိန်ကောင်းရွေးပြီးမွေးဖွားပါစေ..စရိုက်ကောင်းမှ..
ဘဝကောင်းမယ်လို့ ..မှတ်သားခဲ့ဖူးပါတယ်..
အဲဒီစကားကတော့..ရန်ကုန်မှာနေတဲ့..ဆရာ.
မင်္ဂလာရွှေရီဝင်းပြောသွားတဲ့စကားပါပဲ..ရှင်
ဆက်လက်ရေးသားပါအုံး..အားပေးနေပါတယ်

ဗီလိန် said...

http://www.villain-lay.com/2008/10/blog-post_4767.html
ရေးခဲ့ဖူးတာလေး သတိရသွားပါတယ်။

JulyDream said...

ရင်သွေးဘ၀ စိုပြေဖို့ ဗေဒင်တွက်ပြီး ခွဲမွေးကြစို့... လို့ အော်နေမယ့် မိခင်လောင်းတွေ ဆေးရုံဆေးခန်းမှာ ပြုံနေမလားပဲဗျာ။ အဟား...

ရွှေပြည်သူ said...

ဟုတ်တယ် အစ်ကိုရေ... အဲဒီလို ကိစ္စတွေ ကြားဖူစကတည်းက သဘောမတွေ့လှဘူး။ အဲဒီလိုကြီး လုပ်လို့ရတယ်လားပေါ့။ အမှန်က လူတစ်ယောက်ရဲ့ ဘဝမှာ အောင်မြင်ဖို့က ကံ၊ ဥာဏ်၊ ဝိရိယ သုံးမျိုးစုံမှပဲ ဖြစ်နိုင်မှာပါ...

မလေးမေ said...

ကိုရန်းဂန်း ရေ .. အဲ့လို တွက်ချက် မွေးခဲ့တဲ့ မိသားစုတခုကိုတွေ့ ခဲ့ဘူးပါတယ် ။ ကလေးက ဗိုက်ထဲက ထွက်တာ နောက်ကျရာက စပြီး ကျမ်းမာရေး ချူချာလိုက်တာ ခွဲရ စိတ်ရ .. ငွေတွေလည်း ကုန် နဲ့ ကလေးခမျာ အိပ်ယာပေါ်မှာ ပက်လက်အသက် ၈နှစ် ၉ နှစ်လောက်မှာ သနားစဖွယ်ဆုံးသွားပါတယ်. :(

lovebird said...

ဟုတ်ပါတယ်။ လူတစ်ယောက်ရဲ့ ကံကိုသာ သတ်မှတ်နိုင်ရင် အားလုံးက ပြည့်စုံတဲ့လူတွေ ဖြစ်လာမှာပါ။ လူဆိုတဲ့ အမိုးကလည်း ကောင်းတာပဲ ဖြစ်ချင်တာကို... :)

Heartmuseum said...

ဆရာဂန်း ကတော့ ပစ်တယ်ဟေ့.....
:D :P
မှန်တာပြော၍ ထိရမည် ပေါ့လေ......
ဆက်ပစ်.... ဆရာ.... ဆက်ပစ်......
ခပ်တည်တည်နဲ့ ထောက်ခံ၍ နောက်ဖေးပေါက်မှ လစ်သွားသည်။

Andy said...

ဟုတ်တယ်ဗျ ဂျာနယ်ထဲမှာအဲ့ဒါကြီးဖတ်လိုက်ရသေးတယ် ... အဲဒီလို ခွဲမွေးကိတ်စနကြီးက လူထုကြားထဲပြန့်နှံ့နေတာ ကျွန်တော်ခပ်ငယ်ငယ်လောက်ကတည်းကပဲ။ သူတိုပြောသလိုသာလုပ်လို့ရလို့ကတော့ အခုချက်ခြင်းအမေ့ဗိုက်ထဲပြန်ဝင်ပြီး ခွဲမွေးခိုင်းမယ်။

Oak said...

`ကံကိုယုံ၍ ဆူးပုံမနင်းရာ´ တဲ့။ အဲဒါကိုပဲ ဖြည့်ပြောချင်တယ်။

chit said...

ဟိုင်း....
ဆရာေ၇.....
မင်္ဂလာပါ...နဲ့စရအောင်...
ကျွန်တော်က ချစ်ကိုကိုပါ..
ဒီဝဒ်ဆိုဒ်ကို...သူငယ်ချင်းပြောလို့ ဒီနေ့မှ စကြည့်ဘူးတာပါ...
ဘာမှတော့နားမလည်ပေမယ့် ကျွန်တော်ကတော့
ဆရာ့အမြင်အပေါ် ထောက်ခံနေမိတယ်
ဘုရားဟောကို ဆန့်ကျင်နေတဲ့ အသွင်လို့ဘဲ
ရိုးရိုးလေးပြောချင်တယ်......
ဒီလိုသာမှန်နေမယ်ဆိုရင်
ကျွန်တော်တို့မွေးဖွားလာမယ့် အနာဂါတ်ရဲ့
သား/သမီးလေးတွေကို ပညာတွေသင်ပေးနေစရာမလိုတော့ဘူးပေါ့..
အချိန်တန်ရင်သူဌေးဖြစ်လာကြမှာဘဲလေ.နော်
ဆရာရဲ့သုံးသပ်ချက်လေးတွေကိုဆက်ပြီးအားပေးဖတ်ရူနေပါ့မယ်.....




လေးစားလျှက်
ချစ်ကိုကို
allyatha.1@gmail.com

K said...

အဲဒီလိုလုပ်လိုက်ရင်ဗေဒင်ဆရာတွေဝါးတီးပျောက်သွားလမ့်မယ်။
ha ha ha